သက်သတ်လွတ်ဟင်းတွေ ဘာချက်ရမလဲ ခေါင်းမရှုပ်ရ‌အောင်

Posted in အစားအစာ


အိမ်ရှင်မတို့ရေ…ချက်ရတာ မြန်လည်းမြန်၊ လွယ်လည်းလွယ်မယ့် ဟင်းပွဲတွေ ချက်ဖို့ ခေါင်းစားနေကြပြီလား… တစ်နေ့ တစ်နေ့ အသားဟင်းတွေချည်း စားရပျင်းလာရင် ကျန်းမာ‌ရေးနဲ့ ညီညွှတ်တဲ့ အသီးအရွက်၊ အစေ့အဆန်တွေနဲ့ ပြုလုပ်တဲ့ သက်သတ်လွတ်ဟင်းလျာတွေလည်း တမျိုးတမည် စမ်းစားကြည့်သင့်တယ်နော်။ အလှအပအတွက် Diet လုပ်ကြသူတွေရော၊ ကျန်းမာရေးအရ သက်သတ်လွတ်စားကြသူတွေ အတွက်ပါ အရသာရှိပြီး အဆင်ပြေပြေ၊ မြန်မြန်ဆန်ဆန်လုပ်စားလို့ရတဲ့ သက်သတ်လွတ်ဟင်းလျာတွေ ပြောပြသွားမှာမို့ ဒီလုပ်နည်းလေးတွေ အိမ်မှာ လုပ်စားကြည့်ကြည့်ရ‌အောင်။ 

ဟင်းနုနွယ် ပါစတာ

အားလုံးကြိုက်ကြမယ့် ဒီပါစတာလုပ်နည်းမှာတော့ ခရမ်းချဥ်သီးရယ်၊ ဟင်းနုနွယ်ရွက်တွေနဲ့ ပါစတာခေါက်ဆွဲ ဒီ၃မျိုးပဲ အဓိကလိုအပ်ပါတယ်။ နှစ်သက်ရာ ပါစတာခေါက်ဆွဲအမျိုးအစားကို နည်းလမ်းမှန်မှန်နဲ့ အရင်ဆုံးပြုတ်ထားပြီး ခရမ်းချဥ်သီးကို မီးအေးအေးနဲ့ အနည်းငယ်အပူပေး ထားထားပါ။ ပြီးမှ ပြုတ်ပြီး ရေသေချာစစ်ထားတဲ့ ပါစတာတွေနဲ့ ဟင်းနုနွယ်ရွက်တွေကို ခရမ်းချဥ်သီး သို့ အနှစ်နဲ့ နောက်ထပ်၅မိနစ်လောက် နှစ်သက်ရာ အပေါ့အငန်အရသာထည့်ပြီး သမအောင် မွှေပေးပြီးရင် စားလို့ရပါပြီ။ vegan parmesan cheeseလေးတွေ ရှိရင် အပေါ် ကနေ ဖြူးစားလို့ ရသေးတယ်နော်။

နာနတ်သီး တို့ဖူးထမင်းကြော် 

ထမင်းကြော် မကြိုက်တဲ့သူ မရှိဘူးဟုတ်…ဟင်းချက်ရပျင်းတဲ့ အချိန်တွေမှာ ချက်ပြီးသား ထမင်းလေးနဲ့ အိမ်မှာရှိတဲ့ ဟင်းသီးဟင်းရွက်တွေ ထည့်ချက်တာလည်း သက်သတ်လွတ်အစားအစာလေးပေါ့။ လုပ်နည်းလေးကတော့ တို့ဖူးအတုံးလေးတွေ လှီးကာ အရင်ဆုံးကြော်ထားပြီး နောက်မှ ထမင်း ၊ဟင်းခတ်အ‌မွှေးအကြိုင်တွေနဲ့ ကြော်လိုက်ပါ။ နောက်ဆုံးမှ နာနတ်သီးအတုံးလေးတွေထည့်၊ မီးအေးအေးနဲ့ သမ‌အောင် ရောမွှေပေးရုံပါပဲ။ နာနတ်သီးထည့်ရတာ မကြိုက်ဘူးဆိုလည်း နှစ်သက်ရာ အသီးအရွက်လေးတွေ အစားထိုးကြော်စားလို့ ရတယ်နော်။

ခရမ်းသီးမြေပဲနှပ် 

ကယ်လိုရီနည်းနည်းနဲ့ ပေါ့ပေါ့ပါးပါးစားချင်တယ်ဆို ဒီခရမ်းသီးနှပ်လေးကလည်း သက်သတ်လွတ်ဟင်းလျာတွေထဲ မပါမဖြစ်ပါပဲ။ အရင်ဆုံး ခရမ်းသီးတွေကို အရွယ်တော်လှီးထားပြီး နူးညံ့သွားတဲ့အထိ ၁၅မိနစ်ကြာ ပြုတ်ထားပေးပါ။ ပြီးရင် ဒယ်အိုးတစ်ခုပေါ်မှာ ထောပတ်မြေပဲနှစ်ကို ရေနွေးအနည်းငယ်၊ ပဲငံပြာရည်၊ ရှာလကာရည်၊ သကြား၊ ငရုတ်ဆီတို့နဲ့ ရောမွှေပေးလိုက်ပါ။ အားလုံးပြီးမှ မြေပဲအနှစ်ပေါ်မှာ ခရမ်းသီးတွေကို ဟိုဘက်ဒီဘက် လှန်ပေးပြီးရင် နှမ်းလေးဖြူးကာ သုံးဆောင်လို့ရပါပြီ။

