မျက်စိနာတာ သက်သာအောင် ဘာတွေလုပ်သင့်လဲ

Posted in ကျန်းမာရေး


မျက်စိနာတာဟာ ရာသီအပြောင်းအလဲတွေမှာ လူကြီး၊လူငယ် မရွေး ဖြစ်တတ်တဲ့ရောဂါဖြစ်ပြီးတော့ အမြင်အာရုံဝေဝါးစေကာ စိတ်ကသိကအောက်ဖြစ်စေတာမို့ တစ်နေ့တာအလုပ် မတွင်စေပါဘူး။ အဓိက အကြောင်းအရင်းကတော့ မျက်လုံးထဲကို Bactaria, Virus အစရှိတဲ့ ပိုးမွှားတွေ၊ Allergy ဓာတ်မတည့်တာတွေ၊ မိတ်ကပ်ပစ္စည်းတွေ အစရှိတာတွေကြောင့် Conjunctivitis (Pink Eye) လို့ခေါ် တဲ့ မျက်စိနာ၊ မျက်မြှေးရောင်တတ်တာပါ။ ဒါ့အပြင် Covid-19ကြောင့်လည်း မျက်စိနာတာ ဖြစ်စေတတ်ပါတယ်။ မနက်နိုးလာလို့ မျက်စိက အနည်းငယ်နီနေပြီး ဖွင့်၊မှိတ်ရခက်တာ၊ မျက်ရည်ပူတွေကျတာ၊ မျက်ဝတ်ထွက်တာများနေတတ်ပြီး မျက်လုံးက စေးကပ်ကပ်ဖြစ်နေပြီဆို မျက်စိနာ၊ မျက်မြှေးရောင်ရောဂါ ဖြစ်နေပါပြီ။‌ ပုံမှန်အားဖြင့် တပတ် (သို့) နှစ်ပတ်အတွင်း ပျောက်ကင်းနိုင်ပေမယ့် အမြန်ဆုံးသက်သာစေပြီး တခြားသူတွေလည်း မကူးစက်‌အောင် ဒီဆောင်းပါးထဲက နည်းလမ်းကောင်းလေးတွေ ဆက်ဖတ်ကြည့်လိုက်ရအောင်ပါ။

မျက်စိကို ခဏခဏမပွတ်ပါနဲ့ 

မသန့်ရှင်းတဲ့လက်နဲ့ မျက်စိကို ကိုင်မိ၊ ပွတ်မိပြီဆိုရင် မျက်စိနာတာဟာ တခြားပိုးတွေ ကူးစက်နိုင်ပြီး အခြေအနေ ပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့်မို့ သေချာဂရုပြုပြီး လက်ကို ဆပ်ပြာနဲ့ သေချာဆေးပေးပါ။ အထူးသဖြင့် မျက်စိနာတဲ့ဘက်ကို ထိပြီးတိုင်း လက်ကို ဂရုတစိုက်ဆေးပေးပါ။

မကူးစက်စေပါနဲ့

မျက်စိတစ်ဖက်က စပြီး နေရထိုင်ရခက်လာပြီဆို နောက်တစ်ဖက်ကို မကူးအောင်‌ သေချာဂရုပြုနေသင့်တယ်။ ဘာလို့ဆို ၂ဖက်လုံး ကူးစက်သွားရင် ပျောက်ဖို့ကြာနိုင်လို့ပါ။ နောက်ပြီး မျက်စိနာတာဟာ Bactariaကြောင့် ကူးစက်တတ်တာမို့ ကိုယ့်ကြောင့် မိမိပတ်ဝန်းကျင်က အခြားသူတွေပါ မကူးစက်အောင် ကိုယ်နေ့တိုင်းအသုံးပြုနေတဲ့ပစ္စည်းတွေကို ပုံမှန်ထက် သန့်သန့်ရှင်းရှင်းထားပြီး တသီးတသန့် အသုံးပြုသင့်ပါတယ်။

ဆရာ၀န်နဲ့ပြသပါ

မျက်စိနာတာ ရက်အနည်းငယ်ကြာလို့မှ အယောင်မကျတာ၊ မျက်ဝတ်တွေထွက်တာ၊ အမြင်အာရုံတွေ ဝေဝါးလာပြီဆို နီးစပ်ရာ မျက်စိဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ ဆရာဝန်ညွှန်ကြားချက်နဲ့ မျက်စိနာစေတဲ့အကြောင်းအရင်းပေါ် မူတည်ပြီး လိုအပ်သလို မျက်စဉ်းခပ်တာ၊ ဆေးသောက်တာနဲ့ သက်သာပျောက်ကင်းနိုင်ပါတယ်။

မျက်စိနာတာ သက်သာစေမယ့် နည်းလမ်းတွေ သိပြီဆိုတော့ နောင်မဖြစ်အောင်နဲ့ ကြိုတင်ကာကွယ်ဖို့အတွက်ကတော့ …

  • မျက်လုံးကို လက်နဲ့ပွတ်တာ၊ ကိုင်တွယ်ထိတွေ့တာမျိုး‌ ရှောင်ပြီး လက်တွေကို မကြာခဏ ရေနဲ့ ဆပ်ပြာသုံးပြီး သေချာလေး သန့်စင်ဆေးကြောပါ။
  • မျက်ကပ်မှန်တွေ၊ Eyes Makeupပစ္စည်းတွေ၊ မျက်နှာသုတ်ပဝါ၊ ခေါင်းအုံးစွတ် စတဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကို ပုံမှန်လျှော်ဖွတ်၊ သန့်စင်ပြီး အခြားသူနဲ့ မျှဝေသုံးစွဲတာမျိုးကို ရှောင်ပါ။

အရေးကြီးဆုံးကတော့ မျက်စိနာပြီဆို တတ်နိုင်သမျှ ဆရာဝန်ပြသပြီး ညွှန်ကြားချက်အတိုင်း လိုက်နာဖို့ လိုပါတယ်။ ကိုယ့်မျက်လုံးကို တတ်နိုင်သလောက် အနားပေးပြီး အာဟာရမျှတစွာ စားသောက်မယ်ဆို မျက်စိနာတာကို ထိုက်သင့်သလောက် ကြိုတင်ကာကွယ်နိုင်ပါတယ်။


Share

Comments

Related Posts