အသက်အရွယ်ရလာတဲ့ တိလေးကို ဘယ်လိုဂရုစိုက်ပေးကြမလဲ

Posted in အိမ်မွေးတိရစ္ဆာန်, တိကျန်းမာရေး


ကိုယ့်မျက်စိရှေ့က အကောင်ပေါက်လေးကနေ တဖြည်းဖြည်းကြီးပြင်းလာကြပြီး သူတို့လေးတွေကို ခေါ်ယူမွေးခဲ့တာက စဥ်းစားကြည့်ရင် မနေ့တစ်နေ့ကလိုပဲပေါ့။ လူသားတွေလိုပဲ တိလေးတွေဟာလည်း အသက်အရွယ်ရလာလို့ ကျန်းမာရေးအားနည်းလာတာတွေ၊ ချို့ယွင်းလာတာတွေရှိလာတာမို့ သူတို့လေးတွေ ပြုစုစောင့်ရှောက်ပေးတဲ့နေရာမှာ အရေးကြီးပြန်ပါတယ်။ တိလေးတွေက အများအားဖြင့် အသက် ၁၁နှစ်ရှိပြီဆို သက်ကြီးပိုင်းထဲရောက်ပြီလို့ သတ်မှတ်လို့ရပြီး ခန္ဓာကိုယ် အရွယ်အစားသေးတဲ့ တိလေးတွေက အရွယ်ကြီးတဲ့ တိလေးတွေထက် သက်တမ်းပိုရှည်တာ တွေ့ရပေမယ့် တိအမျိုးအစားအလိုက် ကွဲပြားခြားနားနိုင်ပါသေးတယ်။ ဒီလို အချစ်တော်တိလေးတွေ သက်တမ်းရှည်ရှည်နဲ့ ဘဝကို တူတူဖြတ်သန်းနိုင်ဖို့အပြင် သူတို့လေးတွေအတွက် သက်တောင့်သက်တာရှိပြီး လုံခြုံစိတ်ချရတဲ့ ရိပ်မြုံလေးဖြစ်စေဖို့ ကာကွယ်စောင့်ရှောက်နည်း အသွယ်သွယ်ကို ဒီဆောင်းပါးလေးမှာ ဖော်ပြလိုက်ပါရစေ။ 

ပိုမိုမျှတတဲ့ အစားအစာ

တိလေးတွေ အသက်ရလာတာနဲ့ စားသောက်မှုပုံစံပြောင်းလာတတ်ပြီး အရင်ကထက်စာရင် သူတို့လေးတွေ အသက်အရွယ်နဲ့လိုက်ပြီး အာဟာရပိုပေးမယ့် အစားအစာတွေ ကျွေးဖို့လိုအပ်လာပါတယ်။ ပြည့်စုံမှန်ကန်တဲ့ စားသောက်မှုပုံစံရှိစေဖို့ ဂရုပြုပေးရပြီး အသက်အရွယ်ကြီးလာတာနဲ့အမျှ လှုပ်ရှားမှုနည်းလာတာမို့ ကယ်လိုရီနဲ့ အဆီဓာတ်လျော့နည်းတဲ့ Senior Pet Foods တွေကို လျော့ကျွေးသင့်ပါတယ်။ တချို့ တိလေးတွေမှာဆို အစားအသောက်ပေါ်မူတည်ပြီး အသက်ကြီးလာတာနဲ့ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ အဝလွန်ရောဂါတွေ ဖြစ်နိုင်ခြေများတာမို့ အစာကို သတိထားကျွေးသင့်ပြီး သူတို့လေးတွေအတွက် အထူးထုတ်လုပ်ထားတဲ့ အစာမျိုးတွေကို ကျွေးပေးနိုင်ပါတယ်။ ကိုယ့်တိလေးက ငယ်ရွယ်စဥ်ကတည်းက ကျန်းမာရေးပြဿနာတစ်ခုခု သို့ ဓာတ်မတည့်တာ တစ်ခုခုရှိတယ်ဆို  တိရစ္ဆာန်ကုဆရာဝန်နဲ့ တိုင်ပင်ပြီး အာဟာရမျှတစွာ ကျွေးနိုင်ဖို့ တိုင်ပင်ဆွေးနွေးထားသင့်ပါတယ်။ 

ကိုယ်လက်လေ့ကျင့်ခန်း 

တိလေးတွေက အသက်အရွယ်ရလာတာနဲ့ လှုပ်ရှားကစားချိန်နည်းလာပြီး ငြိမ်သွားတတ်တာက ရှောင်လွှဲလို့မရတဲ့ သဘာဝပါပဲ။ လူတွေလိုပဲ အသက်ကြီးလာတာနဲ့အမျှ အကြောတွေတောင့်တင်းတာ၊ အရိုးအဆစ်ရောင်ပြီး လှုပ်ရှားရခက်ခဲတာတွေ ဖြစ်လာနိုင်တာပါ။ ဒါကြောင့် အမြဲငြိမ်နေတာလည်း ရေရှည်မှာ သူတို့လေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်လာနိုင်တာမို့ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ လေ့ကျင့်ခန်းတွေကို  လေ့ကျင့်ကစားပေးသင့်တာပါ။ သူတို့လုပ်နိုင်လောက်တဲ့နှုန်းနဲ့ပဲ အနာတရမဖြစ်အောင် ဖြည်းဖြည်းစီ နည်းနည်းစီ တူတူလေ့ကျင့်ပေးရင်း အသားကျအောင် လုပ်‌ဆောင်ပေးလိုက်ပါ။ ကိုယ်လက်လှုပ်ရှားတာကလည်း တိလေးတို့ စိတ်ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက အကျိုးပြုတာမို့ ပုံမှန်လုပ်ဆောင်နိုင်ဖို့ တိဖေဖေ၊ မေမေတို့က အမြဲတမ်း အလေ့အကျင့်လုပ်ပေးနေရင် အကောင်းဆုံးပါပဲ။

