Halloween အငွေ့အသက်ရစေမယ့် DIY ပစ္စည်းလေးများ

Posted in အိမ်မှုရေးရာ, ကိုယ်တိုင်လုပ်အနုပညာ

ကဲ….အောက်တိုဘာလထဲ ဝင်နေပြီဆိုတော့ မကြာခင်မှာ ဟောလိုးဝင်းပွဲတော် ရောက်ရှိ‌တော့မယ်နော်။

အနောက်နိုင်ငံတွေမှာ နှစ်တိုင်း ထူးခြားတဲ့အပြင်အဆင်တွေနဲ့ တခမ်းတနားကျင်းပဆင်နွှဲကြတဲ့ ဒီပွဲတော်က သူတော်စင်တွေ၊ နိုင်ငံ့အာဇာနည်တွေ အပါအဝင် သေသူများကို အောက်မေ့သတိရတဲ့အနေနဲ့ ကျင်းပတာမို့ ထူးခြားဆန်းသစ်စွာ ဆင်နွှဲပုံ အမျိုးမျိုးရှိပြီး အထူးသဖြင့် လူငယ်တွေ နှစ်သက်စွာ ပါဝင်ကြတဲ့ ဟောလိုးဝင်းပွဲ ပါပဲ။ အရှေ့တောင်အာရှနိုင်ငံတွေမှာတော့ တခမ်းတနားနဲ့ ထင်ထင်ရှားရှား မဆင်နွှဲဖြစ်ကြတဲ့ ပွဲတော်ဖြစ်ပေမယ့် ကိုယ့်အိမ်နဲ့ ပတ်ဝန်းကျင်မှာ မိသားစု၊ သူငယ်ချင်း၊ ချစ်ရသူတွေနဲ့အတူ ဒီဟောလိုးဝင်းပွဲတော်ကို တပျော်တပါးဆင်နွှဲနိုင်ပါသေးတယ်။ ဒါကြောင့် ဒီတစ်ခေါက် ဆောင်းပါးလေးမှာ အိမ်မှာ လွယ်လွယ်ကူကူ၊ ရိုးရိုးရှင်းရှင်းနဲ့ ဟောလိုးဝင်းအ‌ငွေ့အသက်လေးရစေမယ့် DIY အိမ်အလှဆင် အရုပ်လေးတွေ အတူတူပြုလုပ်နိုင်ဖို့ မျှဝေလိုက်မယ်နော်။

ရွှေဖရုံသီး စက္ကူမီးပုံး

ဟောလိုးဝင်းပွဲတော်တွေမှာ မပါမဖြစ် ဖြစ်တဲ့ ရွှေဖရုံသီးအစစ်နဲ့ အပြင်အဆင်တွေ ရဖို့က အခုချိန်ခါမှာ မလွယ်ကူလှပါဘူး။ ပုံဖော်ဖို့ အရွယ်အစားကြီးပြီး ပုံလှတဲ့ ရွှေဖရုံသီး ရဖို့ကလည်း မလွယ်တဲ့အတွက် ဒီလိုစက္ကူမီးပုံးလေး ပြုလုပ်တာက ပေါ့ပေါ့ပါးပါးဖြစ်ပြီး အလွယ်ကူဆုံးနဲ့ အထူးခြားဆုံးဖြစ်နေမှာပါ။ ပုံထဲကအတိုင်း A4 ဆိုဒ်ရှိတဲ့ စက္ကူတစ်ရွက်ပေါ်မှာ သရဲမျက်နှာ ပုံသဏ္ဌာန် ရေးဆွဲပြီး မျက်လုံး၊ နှာခေါင်း၊ ပါးစပ် အပေါက်လေးတွေ ဖြစ်သွားအောင် ညှပ်ပေးလိုက်ပါ။ ပြီးရင် စက္ကူကို အဝိုင်းကြီးကြီး လိပ်လိုက်ကာ Double Tape သို့ ကော်နဲ့ ကပ်ပေးလိုက်မယ်ဆို မီးပုံးလေး ရပါပြီ။ ဒီကမှ မီးကြိုးလေးတွေ သွယ်ကာ စက္ကူအတွင်းထဲ မီးလုံးလေး ထည့်နိုင်မယ်ဆို စိတ်လှုပ်ရှားစရာ ရွှေဖရုံသီးပုံစံ စက္ကူမီးပုံးလေး ရပြီပေါ့။

