အမျိုးသားတွေ မပေါ့ဆသင့်တဲ့ ဆီးရောဂါများအကြောင်း

Posted in ကျန်းမာရေး, အထွေထွေကျန်းမာရေး


ဆီးနဲ့ ပတ်သက်တဲ့ရောဂါတွေက အမျိုးသမီးတွေမှာ မဖြစ်ဘူးလို့ မဟုတ်ပေမယ့် အမျိုးသားတွေမှာ ပိုအဖြစ်များတာမျိုး တွေ့ရပါတယ်။ အထူးသဖြင့် သက်ကြီးပိုင်းအရွယ် အမျိုးသားအများစုက ဆီးနဲ့ပတ်သက်တဲ့ ရောဂါဝေဒနာ တစ်ခုမဟုတ် တစ်ခု ခံစားတတ်တယ်လို့ သိရပါတယ်။ ဒါကြောင့် အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးရောဂါတွေအကြောင်းနဲ့ ဖြစ်ပွား ရတဲ့အကြောင်းရင်း၊ ကာကွယ် ကုသနိုင်တဲ့ နည်းလမ်းတွေကို စုစည်းဖော်ပြလိုက်ပါတယ်။(၁) ဆီးကျိတ်ကြီးခြင်း

အသက်ကြီးတဲ့ အမျိုးသားတွေ ကြုံတွေ့ရများတဲ့ ဆီးရောဂါကတော့ ဆီးကျိတ်ကြီးခြင်းပါ။ ဆီးပြွန်ပတ်လည်မှာရှိတဲ့ ဆီး ကျိတ်လေးတွေ အသက်ကြီးလာတာနဲ့အမျှ တဖြေးဖြေးကြီးထွားလာတတ်ပါတယ်။ ဒီလို ဆီးကျိတ်ကြီးလာတဲ့အခါ အဖြစ် အများဆုံး ရောဂါလက္ခဏာက ဆီးသွားရခက်လာခြင်းပါ။ အဲ့ဒါအပြင် ဆီးမထိန်းနိုင်တာ၊ ညဘက်တွေမှာ ခဏခဏဆီး ထ သွားရတာ၊ ဆီးသွားတဲ့အခါ နာကျင်တာနဲ့ ဆီးကျန်တယ်လို့ ခံစားရတာ တွေကလည်း ဆီးကျိတ်ကြီးခြင်းရဲ့ ရောဂါလက္ခဏာ တွေ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် ညအိပ်ခါနီး ရေနဲ့ အချိုရည် လျော့သောက်ခြင်း၊ အရက်နဲ့ ဆေးလိပ်ကို ရှောင်ခြင်း၊ ကိုယ်လက်လှုပ်ရှား ပုံမှန်ပြုလုပ်ပေးခြင်း အားဖြင့် ဝေဒနာသက်သာအောင် ကိုယ်တိုင်ဆောင်ရွက်လို့ရသလို တဖက်မှာ လည်း ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်ဖို့ကို မနှောင့်နှေးနေသင့်ပါဘူး။ ဆရာဝန်က သင့်တော်တဲ့ ဆေးဝါးနဲ့ ဖြစ်စေ၊ ခွဲစိတ်မှုပြု လုပ်ပြီးဖြစ်စေ သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်။

(၂) ဆီးကျိတ်ရောင်ခြင်း 

ဆီးကျိတ်ဆိုင်ရာ ရောဂါခြင်းတူပေမယ့် ဆီးကျိတ်ကြီးခြင်းနဲ့ ဆီးကျိတ်ရောင်ခြင်းက ကွဲပြားတဲ့ရောဂါတွေ ဖြစ်ကြပါတယ်။ ဆီးကျိတ်ရောင်ခြင်းက ရုတ်တရက် ‌‌ရောဂါလက္ခဏာ သိသိသာသာပြပြီးလည်း ဖြစ်တတ်သလို တဖြေးဖြေးဖြစ်နေပြီး ချက် ချင်း မသိတာမျိုးလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဆီးကျိတ်ရောင်ခြင်းက ဘတ်တီးရီးယား ပိုးဝင်လို့ ယောင်တာ၊ အရင်က ပိုး ဝင်ဖူးပြီး အရှင်းမပျောက်ဘဲ ပြန်ဖြစ်တာအပြင် ဘက်တီးရီးယားကြောင့်မဟုတ်ဘဲလည်း ရောင်ယမ်းနိုင်ပြီး အသက်(၅၀) ကျော် အမျိုးသားတွေမှာ အဖြစ်များတယ်လို့ သိရပါတယ်။ ဆီးကျိတ်ရောင်ခြင်းနဲ့ ဆီးကျိတ်ကြီးခြင်းရဲ့ ရောဂါလက္ခဏာ တွေက ဆင်တူရိုးမှား ဖြစ်တတ်တာကြောင့် ရောဂါအမည် ရှင်းလင်းစွာတတ်ပြီး မှန်ကန်တဲ့ကုသမှုပြုလုပ်နိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါတယ်နော်။ ဆရာဝန်နဲ့ ပြတာအပြင် ကိုယ့်ဘက်ကလည်း ရေနွေးနဲ့ရေချိုးတာ၊ ကဖင်း၊ အရက်နဲ့ အပူအစပ်တွေကို ရှောင်တာ စတဲ့ ဂရုစိုက်မှုတွေကို ပြုလုပ်ရပါမယ်။ မပေါ့ဆဘဲ အမြစ်ပြတ်အောင် သေချာကုသပြီး နာတာရှည် ဆီးကျိတ်ရောင်ရောဂါ ဖြစ်မလာစေဖို့ ကာကွယ်လိုက်ကြရအောင်။

