ခရစ္စမတ်ပွဲတော်ရဲ့ ပဉ္စလက်လေးတွေကို ဖွင့်လှစ်ခံစားစို့

Posted in လူမှုဘဝ


ဒီဇင်ဘာလထဲ ရောက်ပြီဆိုတော့ နေရာတကာမှာ ခရစ္စမတ်ရဲ့ အငွေ့အသက်လေးတွေကို မြင်နေရပြီပေါ့။ မှိတ်တုတ်မှိတ်တုတ် ရောင်စုံနီယွန်မီးသီးလေးတွေ၊ လူစည်ကားတဲ့ ရုပ်ရှင်ရုံတွေ၊ အရသာရှိတဲ့ မုန့်မျိုးစုံတို့ရဲ့ ရနံ့က နေရာတိုင်းမှာ သင်းပျံနေပြီလေ။ တကယ်တော့ နှစ်တစ်နှစ်ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်လေးတစ်ခုကို အားလုံးရောက်ရှိနေတာပါ။ ဒီလိုဆိုတော့ မှော်ဆန်တဲ့ ပဉ္စလက်ခံစားမှုလေးတွေနဲ့ ပျော်ရွှင်ကြည်နူးမှုတို့ကို နေရာတိုင်းမှာ မြင်တွေ့ခံစားနေရပြီပေါ့။ ဒါကြောင့် ဒီဇင်ဘာနဲ့ ခရစ္စမတ်ပွဲတော်တို့ကို အခုလို မှော်ဝင်မူးယစ်စေတဲ့ လျှို့ဝှက်ချက်လေးတွေကို အားလုံးသိအောင် ဝေမျှပေးလိုက်ပါတယ်နော်။ 

ခရစ္စမတ် မီးထွန်းခြင်းနှင့် အလှဆင်ယင်ခြင်း

ပထမဆုံးအနေနဲ့ ပြောရမယ့်အချက်ကတော့ ခရစ္စမတ်ပွဲတော်ရဲ့ အနှစ်သာရကို ထင်ဟပ်စေမယ့် မီးထွန်းခြင်းနဲ့ အလှဆင်ယင်ခြင်းတို့ ဖြစ်ပါတယ်။ စူပါမားကက်တွေ၊ ပြင်ပနေရာတွေသာမက ခရစ္စမတ်အလှ ဆင်ယင်ထားကြသလို မိမိတို့နေအိမ်လေးတွေမှာလည်း ဆီမီးလေးတွေ ဆင်ယင်ပြီး ခရစ္စမတ်ကို ကြိုဆိုနိုင်ပါတယ်။ ပုံမှန်ခရစ္စစမတ်သစ်ပင်က ရိုးနေပြီဆိုရင် စာအုပ်တွေနဲ့ဆင်ယင်ထားတဲ့ သစ်ပင်၊ နံရံကပ်သစ်ပင်၊ သို့မဟုတ် ရွက်ကျပင်ပေါက် (Succulent) သစ်ပင်လေးတွေကိုဆင်ယင်ပြီး ဘယ်သူနဲ့မှမတူတဲ့ ခရစ္စမတ် အရသာကို ပုံဖော်နိုင်တယ်နော်။ ဘာပဲဖြစ်ဖြစ် ခရစ္စမတ်ပွဲတော်အတွက် မီးအလင်းဆင်ယင်မှုကတော့ အခရာအကျဆုံးမို့ မှိတ်တုတ်မှိတ်တုတ်နဲ့ နွေးထွေးတဲ့ အလင်းရောင်ကိုပေးတဲ့အပြင် မှော်ဝင်နေစွမ်းအင်မျိုး ခံစားရစေမယ့် ခရမ်းရောင်၊ ကြည်ပြာရောင်၊ ကြက်သွေးရောင် စတဲ့ မီးလေးတွေကိုပါ ရွေးချယ်အသုံးပြုဖို့ အကြံပေးပါရစေနော်။ 

