ဆယ်ကျော်သက်လူငယ်တွေရဲ့ ကလန်ကဆန်ပြုမူတတ်တဲ့အကြောင်းလေးတွေ

Posted in မိဘအုပ်ထိန်းခြင်း


ကိုယ့်အိမ်က  ဆယ်ကျော်သက်ကလေးတွေ အပျိုလူပျိုဝင်လာတဲ့အသက်အရွယ် အရွယ်ရောက်လာတဲ့အခါ ကိုယ့်အနေနဲ့ သူတို့ဘာလို့ တန်ပြန် မေးခွန်းတွေထုတ်တတ်နေပြီးတော့ ငြင်းဆန်မှုတွေလုပ်လာတာလည်းဆိုတာကို စတင်သတိထားမိနေမိမှာပါ။ ပြောရရင်တော့ အဲ့လိုအချိန်တွေမှာ ငယ်ငယ်တုန်းကစကားနားထောင်တတ်တဲ့ ချစ်ဖို့ကောင်းတဲ့ကလေး က ခုလိုဘယ်လိုဖြစ်သွားတာလဲဆိုပြီး စပြီးစဉ်းစားလာမိတာမျိုးကလည်း ပုံမှန်ပါပဲ။ အဲ့လိုကာလတွေဆိုတာ တစ်ခါတစ်လေ ကိုယ့်စိတ်အခြေအနေတွေကို ပုံမှန်ဆန်းစစ်ဖို့တောင် ခက်ခဲနိုင်တဲ့အခြေအနေတွေဖြစ်ပါတယ်။ 

ဆယ်ကျော်သက်ကာလအပိုင်းအခြားတွေဆိုတာ ကလန်ကဆန်အပြုအမူတွေ စပြီးပြုမှုတဲ့ အရွယ်ရောက်လာတဲ့အတွက် မိဘတွေအတွက်ရော သူတို့ရဲ့ဆယ်ကျော်သက် အရွယ်ကလေးတွေ နှစ်ဖက်လုံးအတွက် ခက်ခက်ခဲခဲဖြတ်သန်းရတဲ့အချိန်တွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ကလန်ကဆန်လုပ်တဲ့ အပြုအမှုတွေဆိုတာ တမင်သက်သက် စကားနားမထောင်တာမျိုးမဟုတ်ပဲနဲ့ အရွယ်ရောက်လာတဲ့ ဆယ်ကျော်သက်တွေရဲ့ ဘဝရဲ့ ဖွံ့ဖြိုးတိုးတတ်မှုကာလအပိုင်းအခြားတွေမှာ ကြုံတွေ့ရတဲ့ အခြေအနေတွေပေါ် တုံ့ပြန်နေတာဖြစ်ပါတယ်။  အခုလိုဖြစ်ပေါ်ရတဲ့အကြောင်းအရင်းတွေကို ကောင်းကောင်းလေးသဘောပေါက် နားလည်ထားမယ်ဆိုရင်တော့ ကောင်းမွန်ပြီးကျန်းမာတဲ့ မိဘနဲ့သားသမီးဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ 

ဆယ်ကျော်သက်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှု

အိမ်ကဆက်ကျော်သက်တွေ ခွန်းတုန့်ပြန်လာတာမျိုး သတိထားမိလား? တစ်ကယ်တော့ အဲ့လိုတွေ ဖြစ်လာတာက သူတို့ရဲ့ဦးနှောက်မှာ စပြီးတစ်ဖြည်းဖြည်းနဲ့ဖွံ့ဖြိုးလာလို့ ဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် အရွယ်ရောက်ခါစ ဆက်ကျော်သက်တွေ အပြင်ထွက်လည်တာများပြီး အိမ်မကပ်တော့တာက အပြင်သိပ်မထွက်နဲ့ အိမ်မှာနေဆိုတဲ့ ဆုံးမစကားတွေကို ကလန်ကဆန်လုပ်နေတယ်လို့ တစ်ထစ်ချ သဘောထားလို့မရပါဘူး။ သူတို့ရဲ့အာရုံကြောဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေက ကျိုးကြောင်းဆီလျော်တဲ့ အဲ့လိုအကြောင်းပြချက်တွေ ပေးလာဖို့ လှုံ့ဆော်ပေးနေတာကြောင့်ဖြစ်ပါတယ်။ အဲ့လိုအချိန်မျိုးတွေမှာ ပုံမှန်ထက် စိတ်ရှည်ရှည်ထားပြီး သူတို့တွေ နားလည်လာအောင် အချိန်ယူပြီး သေချာလေး ပြောပြပေးမယ်ဆိုရင်တော့ နှစ်ဖက်လုံးအတွက် အဆင်ပြေလာမှာဖြစ်ပါတယ်။

