အချစ်တော်ခွေးလေးနဲ့ လမ်းလျှောက်ထွက်တော့မယ်ဆိုရင်

Posted in အိမ်မွေးတိရစ္ဆာန်


တိလေးတို့ရဲ့ အပြင်ထွက်လမ်းလျှောက်ချိန်ဆိုတာ ပြင်ပပတ်ဝန်းကျင်နဲ့ အနီးကပ်ထိတွေ့ခွင့်ရတဲ့ အချိန်လေးဖြစ်ပြီး ကိုယ်လက်လှုပ်ရှား ကျန်းမာခြင်းထက် ပိုတဲ့ အကျိုးကျေးဇူးတွေရတဲ့ တန်ဖိုးရှိသောအခိုက်အတံ့လေးပါ။ တိလေးတို့က အိမ်တွင်းမှာပဲ အနေများလာတဲ့အခါ လှုပ်ရှားမှုနည်းလို့ အဝလွန်လာတာအပြင် စိတ်ပိုင်းဆိုင်ရာအရလည်း အထီးကျန်တာမျိုးတွေပါ ခံစားရလာနိုင်ပါတယ်။ ဒါကြောင့် တိပိုင်ရှင်နဲ့ တူတူအပြင်ထွက် လမ်းလျှောက်ခြင်းက တိလေးတို့ ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်ပြီး အရိုးအဆစ်တွေကောင်းမွန်စေတဲ့ စတဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအကျိုးကျေးဇူးတွေအပြင် တိလေးတို့ရဲ့ စိတ်ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးတွေ ရှိတာမို့ သူတို့အတွက် ဒီလိုလမ်းလျှောက်ထွက်တဲ့ အချိန်ကို ပုံမှန်လေး အချိန်မှန်လုပ်ဆောင်ပေးသင့်ပါတယ်နော်။ သူတို့လေးတွေ စိတ်ချမ်းသာ ကျန်းမာနေဖို့ အပြင်ထွက် အညောင်းညာပြေ လမ်းလျှောက်ကြတဲ့အခါ အန္တရာယ်ကင်းကင်း၊ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာအချိန်ကောင်းလေးတွေ ဖန်တီးနိုင်မယ့် အခြေခံနည်းလမ်း‌ကောင်းလေးတွေကို မျှဝေလိုက်မယ်နော်။

အန္တရာယ်ကင်းဖို့ ပစ္စည်းလေးတွေ

သက်တောင့်သက်သာရှိပြီး လုံခြုံတဲ့လမ်းလျှောက်ချိန်လေးဖြစ်ဖို့အတွက် အရည်အသွေးကောင်းမွန်တဲ့ တိအသုံးအဆောင်ပစ္စည်း‌လေးတွေက အချစ်တော်လေးတွေအတွက် မရှိမဖြစ်ပါ။ မတင်းလွန်း၊ မချောင်လွန်းတဲ့ လက်၂လုံးစာ ချောင်ထားတဲ့ လည်ပတ်တစ်ခုရယ်၊ လမ်းလျှောက်၊ ပြေးတဲ့အခါ ဝတ်ကြတဲ့ ဝတ်စုံလေးတွေရယ်၊ လွတ်လွတ်လပ်လပ်သွားနိုင်ဖို့အပြင် ကောင်းကောင်းထိန်းချုပ်နိုင်တဲ့ အကွာအဝေးရှိတဲ့ အထိန်းကြိုးကောင်းတစ်ခုရယ်ပါ ဆောင်ထားဖို့လိုပါတယ်။ ခပ်ဝေးဝေး လမ်းလျှောက်တဲ့အခါမျိုးတွေ၊ မိုးရွာတဲ့ရက်တွေမှာဆို ပါပီလေးတို့ ခြေဖဝါးလေးတွေ အနာတရမဖြစ်အောင် ဖိနပ်ကောင်းကောင်းလေးတစ်ရံ ဝတ်ဆင်ပေးဖို့ အရေးကြီးတယ်နော်။ 

အချိန်၊ နေရာ၊ ရာသီဥတု

မနက်စောစော အချိန်နဲ့ ညနေအချိန်တွေဟာ အပူချိန်သက်သာကာ လူသွားလူလာနည်းချိန်မို့ အချစ်တော်လေးအတွက် သာယာအေးချမ်းတဲ့ လမ်းလျှောက်ချိန်ကောင်းလေး ဖြစ်မှာပါ။ နွေရက်တွေမှာဆို အပူချိန်မြင့်တတ်နေတဲ့ အချိန်မျိုးတွေ အပြင်ထွက်ဖို့ရှောင်ရှားသင့်ပြီး ဆောင်းရက်တွေမှာလည်း အအေးမမိအောင် နွေးနွေးထွေးထွေးရှိစေဖို့ လိုပါတယ်။ 

လမ်းလျှောက်ရာ နေရာနဲ့ လမ်းကြောင်းရွေးရာမှာ ကားများတဲ့နေရာတွေ၊ ခွေးလေခွေးလွင့်များတဲ့နေရာတွေ၊ အန္တရာယ်ရှိတဲ့အပင်၊ ဓာတုပစ္စည်းတွေနဲ့ ထိရှနိုင်တဲ့ပစ္စည်းတွေရှိတဲ့နေရာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားပေးပါ။ ရေနဲ့ အဆာပြေစားစရာ အနည်းငယ်လည်း ယူသွား၊ ဆောင်သွားရင်း စိတ်ဝင်စားစရာ၊ စူးစမ်းချင်စရာ၊ စိတ်အပန်းဖြေစရာကောင်းတဲ့ ပန်းခြံတွေ၊ လမ်းတိုလေးတွေက တိလေးနဲ့ ပျော်စရာအချိန်ကောင်းလေးတွေ ဖန်တီးဖို့အကောင်းဆုံးဖြစ်မှာပါ။ 

