ဒစ်ဂျစ်တယ်ခေတ်မှာ ဖန်သားပြင်ပေါ်ကဘ၀ကို သင့်တင့်မျှတအောင် ဘယ်လိုလုပ်မလဲ

Posted in လူမှုဘဝ


အခုလို ဒစ်ဂျစ်တယ်လ်ခေတ်မှာ အရင်ခေတ်တွေက စိတ်တောင်မကူးဖူးတဲ့ ပမာဏအထိ တစ်ဦးနဲ့တစ်ဦးကြား အဆင်ပြေလွယ်ကူစွာ ဆက်သွယ်လာနိုင်ကြသလို၊ ဒီကိစ္စကြောင့် လူတွေရဲ့ အထွေထွေကျန်းမာရေးကိုလည်း ထိခိုက်စေလာတာမျိုးတွေ ရှိပါတယ်။ ဖုန်းနဲ့ ကွန်ပြူတာ ဖန်သားပြင်တွေက နေရာတကာ နေရာယူလာတာနဲ့အမျှ စခရင်ကြည့်ရှုချိန်တွေလည်း တမဟုတ်ချင်း မြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့် ဒီဂျစ်တယ်လ်ခေတ်မှာ ကျန်းမာတဲ့လူနေမှု ဘဝတစ်ခုလိုချင်တယ်ဆိုရင်တော့ ဘယ်လိုမျှမျှတတနေထိုင်ရမလဲဆိုတာ သိဖို့လိုပါတယ်နော်။ ဒါကြောင့် အခုလို ဒစ်ဂျစ်တယ်လူနေမှုဘ၀မှာ ဟန်ချက်မျှတပြီး၊ နည်းပညာရဲ့ အကျိုးတွေကို ပိုမိုစားသုံးနိုင်ပြီး အဆိုးတွေကို ရှောင်ရှားနိုင်ဖို့အတွက် လက်တွေ့ကျတဲ့ နည်းလမ်းလေးတွေကို ကြည့်လိုက်ရအောင်နော်။ 

နည်းပညာရဲ့ သက်ရောက်မှုများကို နားလည်ပါ

ဟန်ချက်ညီမျှတဲ့ ဒစ်ဂျစ်တယ်လ်ဘဝကို ရရှိနိုင်ဖို့ ဖန်သားပြင်နဲ့ ထိတွေ့ချိန် ဘယ်လောက်ပမာဏက ကျန်းမာရေးကို ဘယ်လိုအန္တရာယ်ဖြစ်စေလဲဆိုတာ သိဖို့ ပထမဆုံး အရေးကြီးပါတယ်။ သုတေသအများအပြားမှာတော့ မိုဘိုင်းစခရင်တွေကို ကြာမြင့်စွာသုံးစွဲခြင်းရဲ့ ဆိုးကျိုးတွေကို အဓိကထားဖော်ပြထားတာတွေ့ရပြီး၊ အထိုင်များတဲ့နေထိုင်မှုပုံစံ၊ အိပ်ချိန်မမှန်ခြင်းနဲ့ မျက်လုံးညောင်းညာခြင်းစတဲ့ အခြေအနေတွေ ပါဝင်ပါတယ်။ ဒီလို ဆိုးကျိုးသက်ရောက်မှုတွေကို သတိပြုမိမှသာ မိမိတို့ရဲ့ နေထိုင်မှုပုံစံနဲ့ပတ်သက်လို့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မှာဖြစ်ပြီး ကျန်းမာရေးအန္တရာယ်တွေကိုလည်း ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။  

အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးပါ

ပိုကောင်းမွန်တဲ့ ဒစ်ဂျစ်တယ်လူနေမှုဘဝကို လိုချင်ရင်တော့ လိုင်းသုံးတဲ့အချိန်နဲ့ ဖန်သားပြင်နဲ့ ထိတွေ့ချိန်တွေကို မိမိဘာသာ ကန့်သတ်ထားဖို့က အရေးကြီးပါတယ်။ မိမိနေအိမ်ရဲ့ နေရာအချို့ကို “နည်းပညာကင်းမဲ့ဇုန်” (သို့) "ဖုန်းမသုံးရနယ်မြေ" အဖြစ်သတ်မှတ်ထားနိုင်ပါတယ်။ ဒါမှမဟုတ်လည်း အချိန်အပိုင်းခြားတစ်ခုအတွင်း ဖုန်းနဲ့ အီလက်ထရောနစ်ပစ္စည်းတွေ မသုံးဖို့ သတ်မှတ်ထားခြင်းဖြင့် ပိုမိုမျှတတဲ့ လူနေမှုဘဝကို ရရှိနိုင်ပါတယ်။ Apple ရဲ့ Screen Time ဒါမှမဟုတ် Android ဖုန်းတွေရဲ့ Digital Well Being လို အက်ပ်ပလီကေးရှင်းတွေ သုံးပြီးတော့လည်း ကိုယ့်စခရင်ကြည့်ရှုချိန်ကို တိုင်းတာပြီး ဖုန်းသုံးတဲ့ အလေ့အကျင့်တွေကို ကိုယ်တိုင်ပြောင်းလဲယူနိုင်ပါတယ်။ 

