အိမ်မှာ ပျင်းနေတဲ့ တိလေး‌အတွက် ပျော်စရာလေးတွေ ဖန်တီးနိုင်ဖို့

Posted in အိမ်မွေးတိရစ္ဆာန်


နေ့စဥ်ဘဝထဲမှာ အမြဲတူတူရှိနေတဲ့ တိလေးတွေက တိပိုင်ရှင်တို့အတွက် ချစ်စရာအမူအကျင့်လေးတွေ၊ ကူညီမှုလေးတွေနဲ့ နေပျော်အောင် ဂရုပြုပေးကြပါတယ်။ ဒါပေမဲ့ အမြဲအတူရှိနေတာများတဲ့အတွက် သူတို့လေးက အိမ်မှာပဲ ပျင်းနေလား၊ ဆော့ကစားချင်နေလား သတိမပြုမိဘဲ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကိုပဲ အချိန်ပေးနေမိမှာပါ။ သဘာဝအရ တိလေးတွေဟာလည်း လူသားတွေနည်းတူ အထီးကျန်မှုတွေ၊ စိတ်ဖိစီးမှုတွေ ရှိတတ်တာမို့ အိမ်မှာ မိသားစု စုဝေးပွဲတွေ၊ ပျော်စရာအချိန်လေးတွေ ရှိတဲ့အခါ သူတို့လေးအတွက်ပါ ထည့်သွင်းစဥ်းစားပြီး ပျော်စရာလေးတွေ တူတူဖန်တီးသင့်ပါတယ်။ ဒါမှ တိလေးတွေရော တိပိုင်ရှင်တို့ပါ အရင်ကထက် ရင်းနှီးမှုတိုးစေပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ အကျိုးကျေးဇူးတွေ ခံစားရနိုင်မှာပါ။ ဒီဆောင်းပါးထဲမှာတော့ တိလေးတွေ အိမ်တွင်းမှာပဲ ပျင်းရိပြီး အထီးမကျန်နေစေဘဲ အိမ်တွင်း အိမ်ပြင် ပျော်စရာလေးတွေ အတူဖန်တီးဖို့ တိပိုင်ရှင်တို့အတွက် နည်းလမ်းကောင်းအချို့ကို မျှဝေလိုက်ပါတယ်။

အသစ်အဆန်းတစ်ခုခု သင်ကြားပေးပါ

တိလေးတွေက အသစ်အဆန်းနဲ့ ပြိုင်ဆိုင်ရတာကို နှစ်သက်တာမို့ သူတို့ကြိုက်တတ်တဲ့ အစားအစာတွေ၊ ကစားစရာတွေနဲ့ မြှားပြီး အွန်လိုင်းပေါ်က တိသင်ကြားနည်း အကွက်လေးကို နာခံအောင် သင်ကြားပေးလို့ရပါသေးတယ်။ အမြဲတမ်းငြိမ်နေတတ်ပြီး လှုပ်လှုပ်ရှားရှားမရှိရင် တိလေးတွေမှာ အဝလွန်ရောဂါတွေလည်း ဖြစ်နိုင်တာမို့ ကိုယ်လက်လေ့ကျင့်ခန်းလည်းဖြစ်၊ အပျင်းလည်းပြေ‌‌အောင် ကစားနည်းလေးတွေ၊ အချက်ပြပြီး သင်ကြားရတဲ့အကွက်လေးတွေ တတ်အောင်သင်ပေးလိုက်ပါ။ ဒီကနေ တဖြည်းဖြည်းနဲ့ တိလေးကလည်း သင်နဲ့ပိုရင်းနှီးမှုပိုတိုးလာပြီး လိမ္မာရေးခြားလည်း ပိုရှိလာပါလိမ့်မယ်။ 

ကိုယ်ပိုင်နေရာလေး ဖန်တီးပေးပါ

အိမ်က တိလေးနေနေ၊ အိပ်နေကျ နေရာမျိုးပဲ မဟုတ်ဘဲ အပြောင်းအလဲလေးနဲ့ အသစ်အဆန်းဖြစ်သွားအောင် သူ့အကြိုက်ဆုံးပစ္စညး်တွေ၊ အရုပ်တွေနဲ့ အလှဆင်ထားတဲ့ သူ့အတွက် ကိုယ်ပိုင်နေရာလေးကို ဖန်တီးပေးကြည့်ပါ။ အိမ်မှာလူအများနဲ့ စည်ကားပြီး အတူပျော်နေတတ်တဲ့ တိလေးတွေဆို သိပ်ကိစ္စမရှိပေမဲ့ မိသားစုများတဲ့အိမ်တွေ၊ အိမ်ထဲလူအသွားအလာများပြီး ဆူညံနေတတ်တယ်ဆိုလည်း တိလေးအတွက် စိတ်မကြည်လင် မှိုင်နေတတ်နိုင်တာမို့ တိတ်တိတ်ဆိတ်ဆိတ်ရှိတဲ့ နေရာလေးကလည်း သူတို့အတွက် လိုအပ်ပြန်ပါတယ်။

