ဝါသနာကို ပျိုးထောင်ဖို့ နောက်ကျတယ်ဆိုတာ မရှိပါ 

Posted in လူမှုဘဝ, ကိုယ်ရည်ကိုယ်သွေး


အကြောင်းကြောင်းကြောင့် ကိုယ့်ဝါသနာကို စွန့်လွှတ်ခဲ့ရတာမျိုး ကြုံဖူးပါသလား။ အရင်က လုပ်ခွင့်မရခဲ့တဲ့ ဝါသနာ လေးတွေကို အကောင်အထည်ဖော်နိုင်တဲ့ အချိန်ကျတော့ အသက်အရွယ်တစ်ခုလည်း ရောက်လာပြီမလို့ အသက်နဲ့ မလိုက်တာတွေ လုပ်နေတယ်လို့ ထင်ခံရမှာ စိုးရိမ်တာမျိုး ဖြစ်တတ်ကြမှာပါ။ သင်ယူခြင်းဆိုတာ ရပ်တန့် ပစ်ရမယ့် အရာမဟုတ်သလို ကိုယ့်ဝါသနာကို စတင်လုပ်ဆောင်ဖို့ နောက်ကျတယ်ဆိုတာလည်း မရှိပါဘူး။ ဒါကြောင့် သင်ဝါသနာပါတာ ဘာပဲဖြစ်ဖြစ် အခုလက်တွေ့ အကောင်အထည် ဖော်လိုက်တော့နော်။ သက်ကြီးပိုင်းမှာ ဝါသနာကို အကောင်အထည်ဖော်ခြင်းရဲ့ ကောင်းကျိုးများစွာကို ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လိုက်ရအောင်။

(၁) စိတ်တူကိုယ်တူ မိတ်ဆွေများ ရရှိလာခြင်း  

လူဟာ ပေါင်းသင်းဆက်ဆံရေးသတ္တဝါဖြစ်တာကြောင့် အမြဲတမ်းလိုလို တစ်ယောက်တည်းဖြစ်နေမယ်ဆိုရင် ခံစားချက်တွေကောင်းမွန်နိုင်မှာ မဟုတ်ပါဘူး။ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ဝါသနာတစ်ခုကို ပြုစုပျိုးထောင် ရင်းနဲ့ ကိုယ်တောင်မသိလိုက်ခင်မှာပဲ ဝါသနာတူ အသိမိတ်ဆွေတွေ ရရှိလာမှာပါ။ အသင်းအဖွဲ့လိုက် လုပ်ဆောင် ချက်တွေက ပိုမိုတက်ကြွပြီး ပျော်စရာကောင်းတာကြောင့် ကိုယ့်ဝါသနာကိုလည်း ပိုအကောင်အထည်ဖော်နိုင်တာ ပေါ့။ ဝါသနာတူ မိတ်ဆွေတွေရှိခြင်းက ဘဝကိုစိတ်ချမ်းသာစွာဖြတ်သန်းနိုင်ဖို့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။

(၂) စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေခြင်း 

ကိုယ်စိတ်အားထက်သန်ရာ ဝါသနာတစ်ခုကို အကောင်အထည်ဖော်နေတဲ့အချိန်မှာ ပျင်းရိငြီးငွေ့မှု၊ စိတ်ဓာတ်ကျမှု၊ အထီးကျန်မှု စတဲ့ စိတ်ခံစားမှုတွေ ဝင်လာနိုင်မှာမဟုတ်ပါဘူး။ ဆန်းသစ်တီထွင်နိုင်မှုနဲ့ အာရုံစူးစိုက်နိုင်စွမ်းတွေလည်း တိုးတက်လာနိုင်ပါသေးတယ်။ အားကစား၊ စိုက်ပျိုးရေး၊ အနုပညာ အစရှိတဲ့ ဘယ်လိုဝါသနာမျိုးကိုမဆို အာရုံစိုက် လုပ်ဆောင်ခြင်းဟာ စိတ်အလိုမကျမှုတွေဖယ်ရှားနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာလာဖို့ အထောက်အကူပြုပါတယ်။ အရေးကြီးဆုံးအချက်ကတော့ ကိုယ့်ကိုယ်ကိုယ် ပိုချစ်လာနိုင်တာပါပဲ။ ကိုယ့် ဝါသနာကို လက်တွေ့အကောင်အထည် ဖော်ရင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးတက်လာရင်း၊ ကိုယ့်ကိုယ်ကိုယ် ချစ်နေရတဲ့ စိတ်ကျေနပ်မှုကို ခံစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၃) ကျန်းမာရေးကို အထောက်အကူပြုခြင်း

ဝါသနာအဟောင်းကို ဆက်လက်လုပ်ဆောင်တာပဲ ဖြစ်ဖြစ်၊ ဝါသနာအသစ်ကို သင်ယူတာပဲဖြစ်ဖြစ် ဦးနှောက်ကို အလုပ်ပေးနေတာဖြစ်လို့ ဦးနှောက်ဆဲလ်တွေကို နိုး ကြားတက်ကြွစေပြီး မှတ်ဉာဏ်ပိုင်းဆိုင်ရာ ရောဂါတွေကိုလည်း ကာကွယ်ပြီးသားဖြစ်တာပေါ့။ ကိုယ့်ဝါသနာက တောင်တက်တာ၊ ရေငုပ်တာ၊ ကတာ၊ အပင်စိုက်တာ စတာတွေဆိုရင် ရုပ်ပိုင်းဆိုင်ရာကို သိသိသာသာကျန်းမာကြံ့ခိုင် စေမှာပါ။ ဒါကြောင့် ဝါသနာ ဆိုတာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအတွက်ပါ ကောင်းကျိုးတွေ ရှိနေတယ်ဆိုတာ မြင်သာပါတယ်။

