တခြားအသီးအနှံတွေနဲ့ မတူ၊ ပရိုတင်းနဲ့ အဆီဓာတ်တွေပါ ထပ်ပေါင်းပါဝင်တဲ့ ရှားရှားပါးပါးအသီးတွေထဲက တစ်ခုကတော့ ထောပတ်သီးပါပဲ။ ဒီလိုကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေများတဲ့ ထောပတ်သီးတွေ ပေါတဲ့ ရာသီလည်း ရောက်ပြီဆိုတော့ ဘယ်လိုကြံဖန်စားရင် ကောင်းမလဲ တွေးနေမိကြပြီပေါ့။ ဘယ်နေရာ၊ ဘယ်အချိန်ရောက်ရောက် ဒီတိုင်း အစိမ်းရောင် ထောပတ်သီးလေးတွေကို ရေဆေး အခွံခွဲကာ အသီးအနေနဲ့ ဒီတိုင်းစားလို့ကောင်းသလို ဟင်းပွဲ သို့ ပေါင်မုန့်နဲ့အတူ Toastအနေနဲ့လည်း ရိုးရိုးရှင်းရှင်း ဖန်တီးစားလို့ရပါတယ်။ အရသာ ပျစ်ပျစ်နှစ်နှစ်နဲ့ ကိုယ်ခန္ဓာအတွက် အာဟာရဓာတ်တွေ ပေါကြွယ်ဝတဲ့ ဒီထောပတ်သီးကို ဘယ်လိုထူးထူးခြားခြား ပေါင်းစပ်စားရင် ပိုကောင်းမလဲဆိုတာ တူတူကြည့်လိုက်ရအောင်။
ထောပတ်သီးထမင်း
အသီးဆိုပေမယ့်လည်း ထူးထူးခြားခြား ထမင်းနဲ့တွဲဖက်ပြီး မျိုးစုံလုပ်စားလို့ကောင်းနေတာ ထောပတ်သီးတစ်ခုတည်း ရှိပါတယ်။ ဘာမဆို ထမင်းလေးနဲ့မှ စားချင်တဲ့သူတွေအတွက်လည်း ခံတွင်းတွေ့စေပြီး ဂျပန်ဟင်းလျာတွေမှာဆို ထောပတ်သီးကို ဆူရှီအနေနဲ့လည်း စားကြသလို ပန်းကန်လုံးလေးတစ်ခုမှာ အသားငါးနဲ့ တခြားဟင်းသီးဟင်းရွက်တွေနဲ့အတူ တွဲဖက်စားမယ်ဆိုလည်း အရောင်စုံလှလှပပ၊ အရသာလည်း ရှိနေရောပါပဲ။ ထမင်းနဲ့မစားချင်ဘူး ပေါ့ပေါ့ပါးပါးစားချင်တယ်ဆိုလည်း ပင်စိမ်း၊ ပူဒီနာနဲ့ နှစ်သက်ရာ ဟင်းရွက်တွေနဲ့အတူ ထောပတ်သီးကို ပါးပါးလှီးကာ ရောမွှေစားလို့လည်း ရပါသေးတယ်။ ပြုလုပ်ရ အဆင်ပြေလွယ်ကူတဲ့အပြင် ရိုးရိုးရှင်းရှင်းနဲ့ စားရလည်း လတ်ဆတ်တာမို့ ဒီလို ထမင်း၊ သားငါး၊ ဟင်းရွက်တွေနဲ့ တွဲဖက်စားနည်းလေးကို တော်တော်များများ အကြိုက်တွေ့ကြမှာပါ။
ပုလဲထောပတ်သီးလက်ဖက်ရည်
ပုလဲနို့လက်ဖက်ရည် (Pearl Milk Tea) သောက်နေကျဆို ဒီပုလဲထောပတ်သီးဖျော်ရည်ကလည်း တစ်မျိုးဆန်းသစ်ပြီး သောက်လို့ကောင်းနေမှာ အမှန်ပဲနော်။ ပုံမှန်ဆို အိမ်တွေမှာ ထောပတ်သီးကို smoothie အနေနဲ့ နို့ဆီ၊ အုန်းနို့ရည်တို့နဲ့အတူ ဖျော်စက်နဲ့ ညက်နေအောင် ရောမွှေကာ သောက်ကြပါတယ်။ ဒီကနေ တစ်ဆင့်မြှင့်ပြီး ပိုအရသာရှိရှိ သောက်လို့ရအောင် ပုလဲလုံးလေးတွေနဲ့ လက်ဖက်ရည် ထပ်ထည့်ပြီး