ဟော်မုန်းအပြောင်းအလဲ

ဆယ်ကျော်သက်လေးတွေအရွယ်ရောက်လာတဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟော်မုန်းတွေလည်းစပြီး အလုပ်လုပ်လာတာ ဖြစ်ပါတယ်။ အဲ့လိုအချိန်မျိုးတွေမှာ စိတ်ဒေါသကြီးတာနဲ့ ဝမ်းနည်းတာ ပျော်ရွှင်တာတွေ စတဲ့ သူတို့ရဲ့စိတ်ခံစားချက်တွေဟာလည်း ပုံမှန်မဟုတ်ပဲ အတတ်အကျမြန်တတ်ပါတယ်။ ဒါကြောင့် သူတို့တွေအဲ့လိုပြုမှုနေတာက မိဘတွေကိုသဘောမကျလို့မဟုတ်ပဲ သူတို့ရဲ့ ခနွာကိုယ်မှာပြောင်းလဲနေတဲ့ ‌‌ဟော်မုန်းပြောင်းလဲမှုဖြစ်စဉ်တွေ ကြောင့် ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်လေးတွေမှာ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်အခြေအနေတွေကို သိထားမယ်ဆိုရင် သူတို့တွေအဲ့လိုပြုမူလာတဲ့အခါ ကိုယ့်အနေနဲ့နားလည် လက်ခံပေးလာနိုင်မှာ ဖြစ်ပါတယ်။ 

ကိုယ့်ကိုယ့်ကိုယ်ရှာဖွေဖော်ထုတ်ခြင်း

ကိုယ်ငယ်ငယ်တုန်းကလည်း ကလေးဘဝကနေ မြန်မြန်အသက်ကြီးပြီး အရွယ်ရောက်ချင်တာကို မှတ်မိတယ်မလား။ ဆယ်ကျော်သက်တွေလည်း အဲ့လိုပါပဲ။ သူတို့ကိုယ်တိုင် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့အတူ လွတ်လပ်တဲ့ကိုယ်ပိုင်ဘဝတွေကို စတင်ပုံဖော်တဲ့အနေနဲ့  ဝါသနာပါရာ စိတ်ဝင်စားမှုအသစ်တွေကို စတင်မြည်းစမ်းကြတဲ့အရွယ်လေးတွေလည်းဖြစ်ပါတယ်။ အဲ့လိုအခြေအနေတွေမှာ မိဘတွေရဲ့ ဖေးမကူညီခြင်းက သူတို့ရဲ့ စိတ်အားထက်သန်မှုတွေကို မြှင့်တင်ပေးနိုင်သလို သူတို့တွေရဲ့ တမူထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ဖော်ထုတ်ပေးလာနိုင်မှာဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာတွေရဲ့ လွှမ်းမိုးမှု 

