အမေများနေ့မှာ မေမေ့ကို ပျော်ရွှင်စေမယ့် နည်းလမ်း ၅ သွယ်

Posted in လူမှုဘဝ


မေလရဲ့ ဒုတိယတနင်္ဂနွေနေ့တိုင်းကို ကမ္ဘာ့အမေများနေ့အဖြစ် သတ်မှတ်ထားပြီး နိုင်ငံအသီးသီးများလည်း သက်ဆိုင်ရာ အမေများနေ့တွေရှိကြပါတယ်။ မြန်မာ့ပြက္ခဒိန်ရဲ့ ဆယ်လမြောက် ပြာသိုလပြည့်နေ့ကတော့ မြန်မာ့အမေများနေ့ပါ။ ရင်သွေးတွေကို အကောင်းဆုံးထောက်ပံ့၊ ချစ်ခင်ယုယပေးတဲ့ မေမေ့ရဲ့ လုပ်ဆောင်မှုတွေကို အသိအမှတ်ပြု တန်ဖိုးထားကြောင်း ဒီ တနင်္ဂနွေနေ့မှာ သေချာလေးပြသလိုက်ရအောင်။

အမေများနေ့ရယ်လို့ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတဲ့ ဇာတ်ကြောင်းအကျဉ်းချုပ်လေးကလည်း စိတ်ဝင်စားစရာပါ။  ရှေးကျတဲ့ ဂရိလူမျိုးတွေက နတ်ဖုရားတွေရဲ့ မိခင်လို့ ယုံကြည်ကြတဲ့ မိခင်ဂျီယာကို ပူဇော်တာကနေ အမေများနေ့စတင်ခဲ့တယ်လို့ သိရပါတယ်။ ဗြိတိန်မှာတော့ (၁၆၀၀) ပြည့်နှစ်တွေမှာ လူအများစုက အိမ်ရဲ့အဝေးမှာ အလုပ်လုပ်ကြလေ့ရှိပြီး နှစ်တစ်နှစ်ရဲ့/လတစ်လရဲ့ တနင်္ဂနွေနေ့ တရက်မှာတော့ အမေ့အိမ်ကို ပြန်လာကြပြီး လမ်းတလျှောက်တွေ့တဲ့ တောပန်းကလေးတွေကို ခူးပြီးဖြစ်စေ ကိတ်လေးတစ်လုံးဝယ်ပြီးဖြစ်စေ အမေ့ကို လက်ဆောင်ယူလာပေးကြပါသတဲ့။ ဒီလို တနင်္ဂနွေနေ့များစွာကို စုစည်းလက်ဆင့်ကမ်းလာကြတဲ့ အမေများနေ့ကို ယနေ့အခါ နိုင်ငံပေါင်း ၄၀ကျော်မှာ ကျင်းပနေကြပါပြီ။

အမေများနေ့ဖြစ်တဲ့ မေလရဲ့ ဒုတိယ တနင်္ဂနွေနေ့မှာ မေမေ့ကို ကြည်နူးဝမ်းသာသွားစေဖို့ အိုင်ဒီယာကောင်းလေးတွေထဲက ၅ ခုကို ကြည့်လိုက်ကြရအောင်။

ပန်းလက်ဆောင်

ကမ္ဘာပေါ်မှာ ပန်းတွေထက် ကြည်နူးစရာကောင်းတဲ့လက်ဆောင်ရယ်လို့ ရှိမယ်မထင်ပါဘူး။ ပန်းပွင့်လှလှလေးတစ်ပွင့်ကစလို့ ပန်းတစ်စည်းအထိ မေမေ့ကိုပေးဖို့ ရွေးစရာအများကြီးရှိတယ်လေ နော် ။ ရနံ့သင်းတဲ့ပန်း၊ လှတဲ့ပန်းတွေအပြင် ပန်းလှလှလေးတွေပွင့်မယ့် အပင်လေးတွေကိုလည်း လက်ဆောင်အဖြစ် ရွေးချယ်နိုင်ပါသေးတယ်။