(၃) ဆီးကျိတ်ကင်ဆာ 

အမျိုးသားတွေအဖြစ်များဆုံး ကင်ဆာတွေထဲမှာ ဒုတိယနေရာကလိုက်တာကတော့ ဆီးကျိတ်ကင်ဆာဖြစ်ပါတယ်။ ဒီ ကင်ဆာက စောစောစီးစီးသိရင် ကုသနိုင်ပေမယ့် အများစုက နောက်ကျမှ လက္ခဏာပြတတ်လို့ အစောပိုင်းအဆင့်မှာ မကုသနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခါးနဲ့ပေါင်တွေကိုက်ခဲပြီး ဆီးမသွားနိုင်တာ၊ ဆီးသွားရခက်တာ နဲ့ ဆီးကျန် တာ၊ ဆီးမထိန်းနိုင်တာ၊ ဆီးခဏခဏသွားချင်တာ စတဲ့ ရောဂါလက္ခဏာတွေ ပြနေပြီဆို ဆီးကျိတ်ကင်ဆာလည်း ဖြစ်နိုင်ချေ ရှိတာကြောင့် မပေါ့ဆဘဲ စောစောစီးစီး ဆရာဝန်နဲ့ တိုင်ပင်ကုသထားသင့်ပါတယ်။ အသက် ၄၀ ကျော် အမျိုးသားတွေ အနေနဲ့ ကင်ဆာရှိမရှိ ပုံမှန်ဆေးစစ်သင့်သလို ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်တာ၊ ကိုယ်အလေးချိန်ထိန်းတာနဲ့ အရက်၊ ဆေးလိပ်ကို ရှောင်တာ စတဲ့ ကျန်းမာတဲ့ နေထိုင်မှုပုံစံကိုလည်း လိုက်နာဖို့ လိုအပ်ပါတယ်။

(၄) ဆီးကျောက်တည်ခြင်း

ကျောက်ကပ်အပါအဝင် ဆီးလမ်းကြောင်းရဲ့ နေရာစုံမှာ ဆီးကျောက်တည်နိုင်ပါတယ်။ ကယ်လ်ဆီယမ်၊ ယူရစ်အက်စစ်လို ဓာတုပစ္စည်းတွေ ဆီးထဲမှာ အမြောက်အများပါလာပြီး ကိုယ့်ခန္ဓာကိုယ်က ဒါတွေကို အနည်မကျအောင် ကာကွယ်မပေးနိုင် တဲ့အခါ ဆီးကျောက်တည်ခြင်း ဖြစ်ပွားလာပါတော့တယ်။ ဆီးကျောက်တွေရဲ့ ၈၅% က ကယ်လ်ဆီယံ လွန်ကဲမှုကြောင့် ဖြစ် ပြီး ကယ်လ်ဆီယံပါတဲ့ အစားအစာ၊ ဆေးဝါးတွေကို ရေရှည်သုံးစွဲရတာကြောင့် ဖြစ်ပွားတာပါ။ ဒါ့အပြင် အဝလွန်တာ၊ အချို၊ အငံတွေ အလွန်အကျွံစားသုံးတာ၊ ရေသောက်နည်းတာ၊ ဆီးလမ်းကြောင်းပိုးဝင်တာ တွေကလည်း ဆီးကျောက်တည် ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေဖြစ်လို့ ဒါတွေကို ရှောင်ရှားရပါမယ်နော်။ ဆီးကျောက်တည်ခြင်းရဲ့ ယေဘုယျ လက္ခဏာကတော့ ခါးနဲ့ ဗိုက်အောက်ပိုင်း အလွန်အမင်းနာကျင်ခြင်းပဲ ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားသူရဲ့ တဝက်လောက်က လက္ခဏာစောစီးစွာမပြတတ်ဘဲ ဆီးလမ်းကြောင်းပိုးဝင်တာ၊ ဆီးပိတ်တာတွေဖြစ်တတ်လို့ ဒီလိုတွေဖြစ်နေပြီဆိုရင်လည်း ကျောက်ရှိမလားဆိုတာ သတိထားရပါမယ်။ သေးငယ်တဲ့ ဆီးကျောက်တွေက ရေများများသောက်တာနဲ့ ပြန်ထွက်သွားနိုင် ပြီး သူ့အလိုလိုမထွက်တဲ့ ကျောက်တွေကိုတော့ ဆရာဝန်တွေက လိုအပ်တဲ့ ကုသမှု၊ ခွဲစိတ်မှုတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါ တယ်။