ဆော့ဖော်ဆော့ဖက်ရှာပေးပါ

တစ်အိမ်ထဲမှာပဲ တိလေးတွေ ၃၊ ၄ကောင်လောက် အဖော်ရအောင် အတူမွေးထားတယ်ဆို အဖော်ရနိုင်ပေမဲ့ တစ်ကောင်တည်းရှိနေမယ်ဆို တူတူဆော့ကစားပေးဖို့ သခင်အားမယ့်အချိန် စောင့်နေတာနဲ့ ပျင်းရိနေရမှာပါ။ ဒီအခါ တိပိုင်ရှင်တို့အနေနဲ့ တိလေးအတွက် ကစားဖော်ဖြစ်စေမယ့် တိလေးတွေရှိတဲ့ အသိတစ်ယောက်ယောက်ရဲ့ အိမ်သွားတာဖြစ်ဖြစ်၊ တူတူအလည်သွားတာဖြစ်ဖြစ် တိလေးတွေအတွက် ပျော်စရာလေးတွေ ဖန်တီးပေးနိုင်တာပါ။ တိလေးအတွက် သီးသန့် တွေ့ဆုံပွဲတွေ ရှိရင်လည်း သွားရောက်ပါဝင်ကာ သူ့အတွက် သူငယ်ချင်းအသစ်တွေ၊ ‌ဆော့ဖော်ဆော့ဖက်တွေနဲ့ ပျော်စရာနေ့လေး ဖန်တီးပေးနိုင်ပါသေးတယ်။

အလှဓာတ်ပုံရိုက်ပါ

အိမ်က အချစ်တော်လေးတွေ စမွေးတဲ့အချိန်ကနေ အရွယ်ရောက်တဲ့အထိ ချစ်စရာ၊ ရီစရာအပြုအမူတွေကို ဖုန်းနဲ့တော့ အမြဲရိုက်ထားမိမှာပါ။ ဒီထက်ပိုပြီး တိလေးနဲ့ ကိုယ့်အတွက် အမှတ်တရကောင်းတွေ ဖန်တီးပြီး သိမ်းဆည်းထားနိုင်ဖို့ ဓာတ်ပုံဆရာနဲ့ အလှဓာတ်ပုံလေးတွေတူတူရိုက်ထားသင့်ပြီး မိသားစုဓာတ်ပုံရိုက်တဲ့အခါတွေမှာလည်း တိလေးပါမကျန် ထည့်သွင်းရိုက်ကူးနိုင်ပါသေးတယ်။ ဦးထုပ်လေးတွေ၊ ဖဲပြားလေးတွေ၊ ဖိနပ်လေးတွေနဲ့ ချစ်စရာတိဝတ်စုံလေးတွေ ဆင်ပေးပြီး Poseအမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်တာကလည်း တိပိုင်ရှင်ရော တိလေးအတွက်ပါ အမှတ်တရလည်းဖြစ်ပြီး အတွေ့အကြုံသစ်တစ်ခု ဖြစ်စေမှာပါ။

Spa သွားပါ

တိပိုင်ရှင်တို့က တိလေးတွေကို နေ့တိုင်းလိုက်ပြီး ဂရုမစိုက်နိုင်တဲ့ရက်တွေများလာတဲ့အခါ တိလေးက အမွှေးထူထူ၊ ခြေသည်းလက်သည်းရှည်ရှည်နဲ့ ပူပြီး နေရထိုင်ရခက်စေမှာပါပဲ။ တခါတလေ လူတွေ အပန်းဖြေဖို့ spaသွားကြသလို တိလေးတွေကိုလည်း အမွှေးလေးတွေ ဖီးလိမ်း ညှပ်သင်ပေးပြီး အလှဆင်ပေးတဲ့ spaလေးတွေ သွားတာကလည်း ပျော်စရာကောင်းသလို သူတို့အတွက်လည်း တမျိုးအပန်းပြေစေတာပါ။ ဒီလို အပြင်ထွက်ပြီး အပန်းဖြေမှမဟုတ်ဘဲ အိမ်ထဲမှာပဲ တိလေးရဲ့ လက်ဖဝါး၊ ခြေဖဝါးတွေကို နှိပ်နယ်ပေးလို့ရပါသေးတယ်။ ဒီလိုလုပ်ပေးတာက တိလေးတို့ ကျန်းမာရေးအတွက် သွေးလည်ပတ်မှုလည်းကောင်းစေပြီး အိမ်ထဲအနေများလို့ ပျင်းနေတဲ့ တိလေးအတွက်လည်း အပြောင်းအလဲလေးဖြစ်စေပါတယ်။

အိမ်တွင်းမှာပဲဖြစ်ဖြစ်၊ အိမ်ပြင်မှာပဲဖြစ်ဖြစ် တိလေးတို့နဲ့ ပျော်စရာအမှတ်တရတွေ ဖန်တီးနိုင်ဖို့ နည်းလမ်းတွေထဲက အချို့ကိုဖော်ပြပေးလိုက်ပါတယ်။ ဒီ Activitiesလေးတွေ တူတူလုပ်ကြည့်ရင်း အပျင်းလည်းပြေ၊ စိတ်ရောကိုယ်ပါကျန်းမာစေမှာမို့ မကြာခဏလုပ်ဆောင်ပေးရင်းနဲ့ တန်ဖိုးရှိတဲ့ အချိန်လေးတွေ အတူဖြတ်သန်းကာ ချစ်ရတဲ့တိလေးနဲ့ အမှတ်တရကောင်းတွေ ဖန်တီးလိုက်ရအောင်။


Share

Comments

Related Posts