နှိုင်းယှဉ်ခံရခြင်းနှင့် ယနေ့ခေတ်လူမှုရေး ဖိအားများကို ကိုင်တွယ်ဖြေရှင်းခြင်း

Posted in ကျန်းမာရေး, စိတ်ကျန်းမာရေး


စိန်ခေါ်မှုတွေ များပြားတဲ့ နေ့စဉ်ဘဝမှာ မိမိကို အခြားသူတစ်ဦးနဲ့ နှိုင်းယှဉ်ခံရခြင်းဆိုတဲ့ အရာကို တစ်ကြိမ်မဟုတ်တစ်ကြိမ် ကြုံတွေ့ရနိုင်ပါတယ်။ ဒီလို အတွေ့အကြုံတွေဟာ မွေးဖွားကတည်းက သေဆုံးချိန်အထိ နေရာတိုင်းလိုလိုမှာ ရှိနေပြီး မိမိရဲ့အတွေးအမြင်တွေနဲ့ ရွေးချယ်မှုတွေကို သက်ရောက်မှုတွေ ရှိလာစေနိုင်တာပေါ့။ ငယ်စဉ်ကတည်းက ကြားဖူးနေကြ “ဟိုကလေးဆို ဒီလိုမဟုတ်ဘူး” အစရှိတဲ့ ဒီနှိုင်းယှဉ်မှုဆိုတဲ့ အရာဟာ ဒီနိုင်ငံမှာ အတော်ကို ကျယ်ပြန့်နေခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို ယဉ်ကျေးမှုထွန်းကားတဲ့ နိုင်ငံတစ်ခုမှာ နှိုင်းယှဉ်တန်ဖိုးဖြတ်မှုတွေရဲ့ လူတစ်ဦးချင်းစီအပေါ် သက်ရောက်မှုကိုလည်း နက်နက်နဲနဲလေ့လာသင့်တဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ ယခင်ဓလေ့ထုံးတမ်းတွေရဲ့ တန်ဖိုးတွေနဲ့ မော်ဒန်ခေတ်ရဲ့ ရည်မှန်းချက်တွေ အတူတည်ရှိနေပုံနဲ့ နေ့စဉ်ပဋိပက္ခတွေကြားမှာ နှိုင်းယှဉ်ခြင်းဟာ ဘယ်လိုဆက်နွယ်နေသလဲဆိုတာကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ 

ပတ်ဝန်းကျင်၏ မျှော်လင့်သတ်မှတ်ချက်များ

လူတစ်ယောက်အနေနဲ့ ဘယ်လိုနေထိုင်သင့်တယ်ဆိုတဲ့ မျှော်လင့်သတ်မှတ်ချက်တွေကို ပတ်ဝန်းကျင်က ပုံဖော်တဲ့အခါ လူတစ်ယောက်အနေနဲ့ နှိုင်းယှဉ်ခံရခြင်းသံသရာထဲ ကျရောက်ရပါတော့တယ်။ လူမှုပတ်ဝန်းကျင်ရဲ့ တရားသေစံနှုန်းတွေဟာ လူတစ်ယောက်ချင်းစီရဲ့ ဘ၀မျက်နှာစာအတော်များများကို ဆိုးဆိုးရွားရွား သက်ရောက်စေပါတယ်။ လူမှုဆက်ဆံရေး၊ ရုပ်ရည်သွင်ပြင်၊ လူမှုအဆင့်အတန်း စတဲ့ နယ်ပယ်မျိုးစုံမှာ လူ့အဖွဲ့အစည်းရဲ့ မျှော်လင့်သတ်မှတ်ချက်တွေဟာ လူတစ်ယောက်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး ဆိုးရွားတဲ့ထိခိုက်မှုတွေကိုလည်း ဖြစ်ပေါ်စေတတ်လို့ သတိပြု ကိုင်တွယ်ဖြေရှင်းသင့်ပါတယ်။ 

ပညာရေးမျက်နှာစာ

ရမှတ်နဲ့ အဆင့်ကိုပဲ အဓိကထားတဲ့ ပညာရေးစနစ်ဟာလည်း ငယ်စဉ်ဘ၀ကတည်းက အချင်းချင်း အလွန်အကျွံယှဉ်ပြိုင်ခြင်း စိတ်ဓာတ်ကို အားပေးအားမြှောက်ပြုသလို ဖြစ်နေနိုင်ပါတယ်။ ကျောင်းသားအချင်းချင်းကြားရော မိဘတွေကြားမှာပါ ဖြစ်ပေါ်နေတဲ့ ယှဉ်ပြိုင်မှုကြောင့်၊ ပညာတတ်မြောက်ဖို့ ကြိုးစားရခြင်းနဲ့တစ်ပြိုင်နက် မလိုလားအပ်တဲ့ လူမှုရေးဖိအားတွေကိုပါ ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ အရည်အချင်းနဲ့ တန်ဖိုးကို အချိန်ပြည့် အကဲဖြတ်အမှတ်ပေးနေတဲ့ စနစ်ကို ပြန်လည်သုံးသပ်ဆင်ခြင်ပြီး၊ ပိုမိုတိုးတက်ဖွံ့ဖြိုးစေဖို့အတွက် ပွင့်လင်းပြီးအပြုသဘောဆောင်တဲ့ သဘောထားမျိုးကို ပြုစုပျိုးထောင်ပေးသင့်ပါတယ်။ 