အပြုအမူလေးတွေကို စောင့်ကြည့်ပါ

ခွေးလေးနဲ့ လမ်းလျှောက်တဲ့အခါ အကွာအဝေးဘယ်လောက် ‌ရောက်ရမယ်လို့ သတ်မှတ်တာထက်စာရင် သူလေးရဲ့ သဘာဝစူးစမ်းချင်စိတ်ကို အလေးပေးပြီး ဖြေးဖြေးမှန်မှန် သွားဖို့ အကြံပေးချင်ပါတယ်။ တိပိုင်ရှင်တို့ ပုံမှန်လမ်းလျှောက်တဲ့ အချိန်နဲ့ အကွာအဝေးအတိုင်း သွားနေမယ်ဆို တိလေးအတွက် ပင်ပန်းနွမ်းနယ်မှုသာ ဖြစ်စေနိုင်ပြီး စိတ်ပိုင်းဆိုင်ရာအတွက်လည်း အကျိုးမထူးနိုင်ပါဘူး။ ဘာကြောင့်ဆို တချို့တိလေးတွေက သူတို့စိတ်ထဲ လုံခြုံစိတ်ချတယ်လို့ ခန့်မှန်းထားတဲ့ တစ်နေရာတည်းကိုပဲ အခါခါ သွားလာချင်ကြတာလည်း ရှိတတ်ပြီး တချို့ကြတော့လည်း ပတ်ဝန်းကျင်မှာ မြင်တွေ့နေကြမဟုတ်တဲ့ နေရာသစ်လေးတွေကို စူးစမ်းချင်စိတ်အပြည့်နဲ့ သွားချင်ကြတာလည်း ရှိတတ်လို့ပါ။ ဒါကြောင့် တူတူလမ်းထွက်လျှောက်ချိန်မှာ ကိုယ့်တိလေးရဲ့ အပြုအမူတွေ စောင့်ကြည့်လေ့လာကြည့်ပြီး သူတို့သွားချင်တဲ့ အကွာအဝေးနဲ့ အလေ့အထတွေကို ခန့်မှန်းရင်း သူလေးအတွက် အချိန်ကောင်းလေးတွေ တူတူဖြတ်သန်းနိုင်ဖို့လိုပါတယ်။

အညစ်အကြေးစွန့်တဲ့အခါ

ပါပီလေးနဲ့ အပြင်ထွက်လမ်းလျှောက်ကြတဲ့အခါ လမ်းမှာ သူတို့လေးတွေ စွန့်တဲ့အညစ်အကြေးတွေကို ပြန်လည်သိမ်းဆည်းပြီး သေချာအမှိုက်ပစ်ပေးဖို့လည်း လိုပါသေးတယ်။ ဒီတိုင်းထားခဲ့လိုက်မယ်ဆို လမ်းသွားလမ်းလာတွေအတွက် အနှောင့်အယှက်ဖြစ်စေနိုင်ပြီး သန့်ရှင်းသပ်ရပ်သင့်တဲ့ သဘာဝပတ်ဝန်းကျင်အတွက်လည်း မကောင်းစေနိုင်တာပါ။ ဒါကြောင့် ပါပီလေးနဲ့ လမ်းလျှောက်ထွက်ပြီဆို အညစ်အကြေးစွန့်တဲ့အခါ ပြန်လည်သိမ်းဆည်းဖို့အတွက် လက်အိတ်နဲ့ အိတ်အသေးတစ်ခု ‌ဆောင်သွားဖို့လည်း မမေ့သင့်ပါဘူးနော်။

အချစ်တော်အာဝုလေးနဲ့ လမ်းလျှောက်ထွက်ကြရာမှာ ဘယ်တိလေးအတွက်ဆိုပြီး တိကျသေချာတဲ့ လမ်းညွှန်ချက်ရယ်လို့ မရှိပေမဲ့ ကိုယ့်တိလေးရဲ့ သဘာဝ၊ အပြုအမူနဲ့ ကျန်းမာရေးပေါ်မူတည်ပြီး ဆောင်ရန်ရှောင်ရန်‌လေးတွေ ပြင်ဆင်ထားနိုင်ပါတယ်။ အပေါ်မှာ ပြောပြထားတဲ့အချက်လေးသာ အခြေခံအနေနဲ့ ရှိထားမယ်ဆို ဖြစ်လာနိုင်တဲ့၊ မခန့်မှန်းနိုင်တဲ့ အဆင်မပြေမှုတွေကို အတတ်နိုင်ဆုံးရှောင်ရှားနိုင်ပြီး တိလေးအတွက်ရော တိပိုင်ရှင်အတွက်ပါ စိတ်ချမ်းသာ ကိုယ်ကျန်းမာတဲ့ လမ်းလျှောက်ချိန်လေးတွေ ဖန်တီးနိုင်ပါစေနော်။


Share

Comments

Related Posts