အရသာလည်းရှိ အာဟာရလည်းပြည့်၀သော မြန်မာ့ငါးများ

Posted in အစားအစာ


ပင်လယ်မြစ်ချောင်းအင်းအိုင် ပေါများတဲ့ မြန်မာနိုင်ငံအနေနဲ့ ငါးမျိုးစိတ်များစွာတို့ မှီတင်းနေထိုင်ရာ နေရာလည်းဖြစ်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသောက်မှုပုံစံမှာ ငါးဟာလည်း အရေးပါတဲ့နေရာက ပါဝင်နေတာပေါ့။ အရသာရှိရုံသာမက အာဟာရတန်ဖိုးလည်း မြင့်မားတဲ့ ငါးတွေကို မြန်မာ့ထမင်းဝိုင်းတွေမှာ တွေ့ရတတ်ပါတယ်။ ဒါကြောင့် မြန်မာတို့အကြိုက် နေ့စဉ်စားသုံးနေတဲ့ ငါးတွေနဲ့ သူတို့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကို ကြည့်လိုက်ကြရအောင်နော်။

ငါးသလောက် (သို့) အိုမီဂါ-၃ စူပါစတား 

"ငါးမှာ ငါးသလောက်" လို့ တင်စားရတဲ့အထိ ကျော်ကြားသလို ငါးသလောက်ပေါင်း ဆိုရင်လည်း အသံကြားတာနဲ့ ခံတွင်းစိုသွားတဲ့အထိ သက်ရောက်မှု အားပြင်းပါတယ်။ နူးညံ့တဲ့အသားနဲ့ အနံ့အရသာ ထူးခြားကောင်းမွန်တဲ့ ငါးသလောက်မှာ လက်တွေ့ကျတဲ့ အကျိုးကျေးဇူးတွေလည်း အများကြီး ရှိနေပါတယ်။ ကိုယ်ခန္ဓာအတွက် မရှိမဖြစ် Omega-3 Fatty Acid ကို ငါးသလောက်က အလုံအလောက် ပေးစွမ်းနိုင်ပါတယ်။ အိုမီဂါ-၃ ဟာ နှလုံးကို ကျန်းမာစေသလို ဦးနှောက်လုပ်ဆောင်ချက်တွေကိုလည်း ပိုမိုထက်မြက်နေအောင် အထောက်အကူပြုပါတယ်။ ဒါ့အပြင် ပရိုတိန်းဓာတ်တွေရဲ့ သိုလှောင်ရုံလိုဖြစ်နေလို့ ကြွက်သားကျန်းမာရေးအတွက် ဦးစားပေးရွေးချယ်ရမယ့် ငါးပဲ ဖြစ်ပါတယ်။ သွေးနီဥတွေကို အထောက်အကူပြုတဲ့ ဗီတာမင် B12 လည်း အများကြီးပါဝင်သေးတာဆိုတော့ အာဟာရတန်ဖိုးမှာတော့ ငါးသလောက်ဟာ ပြောစရာမလိုအောင် ပြီးပြည့်စုံတဲ့ ရင်းမြစ်တစ်ခု ဖြစ်ပါတယ်။ 

ငါးမြစ်ချင်း (သို့) ပရိုတိန်းစက်ရုံ

စျေးတိုင်းမှာ ပေါပေါများများ တွေ့ရလေ့ရှိတဲ့ ငါးမြစ်ချင်းကတော့ ပရိုတင်းဓာတ်ကောင်းကောင်း ရရှိဖို့အတွက် အလွယ်တကူရွေးချယ်စရာအဖြစ် ရှိနေပါတယ်။ အဆီပါဝင်မှု နည်းပါးတာမို့ ကြွက်သားဖွံ့ဖြိုးမှုအတွက်ရော ပြုပြင်မှုအတွက်ပါ အသင့်လျော်ဆုံးပါပဲ။ နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ ဗိုက်တာမင်ဒီ ကြွယ်၀စွာပါဝင်တာပဲ ဖြစ်ပါတယ်။ ဗိုက်တာမင်ဒီဟာ ကယ်ဆီယံဓာတ်နဲ့အတူ ကိုယ်ခန္ဓာအတွက် မာကြောတဲ့အရိုးတွေနဲ့ အားကောင်းတဲ့ ကိုယ်ခံအားစနစ်ကို တည်ဆောက်ပေးပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ငါးမြစ်ချင်းမှာပါတဲ့ သံဓာတ်ဖြစ်ပါတယ်။ သူကတော့ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့စွမ်းအင်ကို ပါဝါအပြည့်ပေးမယ့်ဓာတ်ဖြစ်ပါတယ်နော်။ 

