အနာဂတ်ရဲ့ ပန်းချီအနုပညာကြယ်ပွင့်လေးတွေကို ပြုစုပျိုးထောင်ကြဖို့ရာ

Posted in မိဘအုပ်ထိန်းခြင်း

နာမည်ကျော် ပန်းချီပညာရှင် ပီကာဆိုက "ကလေးတိုင်းက အနုပညာရှင်ပါပဲ။  ကြီးပြင်းလာတဲ့အခါမှာ အနုပညာရှင်တစ်ယောက်အနေနဲ့ ဆက်ရှိနေနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်တယ်"လို့ပြောခဲ့ဖူးပါတယ်။ ကလေးတစ်ယောက်ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို အနုပညာကတစ်ဆင့် အားပေးတာက ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးလာစေဖို့နဲ့ ကိုယ့်ကိုယ်ကိုဖော်ပြတတ်လာစေဖို့အတွက် နည်းလမ်းကောင်းတစ်ခုပါပဲ။ ကလေးငယ်လေးတွေ ဘဝတစ်လျှောက်လုံး အနုပညာဖော်ပြမှုကို စိတ်အားထက်သန်သွားစေဖို့ ပျိုးထောင်ပေးနိုင်မယ့် လက်တွေ့ကျတဲ့ နည်းလမ်းလေးတွေကို အတူတူလေ့လာလိုက်ရအောင်။ 

စိတ်ဝင်စားလာအောင် လှုံ့ဆော်ပေးပါ

ကလေးငယ်တွေ စိတ်ဝင်စားလာအောင် လှုံ့ဆော်ပေးဖို့ဆိုရင် သူတို့ရဲ့သိချင်စိတ်ကို အရင်ဆုံး နှိုးဆွပေးဖို့လိုအပ်ပါတယ်။ ဒီအတွက် အရောင်တွေ၊ ပုံသဏ္ဍာန်တွေနဲ့ စိတ်ကူးယဉ်ကမ္ဘာတွေအကြောင်း သူတို့တွေနဲ့ ပြောကြည့်ပါ။ ရုပ်ပုံပါတဲ့ စာအုပ်တွေကို ပေးဖတ်တာမျိုး၊ အနုပညာပြခန်းတွေကို သွားလည်တာမျိုး၊ အနုပညာနဲ့ဆိုင်တဲ့ဗီဒီယိုတွေကို သူတို့နဲ့အတူတူ ကြည့်တာမျိုးတွေကိုလဲ လုပ်ကြည့်သင့်ပါတယ်။  သူတို့လေးတွေရဲ့ တိရစ္ဆာန်၊ လူစွမ်းကောင်း ဒါမှမဟုတ် စိတ်ကူးယဉ်ကမ္ဘာစတဲ့ စိတ်ဝင်စားမှုအလိုက် ကိုယ့်ရဲ့ချဉ်းကပ်နည်း ပြောင်းလဲပါ။ 

ပျော်ရွှင်စရာကောင်းတဲ့ အရာမျိုးကိုသာ ရွေးချယ်ပါ

ပုံဆွဲဖို့အတွက် ကလေးတွေရဲ့ စိတ်ကူးယဉ်မှုကို လှုံ့ဆော်ပေးနိုင်မယ့် အကြောင်းအရာမျိုးကိုသာရွေးချယ်ပါ။ အဲ့အကြောင်းအရာက သူတို့အကြိုက်ဆုံး တိရစ္ဆာန်၊ ကား၊ ကာတွန်းဇာတ်ကောင်၊ စိတ်ကူးယဉ်နေရာတွေ ဒါမှမဟုတ် သူတို့စိတ်ကူးယဉ် ဖန်တီးထားတဲ့သတ္တဝါဆန်းတွေလဲ ဖြစ်နိုင်ပါတယ်။ ကလေးတွေကို လွတ်လွတ်လပ်လပ် စိတ်ကူးယဉ်ခွင့်ပေးပြီး သူတို့ရဲ့ဖန်တီးနိုင်စွမ်းကို အားပေးအားမြှောက်ပြုပေးပါ။ 

ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေကို အသုံးချပါ

ပန်းချီစုတ်တံတွေကို အသုံးပြုတာအပြင် အာရုံခံစွမ်းရည်တိုးတက်လာဖို့နဲ့ လေ့လာသင်ယူဖို့အတွက် သူတို့လေးတွေရဲ့ လက်ကလေးတွေကို အသုံးပြုပြီး အနုပညာလက်ရာတွေ ဖန်တီးကြည့်ဖို့ တိုက်တွန်းသင့်ပါတယ်။ ထူးခြားတဲ့ ပုံသဏ္ဍာန်နဲ့ အတွဲအစပ်တွေဖြစ်တဲ့ စက္ကူခွက်တွေ၊ ကတ္ထူပြားတွေ၊ နားကြပ်ဂွမ်းတံတွေနဲ့ ဂွမ်းလုံးလိုမျိုး ပစ္စည်းလေးတွေကိုလည်း အသုံးပြုပြီးတော့ ဖန်တီးနိုင်ပါတယ်။ ဒါ့အပြင် ကလေးတွေအနေနဲ့ မတူညီတဲ့ အတွေ့အထိတွေကို တွေ့ထိခံစားကြည့်နိုင်ဖို့အတွက် တလက်လက်အ‌ရောင်ရှိတဲ့အမှုန့်၊ အရောင်ရှိတဲ့သဲ၊ အထည်အလိပ်နဲ့ ရွှံ့စေးတွေကို စမ်းသပ် အသုံးပြုကြည့်သင့်ပါတယ်။

သင့်တော်မယ့် ချဉ်းကပ်နည်းကို သုံးပါ

ကိုယ့်ကလေးငယ်ရဲ့ သင်ယူမှုပုံစံကို နားလည်ပါစေ။ တချို့ကလေးငယ်တွေကတော့ အနားမှာအတူတူထိုင်ပြီး ဖန်တီးကြည့်ရတာမျိုးကို ကြိုက်နှစ်သက်ပေမယ့် တချို့ကလေးငယ်တွေကတော့ တစ်ယောက်တည်း စမ်းသပ်ဖန်တီးကြည့်ရတာကို ပိုနှစ်သက်တတ်ကြပါတယ်။ အဲ့ဒါကြောင့် ကလေးငယ်ရဲ့ သင်ယူမှုပုံစံကိုလိုက်ပြီး သင့်တော်မယ့် အနုပညာဖန်တီးချိန်ကို ဖန်တီးပါ။ ဘယ်လိုရလဒ်မျိုးထွက်လာပါစေ သူတို့ရဲ့ ဖန်တီးမှုစွမ်းရည်ကို ချီးကျူးပေးပါ။ 

အမှားကို လက်ခံပေးပါ

အမှားတွေကတစ်ဆင့် သင်ယူခြင်းရဲ့ အရေးပါပုံကို နားလည်လာအောင် သင်ကြားပေးပါ။ ကလေးတွေကို ပုံဆွဲဖို့အတွက် ခဲတံတွေပေးထားပြီး မကြောက်မရွံ့နဲ့ လျှောက်ဆွဲကြည့်ဖို့ အားပေးပါ။ အမှားလုပ်မိပြီဆိုရင် ခဲဖျက်အသုံးပြုပြီး ပြင်ဆင်ကာ ပိုကောင်းတဲ့ပုံတွေကို ဖန်တီးနိုင်ကြောင်းပြောပြပေးပါ။

ကလေးငယ်တွေက သူတို့ကောင်းကောင်းလုပ်နိုင်တဲ့ အရာတွေ၊ လှုပ်ရှားမှုတွေကို လုပ်ရတာ ကြိုက်နှစ်သက်ပါတယ်။ သူတို့လေးတွေ ပိုပြီးကောင်းတဲ့ အနုပညာတွေကို ဖန်တီးနိုင်ဖို့အတွက် အရေးကြီးတဲ့ အခြေခံပန်းချီသဘောတရားအချို့ကို သင်ကြားပေးပါ။  

အစက်၊ မျဉ်းနဲ့ မျက်နှာပြင် - အနုပညာလက်ရာတိုင်းရဲ့ အခြေခံအုတ်မြစ်ကို ဖန်တီးဖို့အတွက် အစက်၊ မျဉ်းနဲ့ မျက်နှာပြင် တွေကို ပေါင်းစပ်ပြီး ဖန်တီးရတာဖြစ်ကြောင်းပြသပေးပါ။ သူတို့တွေရဲ့ အနုပညာလက်ရာမှာ အစက်ချခြင်း၊ ပုံဆွဲခြင်းနဲ့ ဆေးခြယ်ခြင်း သုံးမျိုးလုံးကို အသုံးချကြည့်ဖို့ အားပေးပါ။ 

အလျားမျဉ်းနဲ့ ရှုထောင့် - ကောင်းကင်နဲ့ ပင်လယ်ကို ဘယ်လိုမျဉ်းသုံးပြီး ခွဲခြားမယ်၊ ရှေ့ဖက်မြင်ကွင်းတွေနဲ့ နောက်ခံမြင်ကွင်းတွေကို ဘယ်လိုရှုထောင့်မျိုးသုံးပြီး ဖန်တီးရမလဲ ဆိုတာမျိုးကိုပါ သင်ကြားပြသပေးပါ။ ဒီလိုလုပ်ခြင်းက သူတို့ရဲ့ ဖန်တီးမှုစွမ်းရည်ကို ပိုမိုတိုးတက်လာစေနိုင်ပါတယ်။