(၅) ဆီးလမ်းကြောင်းပိုးဝင်ခြင်း 

ဆီးလမ်းကြောင်းပိုးဝင်ခြင်းက အမျိုးသမီးတွေမှာ ပိုအဖြစ်များတယ်ဆိုတာ အမျိုးသားတွေမှာ မဖြစ်နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ဖြစ်ပွားတတ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းဆိုတာ ကျောက်ကပ်၊ ဆီးအိတ်၊ ဆီးထုတ်ပြွန်တွေမှာ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ဖြစ်ပွားတဲ့ ရောဂါဖြစ်ပြီး အထက်မှာဖော်ပြခဲ့တဲ့ ဆီးကြိတ်ကြီးခြင်း၊ ရောင်ခြင်းတွေကလည်း ပိုးဝင်ခြင်းနဲ့ အပြန်အလှန်ဆက်စပ်နေတာပါ။ ဆီးမထိန်းနိုင်တာ၊ ဆီးမှာ သွေးပါတာ၊ ပြည်ပါတာ၊ ဆီးသွားစဥ်နာကျင်တာနဲ့ ဖျားခြင်း အော့အန်ခြင်းတွေပါ ဖြစ်နေပြီဆိုရင် ဆီးလမ်းကြောင်း ပိုးဝင်တဲ့ လက္ခဏာတွေပါပဲ။ ဆီး လမ်းကြောင်းရဲ့ ဘယ်နေရာမှာ ပိုးဝင်နေသလဲ အတိအကျသိပြီး လိုအပ်တဲ့ ကုသမှုတွေ ထိထိရောက်ရောက်လုပ်ဖို့ဆို ဆရာ ဝန်နဲ့ သေချာပြသပေးဖို့ လိုအပ်ပါတယ်။ ဆရာဝန်ပေးတဲ့ ပိုးသတ်ဆေးတွေသောက်တာအပြင် ရေများများသောက်တာ အရည်ရွှမ်းတဲ့ အသီးအနှံတွေ စားသုံးတာ၊ ချောင်ချိတဲ့ ဘောင်းဘီအဝတ်နဲ့ အတွင်းခံတွေကို ရွေးဝတ်တာ စတဲ့ အနေအထိုင်၊ အစားအသောက်ဆင်ခြင်မှုတွေကိုလည်း ကိုယ့်ဘက်က ဂရုတစိုက် လုပ်ရမှာပေါ့နော်။

ဆီးရောဂါတွေ မဖြစ်ခင်မှာတော့ ပေါ့ပေါ့ပါးပါး စွန့်ထုတ်နိုင်တာ သာမန်ဖြစ်စဥ်လို့ပဲ အမှုမဲ့အမှတ်မဲ့ဆိုပေမယ့် ရောဂါခံစား ရတာပဲဖြစ်ဖြစ်၊ ရောဂါခံစားရသူကို မျက်ဝါးထင်ထင်ကြုံတွေ့ရတာမျိုးပဲဖြစ်ဖြစ်မှ ကျန်းမာနေတာ တကယ့်ကို ကောင်းချီး တစ်ခုလို့ သဘောပေါက်နားလည်လာတာပါ။ ရောဂါတွေဆိုတာ ဖြစ်ပြီဆိုတာနဲ့ သေးတယ်၊ ကြီးတယ်မရှိတာကြောင့် မဖြစ် ခင်တည်းက ကြိုတင်ကာကွယ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ရောဂါကင်းစင်ပြီး လျောလျူပေါ့ပါးနေဖို့အတွက် နေ့တိုင်း ရေများများသောက်၊ အစားအသောက်အနေအထိုင် ဂရုစိုက်ပြီး ကျန်းမာတဲ့ဘဝကို နေ့တိုင်း၊ နေ့တိုင်း တည်ဆောက်သွားကြ ရအောင်။


Share

Comments

Related Posts