မြန်မာတို့ရဲ့အထင်ကရလူကြိုက်များတဲ့ ခေါက်ဆွဲဟင်းလျာ (၆)မျိုး

Posted in အစားအစာ


မြန်မာဆိုတာဟာ ထူးခြားတဲ့ သဘာဝအလှတရားနဲ့ အရသာရှိလှတဲ့ ရိုးရာအစားအသောက်ကောင်းတွေကြောင့် လူသိများကြပါတယ်။ ထမင်းက နိုင်ငံရဲ့ အဓိကအစားအစာဖြစ်ပေမယ့် ဒေသခံတွေကြားထဲမှာ အစားများ နာမည်ကြီးတဲ့ မြန်မာ့ ခေါက်ဆွဲဟင်းလျာတွေလည်းရှိပါတယ်။ ဒါဆိုရင် ဒီနေ့ပဲ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ သူတွေအားလုံးကြိုက်နှစ်သက်ကြတဲ့ မတူညီတဲ့ မြန်မာ့ခေါက်ဆွဲဟင်းလျာတွေ အကြောင်းကို ဆက်ပြီး လေ့လာလိုက်ရအောင်။

မုန့်ဟင်းခါး 

မြန်မာ့ရိုးရာလည်းဖြစ် အားလုံးအကြိုက်မနက်စာတစ်ခု လည်းဖြစ်တဲ့ မုန့်ဟင်းခါးကတော့ မြန်မာလူမျိုးတွေအတွက်ကတော့ အမြဲနံပါတ် (၁) ပါပဲ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပါဝင်ပစ္စည်းတွေကနေ အကုန်လုံးလည်း ကြိုက်ကြတဲ့၊ တမူထူးခြားတဲ့ မုန့်ဟင်းခါးရဲ့အရသာကို ရရှိတာပဲဖြစ်ပါတယ်။ မုန့်ဟင်းခါးကို နေရာဒေသအလိုက် ရန်ကုန်မုန့်ဟင်းခါး၊ ဟင်္သာတမုန့်ဟင်းခါး နဲ့ မော်လမြိုင်မုန့်ဟင်းခါးဆိုပြီး အမျိုးအမည်တွေ ခွဲထားပါတယ်။ မုန့်ဟင်းခါးမှာပါတဲ့ အဓိကပါဝင်ပစ္စည်းတွေကတော့ ဆန်ခေါက်ဆွဲ၊ ဆန်လှော်မှုန့်၊ ငှက်ပျောအူ၊ စပါးလင်၊ ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကုလားပဲ နဲ့ ငါးတို့ပဲဖြစ်ပါတယ်။ 

အုန်းနို့ခေါက်ဆွဲ

တစ်နိုင်ငံလုံးရဲ့ ဒုတိယအသည်းစွဲ အုန်းနို့ခေါက်ဆွဲဟာဆိုရင် အုန်းနို့များများနဲ့ ဂျုံခေါက်ဆွဲကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ တခြားပါဝင်ပစ္စည်းတွေကတော့ ကြက်သား၊ ငါးငံပြာရည်၊ နနွင်း၊ ဂျင်းနဲ့ ကြက်သွန်နီတို့ကို အချိုးကျကျပေါင်းစပ်ထားတာဖြစ်ပါတယ်။ တချို့ဟင်းချက်ဝါသနာရှင်တွေကတော့ ကြက်သားအစား ပုဇွန်နဲ့ အုန်းနို့ခေါက်ဆွဲကို ဆန်းသစ်ပြီး ချက်ကြည့်ကြပါတယ်။ မြန်မာမှာသာမက နိုင်ငံတကာမှာနာမည်ကြီးတဲ့ ဒီအုန်းနို့ခေါက်ဆွဲဟာဆိုရင် အရမ်းကို အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ခေါက်ဆွဲဟင်းလျာတစ်ပွဲပါပဲ။

နန်းကြီးသုပ်

ဆန်နဲ့လုပ်ထားတဲ့ ခေါက်ဆွဲလုံးကြီးကြီးကို သုပ်ထားတဲ့ နန်းကြီးသုပ်ကိုဆိုရင် မနက်စာအနေနဲ့ စားသုံးကြပြီး မြန်မာနိုင်ငံက စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေမှာ တွေ့ရများတဲ့ အစားအစာတစ်မျိူးပဲဖြစ်ပါတယ်။  မန္တလေးမုန့်တီသုပ်လို့လည်း သိထားကြတဲ့ ဒီအသုပ်ဟာဆိုရင် ဆန်ခေါက်ဆွဲအလုံးကြီးကြီး ၊ ကြက်သားဟင်း၊ ငံပြာရည်၊ သံပုရာရည်၊ ဘဲဥပြုတ် နဲ့ ငရုတ်သီးအကြတ်မှုန့်တို့ပါဝင်ပါတယ်။ ဆန်ခေါက်ဆွဲပြားနဲ့ သုပ်မယ်ဆိုရင်လည်း နန်းပြားသုပ်လို့ခေါ်လေ့ရှိပါတယ်။ 