ခရစ္စမတ်ရုပ်ရှင်ည

ရုပ်ရှင်ကြည့်ရမယ့် အားလပ်ချိန်လေး ဖြစ်လို့ ချောကလက်နဲ့ ပေါက်ပေါက်ဆုပ်ကိုတော့ အနားမှာ အပြည့်ဆောင်ထားလိုက်နော်။ ခရစ္စမတ်ဆိုတော့ ခရစ္စမတ်နဲ့ ပတ်သက်တဲ့ အထူးရွေးချယ်စရာ ရုပ်ရှင်ကားလေးတွေ ရှိတာပေါ့။ Home Alone လိုမျိုး ဂန္ထဝင်ကားကိုပြန် နောက်တစ်ခေါက်ပြန်ကြည့်မလား၊ ယခုနှစ်ကမှ ဒစ္စနေက ထွက်ထားတဲ့ Diary of a Wimpy Kid Christmas ကို မြည်းစမ်းကြည့်မလား၊ မိသားစုကို ဖျော်ဖြေမှုအပြည့်အ၀ပေးနိုင်မယ့် Candy Cane Lane ကိုပဲ ကြည့်မလား ရွေးချယ်နိုင်ပါတယ်နော်။ တစ်ခုရှိတာက မိသားစုနဲ့အတူ နွေးနွေးထွေးထွေး ရုပ်ရှင်ခရီးရှည်ကြီးကို ဖြတ်သန်းဖို့အတွက် သင့်ဧည့်ခန်းကို စောင်၊ ခေါင်းဦး၊ ဖက်အုံးနဲ့ ပဲစေ့အိပ်ယာလေးတွေအပြင် ရုပ်ရှင်ရုံထဲမှာကြည့်ရတဲ့ ဖီလင်ကို ရရှိဖို့ ခပ်မှောင်မှောင်လေး အလင်းချိန်ညှိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

ပျော်ပျော်ပါးပါး မိသားစုလိုက် ဂိမ်းကစား

ခရစ္စမတ် အားလပ်ရက်လေးမှာ မိသားစုနဲ့ ဂိမ်းကစားရတာ တွေးကြည့်တာနဲ့တင် ကြည့်နူးစရာပေါ့။ ဒီထက်ပိုပြီး ထူးခြားချင်ရင်တော့၊ ခရစ္စမတ်လက်ဆောင်လေးတွေ ပေးရတဲ့ ပီတိနဲ့ လက်ဆောင်ရှင်ဟာ ဘယ်သူများလဲလို့ စိတ်လှုပ်ရှားရတဲ့ ပဟေဠိတို့ ပေါင်းစပ်ထားတဲ့ "လျှို့ဝှက်ဆန်တာ" ဆိုတဲ့ ဂိမ်းကလေးကို ကစားကြည့်လိုက်ပေါ့။ ကစားပုံလေးကတော့ ခရစ္စမတ်နေ့မတိုင်ခင် ပါဝင်ကစားမယ့် မိသားစုဝင်တွေဟာ မိမိတို့ နာမည်တွေကို မဲလိပ်ထဲထည့်ပြီး တစ်ဦးချင်း နှိုက်ရပါမယ်။ မိမိနှိုက်မိတဲ့ မဲလိပ်ထဲက နာမည်ပိုင်ရှင်ကို ခရစ္စမတ်လက်ဆောင် ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မိမိပေးရမယ့်သူကို ဘယ်သူမှ မသိအောင် လျို့ဝှက်ထားရပါမယ်နော်။ ပြီးရင်တော့ မျှမျှတတဖြစ်အောင် ဘက်ဂျက်ပမာဏတစ်ခု သတ်မှတ်ပြီး မိမိလက်ဆောင်ပေးရမယ့်သူရဲ့ နှစ်သက်ရာကို ခန့်မှန်းပြီး အကောင်းဆုံးဖြစ်အောင် လက်ဆောင်လေးတစ်ခု စီစဉ်ပေးအပ်ရမှာ ဖြစ်ပါတယ်။ မိမိရဲ့ လျှို့ဝှက်ဆန်တာက ဘယ်သူဖြစ်တယ်ဆိုတာကိုတော့ လက်ဆောင်လေးတွေ ပေးအပ်တဲ့ ခရစ္စမတ်နေ့မှာမှာ သိကြရမှာဖြစ်လို့ ရင်ခုန်စရာ ခရစ္စမတ် ကစားနည်းလေးတစ်ခုပဲ ဖြစ်ပါတယ်နော်။ 