ငါးခူ (သို့) အိုမီဂါ-၆ ချန်ပီယံ 

အရသာ ထူးခြားကောင်းမွန်တဲ့ ငါးခူမှာ နှလုံးကျန်းမာရေးကို အမြဲတမ်း အထောက်အကူပြုပြီး ရောင်ရမ်းမှုတွေကို ဖယ်ရှားပေးမယ့် အိုမီဂါ-၆ ဖက်တီးအက်ဆစ်ကတော့ ကြွယ်၀စွာ ပါဝင်ပါတယ်။ ဒါ့အပြင် ဇီ၀ကမ္မဖြစ်စဉ်ကို အကျိုးပြုပြီး ဦးနှောက်စွမ်းဆောင်ရည်ကို ထက်မြက်စေတဲ့ ဗီတာမင် ဘီ-၆ လည်း ပါဝင်ပါသေးတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့ ဆန့်ကျင်ဓာတ်တိုးပစ္စည်း တစ်ခုဖြစ်တဲ့ Selenium ဟာလည်း ငါးခူချစ်သူတိုင်း ရရှိမယ့် အကျိုးကျေးဇူးတစ်ခု ဖြစ်ပါတယ်နော်။ 

တီလားပီးယား (သို့) ကယ်လိုရီနည်းနည်း ကောင်းကျိုးများများ 

စားသောက်ဆိုင်တွေ၊ အကင်ဆိုင်တွေမှာ ငါးကင်အဖြစ် အဓိကအသုံးပြုရောင်းချနေတဲ့ တီလားပီးယားကတော့ ကယ်လိုရီပမာဏ နည်းနည်းနဲ့ ကောင်းကျိုးခပ်များများပေးမယ့် ငါးအမျိုးအစားပဲ ဖြစ်ပါတယ်။ ကယ်လိုရီနည်းတဲ့အတွက် ဝိတ်ချချင်သူတွေအတွက် အထူးသင့်လျော်ပြီး၊ သွေးပေါင်ချိန်ကို အဓိကထိန်းညှိပေးတဲ့အပြင် ကြွက်သားတွေကို ပျော့ပြောင်းစေတဲ့ ပိုတက်ဆီယမ်ဓာတ်လမ်း များစွာပါဝင်ပါတယ်။ နောက်တစ်ချက်ကတော့ Niacin ခေါ် ဗိုက်တာမင် ဘီ-၃ ပါဝင်လို့ ကိုယ်ခန္ဓာရဲ့ စွမ်းအင်ပမာဏကို အမြဲတမ်းမြှင့်တင်ပေးပြီး အသားအရေကိုလည်း ဝင်းလက်တောက်ပနေစေမှာမို့ မိန်းကလေးတွေ စားသုံးပေးသင့်ပါတယ်နော်။ 

ငါးရံ့ (သို့) မြန်မာ့စွယ်စုံငါး

မြန်မာ့ မြစ်ချောင်းအင်းအိုင်တွေထဲမှာ အတွေ့ရများတဲ့ ငါးရံ့ကိုတော့ ငါးခြောက်၊ ငါးရံ့ဆီပြန်ဟင်း၊ ငါးရံ့ဆန်ပြုတ်၊ ငါးရံ့ခေါင်းဟင်းရည်၊ ငါးရံ့အူဟင်း စသည်ဖြင့် နည်းလမ်းပေါင်းစုံနဲ့ နှစ်သက်စွာ ချက်ပြုတ်စားသောက်တတ်ကြပါတယ်။ ပရိုတိန်း၊ ကယ်ဆီယမ်၊ သံဓာတ်၊ ဖော့စဖောရပ်တို့ ပြည့်၀စွာပါဝင်ရုံမက အယ်ဘူမင် (Albumin) ပါ ပါဝင်လို့ တစ်ရှူးပျက်စီးမှုကို ထိရောက်မြန်ဆန်စွာ ပြုပြင်ပေးနိုင်ပါတယ်။ ငါးရံ့ရဲ့ နောက်ထပ် အားသာချက်တစ်ခုကတော့ ဝမ်းမှန်စေတာပဲ ဖြစ်ပါတယ်။ ကော်လဂျင်နဲ့ ပရိုတိန်းတို့ဟာ ဝမ်းကျန်းမာရေးကို အထောက်အကူပြုပါတယ်။ 

ဒီလောက်ဆိုရင် မြန်မာတို့ နေ့တိုင်း နှစ်သက်စွာစားသုံးနေတဲ့ ငါးဟင်းလျာတွေဟာ အရသာအတွက်သာမက ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာ ပြည့်နှက်နေတာကို မြင်တွေ့ရမှာပါ။ ဒါကြောင့် ငါးစားသုံးတဲ့ အလေ့အထကို ဆက်လက်ထိန်းသိမ်းပြီး ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ဆည်းလို့ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘ၀လေးတွေကို တည်ဆောက်လိုက်ရအောင်နော်။ 


Share

Comments

Related Posts