အမြဲစောင့်ကြည့်ဂရုစိုက်ပေးမှု   

တိလေးတွေဟာ ငယ်ရွယ်စဥ်ကလို သူတို့ခန္ဓာကိုယ်နဲ့ အမွှေးတွေကို သဘာဝအတိုင်း မထိန်းသိမ်း၊ ဂရုမစိုက်နိုင်တော့ပါဘူး။ ဒါကြောင့် အသက်ကြီးလာတဲ့တိလေးတွေမှာ အမွှေးတွေကျွတ်လာတာ၊ အရောင်အဆင်းမလှတော့တာ၊ အရေပြားတွေ ခြောက်လာတာ သတိထားမိကြမှာပါ။ ဒီလိုမဖြစ်ရအောင် သူတို့ကို အမြဲတမ်းစောင့်ကြည့်ပေးနေသင့်ပြီး အိမ်တွင်းမှာပဲ အမွှေးတွေ ဖီးလိမ်းသန့်စင်ပေးတာ၊ ရေချိုးပေးတာတို့ကို ပုံမှန်လေးဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။ လိုအပ်သလို Pet Spa ခေါ် သွားပြီး အမွှေးညှပ်ပေးတာ၊ လက်သည်းညှပ်ပေးတာ စတာတွေကို စိတ်ပြေလက်ပျောက်ဖြစ်အောင် ပုံမှန်လေး ဆက်လုပ်ပေးပြီး ကျန်းမာရေးအတွက်လည်း သူတို့အပြင်ပန်းပုံ နဲ့ အမူအကျင့်တွေကနေ တစ်ခုခုမူမမှန်တာနဲ့ နီးစပ်ရာ တိရစ္ဆာန် ကုဆရာဝန်နဲ့ တိုင်ပင်ပြသပေးဖို့ လိုပါတယ်။

လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်

အသက်ရလာတဲ့ တိလေးတွေဟာလည်း အမြင်နဲ့ အကြားအာရုံ ချွတ်ယွင်းလာတာနဲ့အတူ အရိုးအဆစ်တွေ အားနည်းလာတဲ့အတွက် လှေကားအတက်အဆင်းတွေ မလုပ်နိုင်တော့ဘဲ သွားရလာရခက်ခဲလာတတ်ပါတယ်။ ဒါကြောင့်မို့ သူတို့လေးတွေရဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို အခက်အခဲမရှိဘဲ လွယ်ကူချောမွေ့နေစေဖို့ ပတ်ဝန်းကျင်ကောင်းနဲ့ ပြုစုစောင့်ရှောက်ပေးနိုင်ဖို့ အရေးကြီးပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေဖြစ်တဲ့ အိပ်ယာ၊ အစာခွက်နဲ့ ကစားစရာ စတာတွေကို လွယ်ကူပြီး သက်တောင့်သက်သာဖြစ်တဲ့ နေရာမှာရှိနေအောင် ပြင်ဆင်ပေးသင့်ပါတယ်။ တိတွေက အသက်ရလာတာနဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ အားနည်းလာတာမို့ အိမ်မှာ သူတို့လေးတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ပတ်ဝန်းကျင်မဖြစ်အောင်နဲ့ နွေးထွေးလုံခြုံတဲ့ ခံစားချက်ရစေဖို့ ဂရုပြုပေးသင့်ပါတယ်။

အသက်အရွယ်ရလာတဲ့ တိလေးတွေကို ပြုစုစောင့်ရှောက်ရတာက တိပိုင်ရှင်တို့အတွက် တစ်နေ့နေ့မှာ တွေ့ကြုံရမယ့်ကိစ္စတစ်ခုပါပဲ။ သူတို့လေးတွေ တိပိုင်ရှင်တွေအပေါ်  ငယ်ရွယ်စဥ်ကတည်းက ရှိခဲ့တဲ့ သစ္စာရှိမှုတွေ၊ ချစ်ခင်မှုတွေ၊ အမူအရာလေးတွေနဲ့ ပျော်ရွှင်အောင်ပြုလုပ်ပေးတာတွေကို သတိတရရှိရင်း သူတို့လေးတွေ အသက်ရလာချိန်မှာလည်း ကိုယ်နဲ့အတူ အချိန်အကြာကြီး ပျော်ရွှင်ကျန်းမာနေစေဖို့ အပေါ်ကအချက်လေးတွေနဲ့ ဂရုပြုပေးလိုက်ရအောင်ပါ။


Share

Comments

Related Posts