အလုပ်အကိုင်နှင့် အောင်မြင်မှု 

အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ ကျင်လည်တဲ့အခါမှာလည်း နှိုင်းယှဉ်ခံရခြင်း အရိပ်မည်းအောက်က မလွတ်မြောက်ဖို့ မလွယ်ကူသေးပါဘူး။ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ အောင်မြင်မှုမှတ်တိုင်တွေကို ပတ်ဝန်းကျင်က စေ့စေ့စပ်စပ် စောင့်ကြည့်လာကြတဲ့အခါ အောင်မြင်မှုနဲ့ပတ်သက်ပြီး လူတစ်ဦးချင်းစီဟာ ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေကို ပြည့်မီဖို့ စိုးရိမ်တကြီး ကြိုးစားအားထုတ်ရသလို ဖြစ်လာခဲ့ပါတယ်။ အကျိုးဆက်အားဖြင့် မိမိတို့ရဲ့ တစ်ကိုယ်ရည် စိတ်ဝင်စားမှုတွေ၊ ဝါသနာတွေကို ဦးစားပေး ရှာဖွေချဉ်းကပ်ရမယ့်အစား ကျော်ကြားမှု၊ ငွေကြေး၊ ရာထူး၊ ဩဇာအာဏာ စတဲ့ အများလက်ခံမျှော်လင့်ထားတဲ့ အောင်မြင်မှုပုံစံတွေနောက်ပဲ ကောက်ကောက်ပါအောင် လိုက်ပါကြရသလို ဖြစ်ပြီး စိန်ခေါ်မှုများကို ရင်ဆိုင်ရနိုင်တာပေါ့။

ယဉ်ကျေးမှု အမှတ်အသား 

ရိုးရာဓလေ့တွေနဲ့ ခေတ်မီတိုးတက်မှုတို့ကို ယှဉ်ထိုးလိုက်တဲ့အခါ မိမိတို့ရဲ့ ယဉ်ကျေးမှုအမှတ်အသားနဲ့ပတ်သက်ပြီး မေးခွန်းတွေ ထွက်ပေါ်လာပါတော့တယ်။ ခိုင်မာအားကောင်းတဲ့ ယှဉ်ကျေးမှုအမွေကို ထိန်းသိမ်းခြင်းနဲ့ ပြောင်းလဲတိုးတက်လာတဲ့ နိုင်ငံတကာစံနှုန်းတွေကို လိုက်နာကျင့်သုံးခြင်းတို့အကြား ဟန်ချက်ညီအောင် ထိန်းညှိရခြင်းနဲ့အတူ ယဉ်ကျေးမှုရှုထောင့်က ကြည့်ရှုပြီး အထူးသဖြင့် လူငယ်တွေအဖို့ မိမိကို အခြားသူတစ်ဦးနဲ့ နှိုင်းယှဉ်ဝေဖန်ခံရတဲ့ အဖြစ်တွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ရိုးရာနဲ့ နိုင်ငံတကာ စံနှုန်းတွေကြား မျှခြေတစ်ခုကို မိမိကိုယ်ပိုင်အတွေးအခေါ်နဲ့ ရှာဖွေကျင့်သုံးနိုင်ဖို့ အရေးကြီးပါတယ်နော်။ 

 

ကျား၊ မ ကွဲပြားမှုကဏ္ဍ

ကျား၊ မ လိင်ကွဲပြားမှုကတော့ နှိုင်းယှဉ်တဲ့ယဉ်ကျေးမှုရဲ့ အကျိုးဆက်ကို ကြီးကြီးမားမား ခံစားရတဲ့ နောက်ထပ်နယ်ပယ်တစ်ခုပဲ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ပုံသေကားကျ မျှော်လင့်ချက်နဲ့ စံနှုန်းတွေဟာ အစွန်းရောက်လေလေ လူတစ်ဦးချင်းစီအပေါ်နဲ့ အထူးသဖြင့် သမားရိုးကျလိင်ကွဲပြားမှုစံနှုန်းတွေက ကျော်လွန်နေတဲ့ လူတွေအပေါ် ကြည့်ရှုတဲ့ အမြင်တွေဟာ မမျှတလေ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ ရှုမြင်ပုံနဲ့ သဘောထားတွေကို အစဉ်အလာစံနှုန်းတွေအပေါ်မှာချည်းသက်သက် အခြေမခံဘဲ၊ နိုင်ငံတကာက ပွင့်လင်းလတ်ဆတ်တဲ့ အတွေးအမြင်သစ်တွေကိုလည်း လက်ခံကြိုဆိုဖို့ ပြင်ဆင်ထားသင့်ပါတယ်။  

ဒါကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ နှိုင်းယှဉ်ခြင်းဆိုင်ရာ ပြဿနာဟာ မျက်နှာစာများစွာ ပါဝင်ပတ်သက်နေတာကို တွေ့မြင်နိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့ တစ်ဦးချင်းစီကိုလည်း စိတ်ဒဏ်ရာနဲ့ အခြားမလိုလားအပ်တဲ့ အကျိုးဆက်တွေ သက်ရောက်မှုရှိစေနိုင်ပါတယ်။ ဒါကြောင့် မိမိကိုယ်တိုင်ရော၊ ပတ်ဝန်းကျင်အတွက်ပါ ပိုမိုပွင့်လင်းမျှတတဲ့ နေရာမျိုးဖန်တီးဖို့အတွက် အတွေးအမြင်သစ်တွေ၊ စံနှုန်းအသစ်တွေကို အမြင်ကျယ်ကျယ်နဲ့ လက်ကမ်းကြိုဆိုနိုင်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ 


Share

Comments

Related Posts