ကိုယ်ဆယ်ကျော်သက်အရွယ်တုန်းကရော ဆိုရှယ်မီဒီယာရဲ့ရိုက်ခက်မှုဒဏ်ကို ဘယ်လိုကျော်ဖြတ်ခဲ့ရသလဲဆိုတာ စဉ်းစားစေချင်ပါတယ်။ သူတို့လေးတွေလည်း မြင်မြင်သမျှ ခွန်အားရစရာ၊ စိတ်မချမ်းမြေ့စရာတွေအပါအဝင် ဆိုရှယ်မီဒီယာပေါ်က ရှိသမျှအကြောင်းအရာတွေနဲ့ နေ့စဉ်ရက်ဆက် လွှမ်းမိုးခံနေရတာဖြစ်ပါတယ်။ အခုလိုအဖြစ်အပျက်တွေက စိုးရိမ်ထိတ်လန့်မှု အလိုမပြည့်ဝမှုတွေနဲ့အတူ အွန်လိုင်းပေါ်မှာသူတို့တွေ့နေရတဲ့ သူတွေလိုမျိုး ဖြစ်ချင်လာတာမျိုးတွေထိ ဖြစ်လာနိုင်စေပါတယ်။ မိဘတွေအနေနဲ့ ဒါတွေကို နားလည်ထားမယ်ဆိုရင်တော့ အွန်လိုင်းပေါ်မှာသူတို့တွေကြုံတွေ့နေရတဲ့ အခြေအနေတွေပေါ်မှာ အနီးကပ်စကားပြော ပေးတာမျိုးလုပ်ဆောင်ပေးနိုင်ပါတယ်။ 

သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ ဖိအား

သူငယ်ချင်းမိတ်ဆွေတွေဆိုတာ ဆယ်ကျော်သက်လူငယ်ရဲ့ဘဝမှာ အရေးပါတဲ့အစိတ်အပိုင်းတွေဖြစ်ကြပါတယ်။ ကိုယ့်ရဲ့ဆယ်ကျော်သက်ကလေးတွေက သူတို့အပေါင်းအသင်းတွေနဲ့ ဝင်ဆံ့လာအောင်ကြိုးစားလာတာမျိုး (ဒါမှမဟုတ်) သူတို့နဲ့ မကိုက်ညီတဲ့သူတွေနဲ့တွေ့တဲ့အခါမှာ အပေါင်းအသင်းဆက်မလုပ်တော့ပဲ သီးခြားဆက်ဆံရေးတွေတည်ဆောက်တာမျိုးတွေ လုပ်လာနိုင်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် သူတို့ပေါင်းဖော်နေတဲ့ သူငယ်ချင်းတွေ ပြုမှုနေထိုင်တဲ့ပုံစံတွေဖြစ်တဲ့ ဝတ်စားနေထိုင်မှု၊ ပြောဆိုဆက်ဆံပုံတွေအတိုင်း ပုံတူကူးလိုက်လုပ်လာတာမျိုးဖြစ်နိုင်ပါတယ်။ အဲ့လိုအခြေအနေတွေမှာ မှန်ကန်တဲ့ လူ့တန်ဖိုးတွေအတိုင်း လိုက်နာနေထိုင်နိုင်ဖို့နဲ့ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို လွတ်လွတ်လပ်လပ် ချမှတ်နိုင်အောင် လမ်းပြသွန်သင်ပေးနိုင်ပါတယ်။

မိသားစုရဲ့အရေးပါမှု 

မိသားစုမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အိမ်တွင်းပဋိပက္ခ ဖြစ်တဲ့ ကွာရှင်းပြတ်စဲတာမျိုး၊  မိသားစုတွင်း ခိုက်ရန်ဖြစ်ပွားမှုတွေကလည်း ခုမှအရွယ်ရောက်လာတဲ့ ဆယ်ကျော်သက်တွေပေါ်မှာ သိသာထင်ရှားတဲ့ သက်ရောက်‌မှုတွေရှိနေပါတယ်။သူတို့ကိုယ်တိုင်ကလည်း ပြောင်းလဲမှုရေစီးကြောင်းထဲမှာ လိုက်ပါ လွင့်မျောနေရသလို သူတို့တွေရဲ့ပုန်ကန်ပြောဆိုမှုတွေဟာလည်း ဖြစ်ပျက်နေတဲ့ မတူကွဲပြားလွန်း တဲ့အခြေအနေတွေနဲ့ ကျင့်သားရလာဖို့ရုန်းကန် နေကြတာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အခုလို အခြေအနေမျိုးမှာ မိသားစုဝင်တွေရဲ့ မားမားမတ်မတ်ရပ်တည်ပေးမှုနဲ့ နားလည်အတူရှိပေးမှုတွေက အများကြီးတန်ဖိုးရှိတာဖြစ်ပါတယ်။

