တစ်နေ့တာအတွက် ချန်ထားလို့မရတဲ့ ရောင်စုံသီးရွက်လေးများ

Posted in အစားအစာ


ကျန်းမာပြည့်စုံတဲ့ ဘဝနေထိုင်မှုရဖို့ဆိုတာ လူတိုင်းအတွက် အဖြစ်ချင်ဆုံးအိပ်မက်လေးပေါ့။ ဒီ့အတွက် ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာအပြင် ကိုယ်ခန္ဓာအတွက် အာဟာရရှိပြီး မျှတတဲ့ အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေက မပါမဖြစ်ပါပဲ။ 

တစ်နေ့တာ စားသောက်ဖြစ်နေတဲ့ အစားအစာတွေထဲမှာ အစုံအလင်တော့ စားနေပါရဲ့၊ အသားချည်းပဲ စားဖြစ်နေတာ၊ လုံလောက်မှန်ကန်တဲ့ ဟင်းသီးဟင်းရွက်တွေ မစားမိဘူးဆို ထူးမခြားနား ဖြစ်နေတတ်ပါတယ်။ အစေ့အဆန်တွေ၊ အသီးအနှံတွေနဲ့ ဟင်းရွက်တွေကို တစ်နေ့တာအစားအသောက်တွေထဲ မပါမဖြစ်စားသောက်ပေးမှပဲ လိုချင်တဲ့ ကျန်းမာလှပပြည့်စုံတဲ့ ဘဝနေထိုင်မှုရနိုင်မှာပါ။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ တစ်ရက်စာ ချက်ပြုတ်စားသောက်ဖို့ အာဟာရပြည့်ဝပြီး မျှတလုံလောက်တဲ့ အစားအစာထဲက ဘယ်လိုဟင်းသီးဟင်းရွက်တွေ လိုအပ်မလဲဆိုတာနဲ့ သူတို့ရဲ့ အကျိုးကျေးဇူးတွေကို အရောင်လေးတွေနဲ့ အောက်မှာ ဖော်ပြလိုက်ပါတယ်။

ရဲရဲနီလေးများ

အာဟာရဓာတ်တွေမျိုးစုံ ပေါပေါများများပါတဲ့ နီတောက်တောက် အသီးအရွက်တွေက ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ သတိမေ့ရောဂါဖြစ်နိုင်ခြေတွေကို လျော့ချနိုင်ပါတယ်။ အသီးအနှံတွေထဲမှာ ပန်းသီး၊ ဖရဲသီး၊ စတော်ဘယ်ရီသီး၊ ချယ်ရီသီး၊ သလဲသီး၊ နိုဂိုဥ (Beet Root) တို့ ပါဝင်ပြီး ဟင်းသီးဟင်းရွက်တွေထဲမှာ ခရမ်းချဥ်သီး၊ ငရုတ်ပွနီ၊ ငရုတ်သီးတို့က တစ်ရက်မှာ တစ်မျိုးလောက်တော့ စားသုံးသင့်တဲ့အရာတွေပါပဲ။ ဒီလိုနီနီရဲရဲ သီးနှံဟင်းရွက်တွေက သွေးတိုးတတ်သူတွေအတွက်လည်း သွေးဖိအားလျော့ကျစေပြီး ကျန်းမာရေးအတွက် ပြည့်စုံလုံလောက်တဲ့ ဗီတာမင်တွေနဲ့ အမျှင်ဓာတ်တွေ ပါဝင်နေပါတယ်။ Weight ထိန်းနေသူတွေအတွက်ပါ ကယ်လိုရီလျော့ကျစေတဲ့အတွက် ပုံမှန်စားမယ်ဆို အကျိုးကျေးဇူးများစေတဲ့ အနီရောင်ခြယ် အသီးအနှံတွေပါပဲ။

အရောင်မခြယ် အဖြူထည်

ဖြူဖြူစင်စင် အသီးအရွက်လေးကတော့ ‌ရောဂါပိုးမွှားတွေများလာတဲ့ ခေတ်ကြီးမှာ ကိုယ်ခံအားအတွက် အထောက်အကူပြုနေတာလေးတွေပါ။ အရိုးကျန်းမာရေးနဲ့ သွေးတွင်းဂလူးကို့စ် Levelကို ထိန်းညှိပေးပြီး ပိုတက်ဆီယမ်နဲ့ ဆီလီနီယမ်ဓာတ်တွေပါတဲ့ အဖြူရောင်အသီးအရွက်တွေကတေ့ ပန်းဂေါ် ဖီထုပ်၊ မုန်လာဥဖြူ၊ အပ်မှို၊ သခွားသီး၊ ကန်စွန်းဥ တို့အပြင် ဟင်းချက်တဲ့နေရာမှာ အများစု ထည့်သုံးကြတဲ့ ကြက်သွန်ဖြူကလည်း အပါအဝင်ပါပဲ။ တခြားအရောင်တွေပါတဲ့ ဟင်းသီးဟင်းရွက်တွေထက်စာရင် အရောင်မပါ အဖြူရောင်အသီးအရွက်တွေ ‌အာဟာရဓာတ်တွေ ပိုများများပါပြီး ကိုယ်တွင်းအင်္ဂါ ရောင်ရမ်းတာတွေကို သဘာဝအတိုင်း လေျာ့ကျစေနိုင်ပါတယ်။