ရှမ်းခေါက်ဆွဲ 

ရှမ်းပြည်နယ်ကနေ အရင်းခံလာတဲ့ ရှမ်းခေါက်ဆွဲကို အနှစ်တစ်မျိုးတည်းကိုသုံးပြီး အရည် ဒါမှမဟုတ် အသုတ် ကိုယ်ကြိုက်တဲ့ပုံစံနဲ့ သုံးဆောင်လို့ရပါတယ်။ တခြားခေါက်ဆွဲတွေနဲ့ မတူတာကတော့ ရှမ်းခေါက်ဆွဲက ကြက်သားနဲ့ပဲဖြစ်ဖြစ် ဝက်သားနဲ့ပဲဖြစ်ဖြစ် စားလို့ကောင်းနေတာပါပဲ။ နောက်ထပ် ရှမ်းခေါက်ဆွဲနဲ့ လိုက်ဖက်တဲ့ အတွဲအစပ်ကတော့ ကြွပ်ကြွပ်ရွရွ ဝက်ခေါက်ကြော်လေး ဒါမှမဟုတ် တို့ဟူးကြော်လေးရယ်၊ ပြီးတော့ အအီပြေ မုန်ညင်းချဉ်နဲ တွဲစားလိုက်ရရင်တော့ ဆွေမျိုးမေ့သွားမှာပါ။ ဒီရှမ်းခေါက်ဆွဲမှာဆိုရင် ဆန်ခေါက်ဆွဲ စေးစေးလေး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ခရမ်းချဉ်သီးအနှစ်၊ ငရုတ်သီးမှုန့်၊ မြေပဲနဲ့ ကြက်သွန်မြိတ်တို့ပါဝင်ပါတယ်။

မြီးရှည်

တရုတ်ကနေဆင်းသက်လာပြီး ရှမ်းလူမျိုးတွေ ပြန်လည်ပြင်ဆင်ထားတဲ မြီးရှည်ဟာဆိုရင် အရသာပေါင်းစုံ ပေါင်းစပ်ပါဝင်ပြီး စားလို့ကောင်းလှပါတယ်။ ရှမ်း မိုးကုတ်မြီးရှည် နဲ့ မန္တလေးမြီးရှည်တို့ကတော့ နာမည်အကြီးဆုံးပါပဲ။ မြီးရှည်မှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကတော့ ဆန်ခေါက်ဆွဲ၊ ဝက်သား ဒါမှမဟုတ် ကြက်သားအနှစ်၊ ပဲပင်ပေါက်၊ ဆန်မှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကုလားပဲမှုန့်နဲ့ နံနံပင်တို့ဖြစ်ပါတယ်။

တို့ဖူးနွေး

ရှမ်းခေါက်ဆွဲ ရဲ့အမျိုးအစားတစ်မျိုးလို့လည်း လူသိများကြတဲ့ တို့ဖူးနွေးဆိုတာ ဆန်ခေါက်ဆွဲပေါ်မှာ တို့ဖူးအနှစ်နွေးနွေးလေး အုပ်ထားတာပဲဖြစ်ပါတယ်။ ဆောင်းရာသီလိုမျိုး ချမ်းတဲ့ရာသီမှာ စားရင် အံကိုက်ဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဒီတို့ဟူးနွေးမှာဆိုရင် ကြက်သား၊ တို့ဖူးမှုန့်၊ ဆန်ခေါက်ဆွဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်မှုန့် နဲ့ မြေပဲတို့ ပါဝင်ပါတယ်။ 

မြန်မာပြည်ရဲ့ တမျိုးနဲ့တမျိုး မတူညီကွဲပြားနေတဲ့ ခေါက်ဆွဲတွေဟာဆိုရင် အနံ့အရသာနဲ့ပြည့်စုံပြီး ဒေသအလိုက် ရိုးရာဓလေ့တွေပါ ပေါင်းစပ်ပါဝင်နေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံရဲ့ အစားအစာယဉ်ကျေးမှုရဲ့ တစ်စိတ်တစ်ဒေသတစ်ခု ဖြစ်လာပါတော့တယ်။ အပေါ်မှာ ပြောပြသွားခဲ့တဲ့ ခေါက်ဆွဲထဲကမှ တစ်မျိုးမျိုးကို အိမ်မှာ ကိုယ်တိုင် လုပ်စားကြည့်ချင်တယ်ဆိုရင်တော့ ကိုယ်နဲ့အနီးဆုံး supermarket တွေ၊ ဈေးတွေမှာ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို တစ်နေရာထဲမှာ အကုန်ဝယ်ယူလို့ရနိုင်ပါတယ်။ အရသာ ပြည့်စုံကောင်းမွန်လှတဲ့ ခေါက်ဆွဲတွေကို စမ်းချက်ကြည့်ရင်း အရသာရှိရှိ သုံးဆောင်ကြည့်လိုက်ကြပါ။ 


Share

Comments

May Thin Kyu

good

Sayr Kyar

ရှမ်းခေါက်ဆွဲဆို အရမ်းကြိုက်

ဦးဝင်းနိုင်ကြီး

စာအရေးအသား၊ဓာတ်ပုံ၊ နှင့် စွဲမက်ဖွယ်စားစရာမျိုးစုံ။ ကျေးဇူးအထူးတင်ပါတယ်။

Related Posts