သောက်မယ်ဆို ချိုအီပျစ်နေတဲ့ ပုလဲထောပတ်လက်ဖက်ရည်လေး ဖြစ်သွားတာပေါ့။ ဒီလို လက်ဖက်ရည် (milk tea) နဲ့ မရောဘဲ Smoothie ဖျော်သောက်မယ်ဆိုလည်း သရက်သီး၊ ငှက်ပျောသီးတို့ပါ ထည့်ပြီး လတ်လတ်ဆတ်ဆတ် အသီး Smoothieလေးအဖြစ် ဖန်တီးလို့ရပါသေးတယ်။ အပေါ်ကမှ ချောကလက်ခရင်မ်လေး တင်လိုက်မယ်ဆို အရသာရှိတဲ့ သီးစုံ smoothieလေးတစ်ခွက် ဖြစ်နေမှာ အမှန်ပဲနော်။
ထောပတ်သီးပေါင်မုန့်ကင်
အနောက်နိုင်ငံတွေမှာ အများဆုံးစားကြတဲ့ ထောပတ်သီး Toastကို အခု အာရှနိုင်ငံတွေမှာလည်း ဒီထောပတ်ပေါင်မုန့်ကင်ကို နည်းအမျိုးမျိုး၊ ပါဝင်ပစ္စည်းအမျိုးမျိုးနဲ့ ဖန်တီးစားနေကြပါပြီ။ ကြိုက်နှစ်သက်သလို ထောပတ်သီးနဲ့ လိုက်ဖက်မယ့် အစားအသောက်တွေ တွဲဖက်စားတတ်ကြသလို အရသာလေးလေးပင်ပင်နဲ့ ထိထိမိမိ စားချင်တယ်ဆို ဘဲဥဆားငန်၊ ငရုတ်သီးနှစ်တွေနဲ့ ထောပတ်သီးကင်ကို အရသာအစပ်အဟပ်တည့်အောင် ထည့်သွင်းစားလို့ရပါသေးတယ်။ ဒီ့အပြင် နှမ်းဆီ၊ ပဲငံပြာရည်၊ ငရုတ်သီးမှုန့်လေးတွေနဲ့ အတူ ထောပတ်သီး Toastအဖြစ် ညနေစာ၊ အဆာပြေ စားစရာအဖြစ် ဖန်တီးစားလို့ရပါတယ်။
ထောပတ်သီးအချိုပွဲ
ထောပတ်သီးရဲ့ ပျစ်ပျစ်နှစ်နှစ်နဲ့ အရသာရှိရှိ၊ အာဟာရပြည့်စုံနေမှုကြောင့် အချိုပွဲတွေအဖြစ်နဲ့လည်း ဖန်တီးလို့ရတဲ့ အလိုက်ဖက်ဆုံး အသီးတစ်မျိုးပါပဲ။ အရောင်စုံ၊ အရသာစုံ ရေခဲမုန့်တွေထဲ အရသာတစ်မျိုးအနေနဲ့လည်း စားလို့ကောင်းပြီး ဒီတိုင်း ထောပတ်သီးကို နှစ်ခြမ်းခွဲကာ အပေါ်ကနေ နွားနို့နဲ့ သကြားအနည်းငယ်ထည့်ကာ အေးမြလန်းဆန်းတဲ့ အချိုပွဲလေးတစ်ခွက်အဖြစ် လွယ်လွယ်ကူကူ ဖန်တီးလို့ရပါတယ်။ နောက်တစ်နည်းကတော့ ကောက်ညှင်း၊ သရက်သီးတို့နဲ့ ချိုချိုအီအီ တွဲဖက်စားလို့ရတဲ့အပြင် ပျော့ပျော့အိအိ ပူတင်းအနေနဲ့ပါ ဖန်တီးနိုင်ရင် ဖန်တီးနိုင်သလောက် အရသာချိုအီဆိမ့်နေမယ့် အချိုပွဲလေးတွေ ရရှိနိုင်ပါတယ်နော်။
ဒီလိုအချိုပွဲကနေ အဓိကအစားအစာတွေအထိ စားလို့ကောင်းပြီး ဘာနဲ့မဆို လိုက်ဖက်လွယ်တဲ့ ထောပတ်သီးကို ဘယ်လိုဖန်တီး စားကြမလဲဆိုတာ သိသွားကြမယ်လို့ ထင်ပါတယ်။ ဒီနည်းလမ်းလေးတွေအပြင် စာဖတ်သူတို့ရော ထောပတ်သီးကို နောက်ထပ်ဘယ်လို တွဲဖက်ပြီး ဖန်တီးစားဖြစ်ကြလဲဆိုတာ commentမှာ ပြောပြခဲ့ဦးနော်။
Comments