စိတ်ထွက်ပေါက်ရှာခြင်း

စိတ်ဖိစီးမှု၊ စိတ်ဒဏ်ရာတွေ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်လာရပြီဆိုရင် ဆန့်ကျင်ပုန်ကန်မှုတွေက သူတို့ရဲ့ စိတ်ထွက်ပေါက်တစ်ခုဖြစ်နိုင်ပါတယ်။ ဥပမာပြောရရင်  သူတို့ရဲ့စိတ်ခံစားချက်တွေကို ကောင်းကောင်း ထိန်းမချုပ်နိုင်သေးတဲ့ အရွယ်တွေဖြစ်တဲ့ ဆယ်ကျော်သက်တွေက ဆိုးဆိုးရွားရွား အခြေအနေတွေနဲ့ကြုံတွေ့လာရတဲ့အခါမှာ သူတို့ရဲ့ မကောင်းတဲ့တုံ့ပြန်ချက်တွေက လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ စိတ်ဒဏ်ရာတွေကနေ လွတ်မြောက်အောင် ရုန်းကန်နေကြရတာမျိူးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ဘယ်လိုအကြောင်းရင်းတွေကြောင့် သူတို့အနေနဲ့ အဲ့လိုပြုမူ ကြတာဆိုတာကို ကူညီဖော်ထုတ်ပေးပြီးတော့ သူတို့ရဲ့စိတ်ခံစားမှု အပြောင်းအလဲတွေပေါ်မှာ ဖေးမသွန်သင်ဆုံးမပေးတာမျိုးက အရေးကြီးပါတယ်။

လိုအပ်ချက်များ တောင်းဆိုခြင်း

နောက်ဆုံးအနေနဲ့ ပြောရမယ်ဆိုရင် ဒီလိုမျိုးဆယ်ကျော်သက်လူငယ်တွေ အာရုံစိုက်မှုရချင်လို့ ကလန်ကဆန်လုပ်တဲ့အချိန်တွေကို စဉ်းစားကြည့်ပါ။ ဒီလိုလုပ်တာကို တခြားသူတွေဘက်က တွေးရင် လျှောက်လုပ်နေတာ၊ ဟန်ဆောင်နေတာဆိုပြီး ထင်နိုင်ပေမယ့် တကယ်ကတော့ သူတို့အနေနဲ့ သူတို့ရဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြုပေးဖို့ ကလန်ကဆန်လုပ်တာကို နည်းလမ်းတစ်ခုအနေနဲ့ အသုံးပြုနေတာလည်း ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ တည်ရှိမှုကို ကောင်းမွန်စွာအသိအမှတ်ပြုပေးပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာက သူတို့နဲ့ ဆက်ဆံရေးကို ပိုကောင်းလာစေနိုင်ပါတယ်။

ဆယ်ကျော်သက်အရွယ်တွေရဲ့ ကလန်ကဆန်ပြုမူတာတွေအားလုံးကို စိတ်ပျက်မနေဘဲ သူတို့ရဲ့ ခံစားချက်တွေကို တတ်နိုင်သလောက် နားလည်ပေးသင့်ပါတယ်။ သူတို့ရဲ့ အတွေးတွေနဲ့ ခံစားချက်တွေကို တခြားသူတွေက ဝေဖန်တာမျိုးမရှိဘဲ လုံခြုံစိတ်ချစွာ ဝေမျှနိုင်မယ့် နေရာလေးတစ်ခုကို ဖန်တီးပေးပါ။ ကိုယ့်ရဲ့ အားပေးကူညီမှုတစ်ခုက  သူတို့ရဲ့ ဆယ်ကျော်သက်အရွယ်အပိုင်းအခြားလေးမှာ အခက်အခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်တဲ့ ခံနိုင်ရည်အားတွေ ရှိလာစေနိုင်ပြီး ရှေ့ဆက်လျှောက်ရမယ့်လူကြီးဘဝအတွက် အထောက်အပံ့ကောင်းလေးတွေ ဖြစ်လာနိုင်ပါတယ်။


Share

Comments

Related Posts