ပြောင်းဖူးမြေပဲသုပ်

သက်သတ်လွတ်မစားဖြစ်ရင်‌တောင် အမြဲစားဖြစ်ကြတဲ့ ဒီအသုပ်လေးကို ပိုပြီးအရသာရှိသွားစေအောင် ပြောင်းဖူး၊ ထောပတ်သီးတို့နဲ့ upgradeလုပ်ပြီး စားကြည့်ကြမယ်။ မြေပဲ သို့ ပဲကတ္တီပါ အသုံးပြုလို့ရပြီး ပဲတွေကို နူးနေအောင် အရင်ဆုံးပြုတ်ထားလိုက်ပါ။ ပြောင်းဖူးကိုလည်း ပြုတ်ကာ ‌အကုန်ချွေထားပြီး ထောပတ်သီးတွေကိုလည်း အတုံးသေးသေးလေးတွေ စိပ်ထားလိုက်ပါ။ အားလုံးအဆင်သင့်ဖြစ်ရင် အားလုံးကို နှစ်သက်ရာအရသာ အပေါ့၊အငန်ထည့်ပြီး ရောသမွှေလို့ရပါပြီ။ ဆလပ်ရွက်၊ ဂေါ် ဖီထုပ်တွေနဲ့လည်း ထုပ်ပြီး တွဲဖက်စားလို့ရတော့ Dietသမားတွေအတွက်လည်း အဆင်ပြေစေမယ့် Recipeလေးပါ။ 

ထောပတ်‌မြေပဲ Toast

အစိမ်း၊ အဝါ အရောင်စိုစိုလေးနဲ့ Toastလေးစားချင်တယ်ဆို ဒီrecipeလေးက အရသာရှိရှိနဲ့ အာဟာရပြည့်ဝစေတာလေးပေါ့။ ပဲဝါလေးတွေကို ပန်းကန်တစ်ခုထဲမှာ Lemon Juice နှမ်းဆီတို့နဲ့ ညက်နေအောင် ရောမွှေလိုက်ပါ။ ပြီးရင် ထောပတ်သီးကိုလည်း ဇွန်းနဲ့ခြစ်ထားပြီး ညက်အောင် ထပ်မွှေထားလိုက်ပါ။ ပြီးသွားမှ ပဲရော၊ ထောပတ်နှစ်တွေရောကို ‌ရောလိုက်ပြီး ကြိုက်ရာ ပေါင်မုန့်အမျိုးအစားပေါ် မှာ သုတ်ပြီး နှမ်းနက်ဖြူးကာ အရသာရှိရှိ စားလို့အဆင်သင့်ဖြစ်ပါပြီ။  

ပဲငရုတ်ပွချက်

ဒီ Recipe လေးက ပါဝင်ပစ္စည်းနည်းနည်းနဲ့ လွယ်လွယ်ကူကူ အရသာရှိရှိစားလို့ရတဲ့ သက်သတ်လွတ်ဟင်းလျာလေးပေါ့။ လုပ်နည်းကတော့ အရင်ဆုံး ကြက်သွန်နီဆီသတ်ပြီး အရွယ်တော်လှီးထားတဲ့ ငရုတ်ပွတွေကို ငရုတ်သီးအစိမ်းမှုန့်နဲ့ ၂မိနစ်လောက် ချက်ပေးရမှာပါ။ ပြီးသွားရင် ခရမ်းချဉ်သီးအနှစ်နဲ့ ပဲနက်တွေကို ငရုတ်ပွတွေနဲ့ ရောမွှေပြီးတော့ မီးအေးအေးနဲ့ မိနစ် (၂၀)လောက် ချက်ပေးပြီး နောက်ဆုံးမှာ ဆား၊ ငရုတ်ကောင်း ထည့်ပြီး ထမင်းလေးနဲ့ အရသာရှိရှိစားလို့ရတော့ ဒီထက်လွယ်ကူတဲ့ ချက်နည်းမရှိလောက်ဘူးနော်။

ဒီသက်သတ်လွတ်ဟင်းလျာတွေက ပါဝင်ပစ္စည်းနည်းနည်းနဲ့ ဟင်းချက်ချိန်ကလည်း မိနစ်၃၀ထက် မပိုတာမို့ ဆိုင်မှာဝယ်စားထက်စာရင် အချိန်ကုန်၊ ငွေကုန် သက်သာပြီး ကိုယ့်အိမ်မှာပဲ အရသာရှိရှိ သန့်သန့်ရှင်းရှင်း လုပ်စားလို့ရတဲ့ ဟင်းလျာတွေပါပဲ။ 


Share

Comments

Related Posts