အိမ်မွေးတိလေးတွေနဲ့ ခရီးသွားတော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်လေးတွေ

Posted in အိမ်မွေးတိရစ္ဆာန်


မိုးအကုန် ဆောင်းအကူးကာလကတော့ နေရာအသစ်တွေကို ခရီးသွားလို့ သင့်တော်တဲ့ အချိန်တစ်ခုဖြစ်ပါတယ်။ တိဖေဖေမေမေတို့ အနေနဲ့ ကိုယ့်အိမ်မွေးတိလေးတွေနဲ့ အမှတ်တရကောင်းလေးတွေ ဖန်တီးချင်ကြတာကြောင့် ခရီးအတူတူသွားဖို့ ဆုံးဖြတ်တတ်ကြပါတယ်။ ဒါပေမယ့် တိလေးတွေ‌ရော တိဖေဖေမေမေတို့အတွက်ပါ အဆင်ပြေချောမွေ့တဲ့ ခရီးစဉ်လေးတစ်ခုဖြစ်လာဖို့အတွက် ခရီးစဉ်ကို သေသေချာချာ အစီအစဉ်ဆွဲထားဖို့လိုပါတယ်။ ကဲ စိတ်ဖိစီးမှုကင်းဝေးပြီး သူတို့လေးတွေနဲ့ ခရီးသွားနိုင်ဖို့အတွက် သိထားသင့်တဲ့ အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။

ကိုယ့်တိလေးတွေ ခရီးသွားတဲ့အခါ ပြုမူတတ်တဲ့ အမူအကျင့်တွေကို သိထားပါ

တိလေးတွေ ခရီးသွားတဲ့အခါ ပြုမူတတ်တဲ့ အမူအကျင့်တွေက တစ်ကောင်နဲ့တစ်ကောင် မတူတတ်ကြပါဘူး။ တချို့တိလေးတွေက ကားစီးရတာ ကြိုက်ပေမယ့် ကားစီးရတာကို ကြောက်တဲ့တိလေးတွေလဲ ရှိနိုင်ပါတယ်။ သူတို့လေးတွေနဲ့ ခရီးသွားလေ့သွားထမရှိဖူးဆိုရင် ခရီးတိုလေးတွေအရင်ထွက်ကြည့်ပြီး ကားစီးတဲ့အခါ သူတို့ သက်တောင့်သက်သာရှိရဲ့လား၊ ဘယ်လိုပြုမူသလဲဆိုတာလေ့လာကြည့်ပါ။ ဒီလိုလုပ်ခြင်းက ကားမူးတတ်တာလိုမျိုး ခရီးထွက်တဲ့အခါမှာ ကြုံလာရနိုင်တဲ့အခြေအနေတွေကို ကြိုတင်သိရှိနိုင်စေပါတယ်။

ခရီးစဉ်ကို ကြိုတင်အစီအစဉ်ဆွဲထားပါ

ကိုယ်ခရီးသွားမယ့်နေရာမှာ တိလေးတွေကိုပါလက်ခံတဲ့ တည်းခိုနိုင်တဲ့နေရာမျိုးရှိလားဆိုတာ အရင်စုံစမ်းလေ့လာကြည့်ပါ။ သင့်တော်မယ့်နေရာတွေ့ပြီဆိုရင် တိလေးတွေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့စည်းကမ်းချက်တွေ၊ တားမြစ်ချက်တွေ၊ အထူးသဖြင့် တိလေးတွေကို အတူခေါ်လာတာကြောင့် အပို အခကြေးငွေပေးရ၊ မပေးရ ဆိုတာမျိုးကိုပါ မေးမြန်းကြည့်ပါ။ တည်းခိုမယ့်နေရာကို သူတို့လေးတွေ သက်တောင့်သက်သာ အဖြစ်နိုင်ဆုံးနေရာကို ရွေးချယ်သင့်ပါတယ်။ ဒါ့အပြင် ဘယ်လိုနည်းလမ်းနဲ့ ခရီးသွားရင် သူတို့လေးတွေ သက်တောင့်သက်သာနဲ့ လိုက်ပါနိုင်မလဲဆိုတာကိုပါ ထည့်သွင်းစဉ်းစားပါ။

ခရီးသွားပစ္စည်းအစုံအလင်ကိုပါ ထည့်သွင်းပြင်ဆင်ပါ

သူတို့လေးတွေ စားနေကျအစာ၊ ရေ၊ ဆေးဝါးအပြင် သူတို့အတွက် အရေးပေါ်ဆေးအိတ်ကိုပါ ပြင်ဆင်ယူဆောင်လာသင့်ပါတယ်။ လမ်းခရီးမှာ ကျန်းမာရေးပြဿနာတွေနဲ့ ကြုံလာရင် အခက်အခဲတွေ့ရနိုင်တာကြောင့် ကြိုတင်ပြင်ဆင်လာသင့်ပါတယ်။ ပြီးတော့ သန့်ရှင်းရေးလုပ်တဲ့ပစ္စည်းတွေဖြစ်တဲ့ အညစ်အကြေးထည့်ဖို့အိတ်နဲ့ ဂေါ်တွေကို ထည့်သွင်းယူလာပါ။ ဆေးကုသမှတ်တမ်းလိုမျိုး အရေးကြီးတဲ့ စာရွက်စာတမ်းတွေကိုလဲ မမေ့မလျော့နဲ့ယူလာခဲ့ပါ။ခရီးစဉ်တစ်လျှောက်မှာ တိလေးတွေ အပျင်းပြေစေဖို့ သူတို့အကြိုက်ဆုံးအရုပ်လေးတွေကိုပါယူလာခဲ့ပါ။  