ကာရယ်ကာရာအိုကေနဲ့ ခရစ္စမတ်ညချမ်း

ခရစ္စမတ်တေးသံလေးတွေ ပျံ့လွင့်နေတဲ့ အချိန်အခါလေးဆိုတော့ မိုက်ခဲလေးတွေ အကြိုက်ပဲဆိုပါတော့။ သီချင်းဆို ကိုယ်တိုင်ဝင်ဆိုမှ အားရတဲ့သူတွေအတွက် သူငယ်ချင်းတွေ၊ ဒါမှမဟုတ် မိသားစုဝင်တွေနဲ့ အိမ်မှာပဲ ကာရာအိုကေပွဲလေး ဆင်နွှဲလို့ရတာပေါ့။ ဒီအချိန်မှာတော့ ခရစ္စမတ်တေးသီချင်းတွေအပြင် မိမိနှစ်သက်ရာ ဘယ်သံစဉ်ကိုမဆို အားလုံးကြားနိုင်အောင် သီဆိုရင်း မိမိရဲ့ ဂီတပါရမီကို အားလုံးသိအောင် ပြလို့ရပြီပေါ့။  

ဆန်တာအကြိုက် စားဖွယ်စုံ

အခုလို အားလပ်ရက်လေးအတွက်တော့ အလုပ်များတဲ့ မီးဖိုချောင်လေးက အသက်ဆိုတာ အားလုံးသိကြပါတယ်နော်။ အလွယ်တကူ ပြင်ဆင်လို့ရတဲ့ ကွတ်ကီးနဲ့ အခြားမုန့်လေးတွေကို လုပ်ဆောင်နိုင်သလို အချိန်ရတယ်ဆိုရင် ပိုပြီးဆွဲဆောင်မှုရှိတဲ့ အခြားအရသာလေးတွေကိုလည်း ဆန်တာအကြိုက်ဖြစ်အောင် ပိုမိုဖန်တီးလို့ရတာပေါ့။ အရသာရှိတဲ့ စားဖွယ်စုံလေးတွေအပြင် ချိုမြိန်တဲ့အမှတ်တရလေးတွေကို အတူတကွ ဖန်တီးဖို့လည်း အရေးကြီးတယ်ဆိုတာ အမှတ်ရလိုက်ပါနော်။ 

အခုလောက်ဆိုရင် ခရစ္စမတ်အားလပ်ရက်လေးရဲ့ မှော်ဆန်တဲ့ပျော်ရွှင်မှုလေးတွေအကြောင်း အတော်စုံလင်သွားပြီနော်။ တကယ်တော့ အဆင်တန်ဆာ၊ ရုပ်ရှင်နဲ့ တေးသီချင်းတွေဟာ အမှတ်ရစရာ အခိုက်အတန့်လေးတွေကို ဖန်တီးဖို့ အထောက်အပံ့သာဖြစ်တယ်ဆိုတာ သတိရပါနော်။ အတူတူဝေမျှထားတဲ့ ရယ်သံလေးတွေ၊ နွေးထွေးမှုတွေနဲ့အတူ အခုလို ထူးခြားတဲ့အားလပ်ရက်လေးကို ချစ်ရသူတွေနဲ့အတူ ဖြတ်သန်းနိုင်ကြပါစေ။ ဒါကြောင့် အခုပဲ အမှတ်ရစရာ ချစ်ရသူအားလုံးကို ခရစ္စမတ်ပွဲကို အတူတူနွှဲမယ့်အကြောင်း အသိပေးပြီး ဘ၀ရဲ့ အမှတ်ရစရာ ခရစ္စမတ်ကာလလေးတစ်ခုကို ကိုယ်တိုင်ပြင်ဆင်ဖန်တီးလိုက်တော့နော်။


Share

Comments

Related Posts