(၄) Professional အဖြစ် လုပ်ကိုင်ရင်း ဝင်‌ငွေ ရရှိလာနိုင်ခြင်း 

 အသက်ကြီးမှ စလုပ်တာမို့ ကိုယ်အခု ဝါသနာပါရာအလုပ်က ထင်သလောက် အကျိုးမရှိလောက်ဘူး၊ ဝင်‌ငွေမရနိုင်ဘူး ဆိုပြီး မသတ်မှတ်သင့်ပါဘူး။ ဘယ်လိုအလုပ်မျိုးဖြစ်ပါစေ ကိုယ်ပိုင်ကြိုးစားမှုနဲ့ စန်းကြောင့် အသက်အရွယ်မရွေး အောင်မြင်မှုရနိုင်ပြီး ဝင်‌ငွေရနိုင်ပါတယ်။ ဒါကြောင့်မို့ ပူပင်မှုတွေကို အတတ်နိုင်ဆုံး လျော့ချပြီး ကိုယ်သွားချင်ရာလမ်းကြောင်းကို အားမငယ်၊ ဇွဲမလျော့ဘဲ ကြိုးစားမယ်ဆို အောင်မြင်မှုရနိုင်မှာပါ။ ဥပမာ ကိုယ့်ဝါသနာက ပန်းပုထုတာ၊ ပန်းချီဆွဲတာတို့ဆိုရင် ကိုယ့်လက်ရာလေးတွေကို ရောင်းချကြည့်ရင်း တဖက်တလမ်းကနေ ဝင်ငွေရနိုင်တာပေါ့။

(၅) အရင်ထက်ပိုပြီး အချိန်ကိုစီမံခန့်ခွဲတတ်လာခြင်း 

  ဝါသနာပါရာအလုပ်နဲ့ ဘဝရဲ့တခြားလုပ်ငန်းဆောင်တာတွေကို မျှမျှတတနဲ့ အချိန်ပေးပြီး လုပ်ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ဝါသနာပါရာအလုပ်လေးလုပ်ဖို့ အချိန်တွေကို စနစ်တကျစီမံဖို့ကလည်း လိုပြန်ပါတယ်။ ဘယ်နေ့၊ ဘယ်ချိန်၊ ဘာလုပ်မယ်ဆိုတာကို planသေချာလုပ်ထားမယ်ဆိုရင် ကိုယ့်ဝါသနာကိုလည်း ဖြည်းဖြည်းချင်း အကောင်အထည်ဖော်နိုင်လာမှာပါ။ နောက်ပြီး အချိန်နဲ့ စနစ်တကျစီမံထားတဲ့အတွက် အလုပ်တိုင်းကို သေချာအာရုံစူးစိုက်လုပ်နိုင်ပြီး ကိုယ့်ရဲ့Time Management Skill ကလည်း သိသိသာသာတိုးတက်လာနိုင်ပါတယ်။

(၆) သင်ယူမှုမပြတ်စေခြင်း 

ဘယ်အရာမဆို အဆက်မပြတ်လေ့လာသင်ယူမှုတွေက ရှိရင်းဗဟုသုတကို ပိုတိုးပွားစေသလို Skillsအသစ်တွေက ဘဝနေထိုင်မှုအတွက် တနည်းတဖုံ အကျိုးပြုနိုင်ပါတယ်။ မိမိကိုယ်ကိုယုံကြည်မှုလည်းတိုးလာပြီး ဘဝကလည်း အရင်ကထက် ပိုအဓိပ္ပာယ်ရှိလာနိုင်ပါတယ်။ အဆက်မပြတ် လေ့လာသင်ယူပြီး တွေးတောနေရတာကြောင့် ဦးနှောက် အလုပ်လုပ်မှု ပိုတိုးတက်လာတာကြောင့် အသက်ကြီးလို့ဖြစ်လာမယ့် မှတ်ဉာဏ်ပိုင်းဆိုင်ရာ မေ့လျော့ခြင်းနဲ့ ရောဂါ တွေကိုလည်း ကာကွယ်ပြီးသားဖြစ်တာပေါ့။ ဘဝဆိုတာ စဥ်ဆက်မပြတ်လေ့လာသင်ယူမှုတွေ၊ သင်ခန်းစာတွေ၊ အဖြစ်အပျက်တွေနဲ့ ပြည့်နှက်နေတဲ့ ဖြစ်စဥ်တစ်ခုမို့ အသက်အရွယ်ကြီးလို့ အသစ်အသစ်သောအရာတွေ မသင်ယူနိုင် တော့ဘူးလို့ မရှိပါဘူး။

အရင်က အကောင်အထည်ဖော်ဖို့ အခွင့်မသာခဲ့တဲ့ ငယ်ဘဝအိပ်မက်တွေကို အခု လက်တွေ့ဆောင်ရွက်ချင်ရင်ပဲ ဖြစ်ဖြစ်၊ ဘဝကြီးမှာ နေပျော်စေဖို့  ဝါသနာအသစ်တွေ ပြုစုပျိုးထောင်တာပဲ ဖြစ်ဖြစ် ဝါသနာကို စတင်ဖို့ နောက်ကျ တယ်ဆိုတာ မရှိပါဘူး။ စလုပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်က သင့်အချိန်ပါပဲ။ စမိပြီဆိုတာနဲ့ ဒီဝါသနာတွေထဲ မှာ ကူးခတ်စီးမျောသွားရင်း ပိုတောက်ပတဲ့ နေ့စဥ်ဘဝတွေကို ပိုင်ဆိုင်နိုင်ဖို့ အိပ်မက်တွေနောက် လိုက်ကြရအောင်။


Share

Comments

Related Posts