ကိုယ့်ရဲ့တိလေးကို အမှတ်အသားလုပ်ထားပါ

ကြိုတင်ကာကွယ်ခြင်းက အရေးကြီးပါတယ်။ ကိုယ့်ရဲ့ ဖုန်းနံပါတ်နဲ့ နေရပ်လိပ်စာရေးထားတဲ့ နာမည်ကဒ်ပါတဲ့ လည်ပတ်ကို သူတို့လေးတွေကို အမြဲဝတ်ထားပေးပါ။ ရက်ရှည်ခရီးထွက်မယ်ဆိုရင်တော့ ခဏတည်းခိုနေထိုင်မယ့်နေရပ်လိပ်စာကိုပါ နာမည်ကဒ်မှာ ထည့်ရေးထားသင့်ပါတယ်။ အသက်ရှူကြပ်စေမယ့် လည်ပတ်မျိုးမဟုတ်ပဲ သက်တောင့်သက်သာဖြစ်စေမယ့်လည်ပတ်မျိုးကိုသာ ရွေးချယ်ဝတ်ပေးသင့်ပါတယ်။

လမ်းခရီးမှာ ဘေးကင်းအောင်ထားပါ

ကားနဲ့ခရီးသွားမယ်ဆိုရင် တိလေးတွေနဲ့ သင့်တော်မယ့်အပြင်အဆင်ကို ကားမှာထည့်သွင်းတာမျိုးက မဖြစ်မနေလုပ်ဆောင်သင့်ပါတယ်။ သူတို့လေးတွေကို ကားထဲမှာ လွတ်လွတ်လပ်လပ် လျှောက်သွားခွင့်ပြုထားတာမျိုးက တိလေးတွေအတွက်ရော ကိုယ်ကိုယ်တိုင်အတွက်ပါ အန္တရာယ်များတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ လုံခြုံစိတ်အချရဆုံး ခရီးသွားနည်းလမ်းကတော့ ထိုင်ခုံခါးပတ် သို့မဟုတ် ချိတ်နဲ့ ချည်ထားတဲ့ လုံခြုံတဲ့ ကယ်ရီယာတစ်ခုခုနဲ့ ခေါ်သွားတာမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ကယ်ရီယာက သူတို့တွေ သက်တောင့်သက်သာ မတ်တပ်ရပ်လို့၊ စောင်းလို့၊ အိပ်လို့ရမယ့် ကယ်ရီယာမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။

ကြိုတင်ကျန်းမာရေး စစ်ဆေးပေးပါ

ခရီးတစ်ခုစမထွက်ခင်မှာ အိမ်မွေးတိလေးတွေရဲ့ ကျန်းမာရေးကို ဦးစားပေးပါ။ ဖြစ်နိုင်ခြေရှိတဲ့ ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းဖို့အတွက် ခရီးမထွက်ခင် ဆေးခန်းမှာ ဆေးကုစစ်ဆေးမှုကို လုပ်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းက ခရီးသွားမယ့်ဒေသမှာကြုံလာရနိုင်တဲ့ အခက်အခဲတွေ ဒါမှမဟုတ် ကျန်းမာရေးပြသနာတွေကို ဆွေးနွေးတိုင်ပင်နိုင်ခွင့်ရပါစေလိမ့်မယ်။

တိလေးတွေနဲ့ ခရီးအတူတူထွက်တာက အစီအစဉ်ဖို့ အကြာကြီး စဉ်းစားပြင်ဆင်ရပေမယ့် ပျော်စရာကောင်းတဲ့ အမှတ်တရတွေကို အတူတူ ဖန်တီးနိုင်ပါလိမ့်မယ်။ ပတ်ဝန်းကျင်အသစ်တွေကို စူးစမ်းလေ့လာပြီး တစ်ခါမှမတွေ့ဖူးတဲ့ လူသစ်တွေနဲ့တွေ့ရင်း ဖြစ်လာတဲ့ သူတို့လေးတွေရဲ့ တမူထူးခြားတဲ့ အမူအကျင့်အသစ်တွေကိုလဲ မျက်မြင်တွေ့ခွင့်ရဦးမှာလဲ ဖြစ်ပါတယ်။ ကဲ ဒါဆိုရင် ကိုယ်ချစ်ရတဲ့ တိလေးတွေနဲ့ ပျော်ရွှင်ဖွယ်ခရီးစဉ်လေး ဖြစ်ပါစေနော်။


Share

Comments

Related Posts