နည်းပညာမသုံးတဲ့အချိန်တွေရဲ့ တန်ဖိုး

ဆိတ်ငြိမ်တဲ့ အချိန်လေးတွေ၊ စခရင်ကိုမကြည့်တဲ့အချိန်လေးတွေကို နေ့စဉ်အချိန်ဇယားထဲမှာ ပါဝင်အောင် ထည့်သွင်းဖို့ကလည်း သဟဇာတဖြစ်တဲ့ ဒစ်ဂျစ်တယ်လ်ဘဝကို ရရှိဖို့အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုအချိန်တွေမှာ ဘယ်စခရင်ကိုမှ မကြည့်ပဲ ထမင်းစားတာ၊ အပြင်ခဏ လမ်းလျှောက်ထွက်တာ၊ တရားထိုင်တာတွေ လုပ်ပြီး မရပ်မနား ဆူညံသံတွေပေးနေတဲ့ နည်းပညာဆီကနေ ခဏလောက်ဖြစ်ဖြစ် အနားယူလိုက်ပါနော်။ ဒီလိုအမူအကျင့်လေးတွေက ဒစ်ဂျစ်တယ်လ်နဲ့ အပြင်လောကကြားထဲမှာ ပိုပြီးသင့်တင့်မျှတအောင် နေနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ 

နည်းပညာနဲ့ အိပ်စက်နားနေမှု

စခရင်ကြည့်ရှုချိန်တွေက အိပ်စက်နားနေမှုအပေါ် ဆိုးဆိုးရွားရွား ထိခိုက်နေတာကလည်း စိုးရိမ်ပူပန်ရမယ့် အခြေအနေတစ်ခု ဖြစ်ပါတယ်။ စခရင်ရဲ့အပြာရောင်အလင်းတွေက မယ်လတိုနင်းလို့ခေါ်တဲ့ အိပ်စက်ခြင်းကို လှုံ့ဆော်ပေးတဲ့ဟော်မုန်းကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ အိပ်စက်နားနေချိန်တွေ မှန်ကန်ပြည့်၀မှသာ အထွေထွေကျန်းမာရေးလည်း ကောင်းမွန်မှာဖြစ်တဲ့အတွက် အိပ်ယာမဝင်ခင် နာရီ၀က်ခန့်ကို စခရင်မသုံးတဲ့အချိန်အဖြစ် သတ်မှတ်ပြီး တင်းကြပ်မှုတွေကို ဖြေလျှော့ချသင့်ပါတယ်နော်။ 

ဒီတော့ ဒီဂျစ်တယ်ခေတ်မှာ သင့်တင့်မျှတတဲ့ နေထိုင်မှုပုံစံကို ရရှိဖို့အတွက် ရှောင်လွှဲမရေတော့တဲ့ ဒစ်ဂျစ်တယ်နည်းပညာကို သတိရှိရှိနဲ့ မျှမျှတတ အသုံးချနိင်ဖို့ ပိုမိုအရေးကြီးပါတယ်။ ကျန်းမာမျှတတဲ့ဘဝကို ရရှိဖို့ စခရင်အသုံးပြုခြင်းရဲ့ သက်ရောက်မှုတွေကို အသေအချာ နားလည်သိရှိပြီး မိမိကိုယ်တိုင် ကန့်သတ်ချက်တွေ လုပ်ဆောင်လိုက်ပါနော်။ ဒါမှသာ ပိုမိုကောင်းမွန်တဲ့ဆက်ဆံရေးတွေကို တည်ဆောက်ရင်း နည်းပညာမသုံးတဲ့ အချိန်လေးတွေကိုလည်း လက်သင့်ခံနိုင်တာနဲ့အတူ အိပ်စက်နားနေချိန်လေးတွေရဲ့ အရေးပါမှုကိုပါ ပိုမိုနားလည်လာမှာဖြစ်ပါတယ်။ ဒီလိုမျှတအောင်နေထိုင်ခြင်းဖြင့် စိတ်ဖိစီးမှုတွေ ထပ်တိုးလာစေမယ့်အစား နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို ထိထိရောက်ရောက် ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်နော်။ 


Share

Comments

Related Posts