မေမေ့အတွက် ခရီးတိုလေး

အိမ်ထဲမှာပဲ ဒါမှမဟုတ် အလုပ်နဲ့အိမ်ပဲ ကူးသန်းနေတဲ့ မေမေ့ကို ဒီတရက်လေးတော့ အိမ်အလုပ်တွေကို လွှတ်ချခိုင်းပြီး ခရီးတ်ုလေး အတူတူထွက်ကြည့်ပါလား။ နေ့ချင်းပြန်ခရီး ဒါမှမဟုတ် ၁ ညအိပ်ခရီးဆိုရင်တောင် မေမေတို့က ‌ကြော်လှော်ချက်ပြုတ် ထုတ်ပိုပြင်ဆင်ကြရတာများလို့ ဒီကိစ္စတွေအတွက်လည်း အပင်ပန်းမခံခိုင်းနဲ့နော်။

ဆင်တူဝတ်စုံလှလှ 

အဝတ်အစား ဝယ်ပေးမယ်ဆို မေမေအများစုက မလိုပါဘူး ၊ မကြိုက်ဘူး စသဖြင့် ငြင်းတတ်ကြပေမယ့် လက်တွေ့ဝယ်ပေးတဲ့အခါ အရမ်းဝမ်းသာကြပြီး ရွယ်တူတွေကြားမှာ ဂုဏ်ယူမဆုံး ကြွားမဆုံးပါတဲ့နော်။ မေ‌ေမနဲ့ ဆင်တူ ဝတ်စုံလှလှလေးတွေလည်း ရှိသင့်တာမို့ အမေများနေ့မှာ မှတ်မှတ်ရရ ဝယ်ပေးရင် မေမေအရမ်းပျော်သွားမယ် ထင်ပါတယ်။

မီးဖိုချောင်နားရက်

မီးဖိုချောင်နဲ့ အိမ်အလုပ်တွေ အကုန်နားရမယ့်နေ့ဟာ ဒီ တနင်္ဂနွေပါ။ တနေကုန် တလှုပ်လှုပ်နဲ့ အလုပ်လုပ်နေတဲ့ မေမေ့ကို ဒီတနေ့တော့ စိတ်ရောကိုယ်ပါ အနားယူခိုင်းလိုက်ပါ။ မေမေနဲ့မတူ အိမ်အလုပ်ဝိုင်းကူရင်တောင် မေမေပျော်ပေမယ် ပင်ပန်းရတုန်းမလို့ မေမေ့ကို မီးဖိုထဲ လုံးဝမဝင်ခိုင်းနဲ့နော်။ ဒီလိုနေ့မျိုးမှာ မိသားစုလိုက် ညစာထွက်စားတာမျိုး လုပ်သင့်ပါတယ်။

ကျန်းမာခြင်းလက်ဆောင်

ကျန်းမာခြင်းဟာ အကောင်းဆုံးလက်ဆောင်ပါ။ မေမေ စိတ်ရော ကိုယ်ပါကျန်းမာနေမှ တစ်မိသားစုလုံး ပျော်ရွှင်နိုင်မှာ ဖြစ်ပါတယ်။ အမေများနေ့မှာ မေမေ့ကို ကျန်းမာခြင်းလက်ဆောင်ပေးမယ်ဆို အကောင်းဆုံးပဲပေါ့။ မေမေသောက်နေကျ ဆေးနဲ့ ဖြည့်စွက်စာတွေ ဝယ်ပေးတာ၊ ကျန်းမာရေး ပုံမှန်စစ်ဆေးပေးတာတွေ နဲ့ မေမေ့ကျန်းမာရေးကို စောင့်ရှောက်ပေးလိုက်ကြရအောင်။

မေမေ့ကို ဂရုစိုက်တဲ့ အပြုအမူတွေ သိတတ်မှုတွေဆိုတာ ‌အမေများနေ့ တရက်တည်း ကျင့်သုံးရမှာ မဟုတ်ပါဘူး။ နေ့စဉ်နေ့တိုင်း အသေးအမွှားလေးကစလို့ ဂရုစိုက်ပေးခြင်းက မေမေ့အတွက် အကောင်းဆုံးလက်ဆောင်ပါ။ မေမေနဲ့အတူရှိနေတဲ့နေ့ရက်တိုင်းဟာ ကောင်းချီးခြုံလွှမ်းတဲ့ အမေများနေ့ပါပဲနော်။


Share

Comments

Related Posts