သရဲအိမ် ဖန်ခွက်

အိမ်မှာ ရှိတဲ့ ပုလင်းအလွတ်လေးတွေကို ဒီနေရာမှာ အသုံးချလို့ရပြီနော်… ဟောလိုးဝင်းရက်လေးမှာ အိမ်ရဲ့ စားပွဲခုံပေါ်တွေ၊ ပစ္စည်းတင်စင်တွေမှာ ဒီလိုအလှဖန်ခွက်လေးတွေ တင်ထားမယ်ဆို အိမ်အလှဆင်တဲ့နေရာမှာ ‌ကောင်းကောင်းအထောက်အပံ့ဖြစ်နေမှာပါ။ ခွက်ထဲမှာ အရောင်စုံ၊ ပုံသဏ္ဌာန် စုံတဲ့ ပစ္စည်းလေးတွေ ထည့်ဖို့အတွက် သရဲအိမ်ပုံ ပါတဲ့စက္ကူ ညှပ်တာဖြစ်ဖြစ်၊ ကိုယ်တိုင်ဆွဲတာ ဖြစ်ဖြစ် ပုလင်းအရွယ်အစားနဲ့ ကိုက်ညီအောင် ညှပ်ထည့်ပေးလိုက်ပါ။ ပိုမြိုင်သွားအောင် ပုလင်းထဲကို ပင့်ကူရုပ် သေးသေးလေးတွေနဲ့ တခြား ဟောလိုးဝင်းနဲ့ ဆက်စပ်တဲ့ အရုပ်လေးတွေ လိုက်ဖက်သလို ထည့်ပေးနိုင်ပါတယ်။ ထူးခြားလွယ်ကူတဲ့ သရဲအိမ် ဖန်ခွက်လေးအတွက် နောက်ဆုံးမှ အလှဆင်ထားတဲ့ ဖန်ခွက်လေးထဲ LED မီးလုံးလေး ထည့်ကာ အဖုံးပိတ်လိုက်ရုံပါပဲနော်။

အဖြူရောင် အစများ

ဟောလိုးဝင်းနေ့မှာ ခြောက်ခြားစရာကောင်းတဲ့ အိမ်အပြင်အဆင်လေးရဖို့ နောက်ထပ်လွယ်ကူတဲ့ ကုန်ကြမ်းကတော့ အဖြူရောင် ပိတ်စတွေပါပဲ။ မသုံးဖြစ်တော့တဲ့၊ ဟောင်းနွမ်းနေတဲ့ အဖြူရောင်ပိတ်စတွေ ရှိမယ်ဆို သရဲပုံစံ ရှည်မျောမျောပုံဖြစ်အောင် ညှပ်ပြီး အခန်းတံခါးပေါက်နား လေတလွင့်လွင့်နဲ့ ဖြစ်နေအောင် ချိတ်ဆွဲထားမယ်ဆို လွယ်လွယ်ကူကူနဲ့ ခြောက်ခြားစရာအ‌‌ငွေ့အသက် ရစေတာပေါ့။ နောက်ပြီး ပုံထဲကလို Casper ပုံစံ မျက်နှာပုံဆွဲကာ ပိတ်စဖြူဖြူလေးတွေလည်း ချိတ်ဆွဲလို့ ရပါသေးတယ်။ ဒီလိုအဖြူရောင်အပြင်အဆင်တွေကို အိမ်ရဲ့ တံခါးတွေ၊ ပြတင်းပေါက်တွေမှာ လေတစ်လွင့်လွင့်နဲ့ ချိတ်ဆွဲထားမယ်ဆို ဟောလိုးဝင်းအ‌ငွေ့အသက် အပြည့် ဖြစ်နေမှာ။

ရောင်စုံစက္ကူခွက်

ဒီ DIY ခွက်လေးတွေကတော့ ပြုလုပ်ရလည်း လွယ်ကူပြီး စိတ်ကြိုက်ပုံလေးတွေ ဆွဲပြီး ပြုလုပ်နိုင်တာမို့ ကလေးတွေအတွက် ပျော်စရာကစားနည်းတစ်ခု ဖြစ်စေမှာပါ။ အလွယ်တကူ ရနိုင်တဲ့ ကော်ဖီစက္ကူခွက်လေးတွေပေါ်မှာ အရောင်စုံ၊ ပုံသဏ္ဌာန် စုံတဲ့ မျက်နှာပုံလေးတွေ ဆွဲရုံပဲဆိုတော့ ဒီ့ထက်လွယ်ကူတဲ့ ဟောလိုးဝင်းအပြင်အဆင် မရှိနိုင်တော့ဘူးနော်။ ပုံထဲကလို ခွက်လေးတွေအလှဆင်ပြီး သကြားလုံးလေးတွေ၊ ချိုချဥ်လေးတွေ ထည့်ပြီး Candy Cup အနေနဲ့လည်း အသုံးချလို့ရတာမို့ အလှဆင်ဖို့အတွက် ဖြစ်ဖြစ်၊ စားစရာထည့်ဖို့ဖြစ်ဖြစ် အသုံးဝင်စေတဲ့ ဟောလိုးဝင်းအပြင်အဆင်တွေထဲက တစ်ခု ဖြစ်စေမှာ ဖြစ်ပါတယ်။

ရိုးရိုးရှင်းရှင်းနဲ့ အကုန်အကျသိပ်မများစေတဲ့အပြင် ကိုယ့်အနီးအနားမှာပဲ ရနိုင်တဲ့ပစ္စည်းလေးတွေနဲ့  ဟောလိုးဝင်းအပြင်အဆင် လုပ်တော့မယ်ဆို ဒီ DIYပစ္စည်းလေးတွေက ဖန်တီးဖို့ လွယ်ကူစေမှာ အမှန်ပါပဲ။ အိမ်အလှအဆင်ဖို့အပြင် ကလေးတွေအတွက် ပျော်စရာသရေစာလေးတွေ လုပ်စားမယ်ဆို ပျော်စရာကောင်းပြီး အမှတ်တရတွေ ပြည့်နေစေမယ့် Happy Halloween ဖြစ်စေဖို့ မျှော်လင့်ပါတယ်နော်။  


Share

Comments

Related Posts