လိမ္မော်ဝါ တစ်နေ့တာ

ငှက်ပျော၊ သဘော ၊ နာနတ်၊ ကျွဲကော၊ ကမ္ဗလာ၊ သံပုရာ၊ လိမ္မော် စတဲ့ ပုံမှန်မြင်နေကျ အသီးအနှံတွေအပြင် အလွယ်တကူရနိုင်တဲ့ ပြောင်းဖူး၊ မုန်လာဥ၊ ကန်စွန်းဥ၊ ဖရုံသီး၊ ငရုတ်ပွဝါ စတဲ့ ဟင်းသီးဟင်းရွက်တွေကို ခဏခဏစားမိကြပေမဲ့ ဒီအသီးအရွက်တွေရဲ့ အကျိုးကျေးဇူးပေါင်းစုံကိုတော့ အံ့သြဖွယ်ရာ တွေ့ကြရမှာပါ။ ဒီလိုအဝါရောင်၊ လိမ္မော်ရောင်ရှိတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေက အရိုးအဆစ်တွေ ကျန်းမာစေတယ်၊ အသားရည်လှစေတယ်၊ ကိုယ်ခံအားတိုးစေတယ်၊ သွေးဖိအားလျော့ကျစေတယ်၊ မျက်လုံးကျန်းမာရေးအတွက် အထောက်အကူပြုပြီး ကင်ဆာရောဂါဖြစ်နိုင်ခြေတွေကိုလည်း လျော့ချပေးနိုင်တဲ့ အကျိုးကျေးဇူးများစွာ ရှိနေလို့ တစ်နေ့တာစားသောက်မှုထဲ ဖယ်ထားလို့မရတာလေးတွေပေါ့။

ခရမ်းပြာပြာ

ဦးနှောက်ကျန်းမာ‌ရေးနဲ့ အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေတဲ့ သဘာဝခရမ်း‌ရောင်နဲ့ ဟင်းသီးဟင်းရွက်တွေက အမြင်လည်းလှသလို စားလိုက်ရင်လည်း ကိုယ်ခန္ဓာအတွက် အကျိုးကျေးဇူးအပြည့် ပေးပါတယ်။ ဘလူးဘယ်ရီ၊ ပင်မှည့်၊ နဂါးမောက်သီး၊ မင်းကွတ်သီး၊ သကြားသီး တို့အပြင် ဟင်းသီးဟင်းရွက်တွေမှာ ခရမ်းသီး၊ ဂေါ်ဖီခရမ်းရောင်၊ ကန်စွန်းဥ၊ ကြက်သွန်နီတွေ ပါဝင်တာမို့ အသီးအရွက်တွေပဲ ပါနေကျ Diet Meals တွေမှာဆို အရောင်စိုစိုလေးတွေနဲ့ စားချင်စဖွယ် ဖြစ်နေမှာ။ ကင်ဆာ၊ ဆီးချို၊ နှလုံးနဲ့ အယ်ဇိုင်းမားရောဂါတို့ကိုလည်း ကြိုတင်ကာကွယ်နိုင်တဲ့ အစွမ်းသတ္တိလည်း ရှိလို့ တစ်နေ့တာ အစားအစာတွေထဲ ထည့်သွင်းစားသင့်ပါတယ်နော်။

သဘာဝစိမ်း

ဟင်းသီးဟင်းရွက်ဆိုမှတော့ သဘာဝအစိမ်းရောင်ရှိတဲ့ ဟင်းရွက်တွေက လူတိုင်းစားသင့်တဲ့ တနေ့တာအတွက် အရေးပါဆုံး အစားအစာတွေပါပဲ။ ကယ်ဆီယမ်၊ သံဓာတ်တို့ ပြည့်ဝစွာပါဝင်ပြီး ကင်ဆာဖြစ်ပွားမှုကို လျော့ချပေးကာ အရိုးနဲ့သွားတွေကို သန်မာစေတယ်၊ အမြင်အာရုံကိုလည်း တိုးတက်စေတဲ့ အကျိုးကျေးဇူးတွေများစွာ ရှိလို့နေတာပါ။ အသီးအနှံတွေထဲမှာ ထောပတ်သီး၊ ကီ၀ီသီး စတာတို့ပါပြီး ဟင်းရွက်တွေထဲမှာတော့ ကန်စွန်းရွက်၊ ကညွတ်၊ မုန်ညင်းရွက်၊ မုန်ညင်းထုပ်၊ ‌ဂေါ် ဖီထုပ်၊ ပန်း‌‌ဂေါ် ဖီစိမ်း၊ ကြက်သွန်မြိတ်၊ ငရုတ်ပွစိမ်း စတဲ့ ရွေးချယ်စားသောက်စရာ စိမ်းရောင်ချယ် အသီးရွက်အစုံ အများကြီးပါပဲနော်။

ဒါဆို အားလုံးဖတ်ပြီးပြီဆိုတော့ ဘယ်လို ဟင်းသီးဟင်းရွက်တွေကို တစ်နေ့တာစားတဲ့ အထဲ မျှမျှတတထည့်စားကြမလဲ သိသွားကြမယ်ထင်ပါတယ်။ ဘယ်အရာကိုမှ ချန်ထားလို့မရလောက်အောင် ကိုယ် အတွက်ကောင်းမွန်ပြည့်စုံတာတွေမို့ ဒီရောင်စုံဟင်းသီးဟင်းရွက်လေးတွေ တစ်နေ့တာဟင်းလျာတွေထဲ ထည့်ပြီး ချက်ပြုတ်စားရင်း ကျန်းမာတက်ကြွလှပတဲ့ ဘဝကို ပိုင်ဆိုင်လိုက်ရအောင်။ 


Share

Comments

Related Posts