အရောင်စက်ဝိုင်း - အခြေခံအရောင်သုံးရောင်ဖြစ်တဲ့ အနီရောင်၊ အဝါရောင်နဲ့ အပြာရောင်ကစပြီးတော့ အရောင်တွေရဲ့ ရောယှက်ဖန်တီးနိုင်မှုကို ပြသပေးပါ။ အရောင်တွေကို စမ်းသပ် ပေါင်းစပ်ကြည့်ပြီးတော့ သူတို့ကိုယ်ပိုင်အရောင်ကားချပ်တွေကို ဖန်တီးလာနိုင်အောင် ကူညီပေးပါ။

ကောက်ကြောင်း - ကောက်ကြောင်းတွေက အနုပညာလက်ရာတစ်ခုမှာ ပုံသဏ္ဍာန်နဲ့ ရုပ်ပုံ ပေါ်လာစေဖို့ အတွက် ကူညီပေးပါတယ်။ မျဉ်းအတွင်းမှာပဲ အရောင်ခြယ်ဖို့ ခက်ခဲနေတဲ့ ကလေးတွေအတွက် အနားသပ်ကို ရောင်စုံခြယ်ဖယောင်းကိုသုံးပြီး အရင်ခြယ်ကြည့်ပါ။ ပြီးမှ ရေဆေးအသုံးပြုကာ အရောင်ခြယ်ပါ။ 

ဒီလက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့ဆိုရင် ကိုယ်ရဲ့ ကလေးငယ်ကို ဘဝတစ်လျှောက်လုံး အနုပညာချစ်မြတ်နိုးသူတစ်ယောက်ဖြစ်လာဖို့ ပျိုးထောင်နိုင်ပါလိမ့်မယ်။ ကလေးတွေကို စမ်းသပ်ကြည့်ဖို့၊ စွန့်စားမှုတွေလုပ်ဖို့ ကိုလည်းအားပေးဖို့ မမေ့ပါနဲ့။ ဒါပေမယ့် အရေးအကြီးဆုံးကတော့ လုပ်နေတဲ့တစ်‌လျှောက်လုံးမှာ သူတို့လေးတွေ ပျော်ရွှင်နေဖို့ပဲ ဖြစ်ပါတယ်။ ကဲ ကိုယ်ရဲ့ ကလေးလေးတွေနဲ့ အနုပညာလက်ရာအသစ် တစ်ခု ဖန်တီးဖို့ အဆင့်သင့်ဖြစ်နေကြပြီလား။ 


Share

Comments

Daw San Naing

အနုပညာဝါသနာပါတဲ့ကလေးတွေက သူတို့ဘဝကို လှပအောင်တည်ဆောက်နိုင်တယ်။ လောကကြီး သာယာလှပအောင်လည်း ထောက်ပံ့နိုင်ပါတယ်။

Anonymous

ဖန်တီးမှုအနုပညာရဲ့တန်ဖိုးနဲ့စည်းမျည်းတွေနားလည်ဖို့၊အနုပညာမှရရှိမယ့် စိတ်အေးချမ်းမှု၊နူးညံ့ပျော်ရွှင်ခြင်း၊ပန်းချီကားတစ်ချပ်အပေါ်အနုပညာရှင်ရဲ့ကြိုးပမ်းအားထုတ်မှု၊မြတ်နိုးမှုတို့ကိုသိမြင်ခံစားလာနိုင်ပြီး အနုပညာကိုတန်ဖိုးထားတတ်သောSocietyတစ်ခုကိုဖန်တီးဖို့ဒီနည်းလမ်းတွေနဲ့ ကလေး‌တွေကိုပျိုးထောင်သင့်

Phyo Thet Han

ဖန်တီးမှုအနုပညာရဲ့တန်ဖိုးနဲ့စည်းမျည်းတွေနားလည်ဖို့၊အနုပညာမှရရှိမယ့် စိတ်အေးချမ်းမှု၊နူးညံ့ပျော်ရွှင်ခြင်း၊ပန်းချီကားတစ်ချပ်အပေါ်အနုပညာရှင်ရဲ့ကြိုးပမ်းအားထုတ်မှု၊မြတ်နိုးမှုတို့ကိုသိမြင်ခံစားလာနိုင်ပြီး အနုပညာကိုတန်ဖိုးထားတတ်သောSocietyတစ်ခုကိုဖန်တီးဖို့ဒီနည်းလမ်းတွေနဲ့ ကလေး‌တွေကိုပျိုးထောင်သင့်

Related Posts