ဆန်လုံးညိုနဲ့ ဆန်ချောဖြူတို့ကြားက ကွာခြားချက်များ

Posted in အစားအစာ


ကျန်းမာရေးနဲ့ လူနေမှုပုံစံအတွက် ဆန်လုံးညိုနဲ့ ဆန်ချော နှစ်ခုထဲက တစ်ခုကို ရွေးချယ်စားသုံးရတော့မယ်ဆိုရင်  ဘယ်တစ်ခုက ပိုကောင်းမလဲ၊ ပိုအကျိုးကျေးဇူးများ မလဲဆိုတာ အမေးများတဲ့ မေးခွန်းတစ်ခုပါ။ ဆန်အမျိုး အစား နှစ်ခုလုံးမှာ စားသုံးသူရဲ့ ကြိုက်နှစ်သက်မှုနဲ့ အာဟာရလိုအပ်ချက်တွေပေါ်မူတည်ပြီး အားနည်းချက်၊ အား သာချက် အသီးသီးရှိကြပါတယ်။ ဒီဆောင်းပါးတိုလေးမှာတော့ အာဟာရ ပါဝင်မှု၊ အရသာ၊ ချက်ပြုတ်နည်း နဲ့ ယေဘုယျ ကျန်းမာရေး အကျိုးကျေးဇူးတွေပေါ်မူတည်ပြီး ဆန်လုံးညိုနဲ့ ဆန်ချောဖြူတို့ရဲ့ အဓိက ကွဲပြားမှုတွေ ကို ဖော်ပြလိုက်ပါတယ်။

သူတို့နှစ်ခုရဲ့ ကွဲပြားမှု 

ဆန်လုံးညိုနဲ့ ဆန်ချောကြားထဲက အခြေခံအကျဆုံးနဲ့ အဓိက ကတော့ ထုတ်လုပ်မှုဖြစ်စဥ် ကွာခြားချက်ပါပဲ။ ဆန်လုံးညိုက စပါးကို အခွံချွတ်ပြီး အပေါ်ယံဖွဲနုအလွှာပါးတစ်ထပ်ကို မဖယ်ရှားထား၊ အဆင့်ဆင့်မပြုပြင်ထား တဲ့ ဆန်အမျိုးအစားဖြစ်ပါတယ်။ စားလို့ရတဲ့ အပေါ်ယံဖွဲနုလွှာတွေကို ဖယ်ရှား ကာ ဖြူဖွေးလာအောင် အကြိမ် ကြိမ် ပြုပြင်ပြီးတဲ့နောက်မှာတော့ လူအများစုနေ့စဥ်စားနေကျ ကစီဓာတ်အများစုသာ ကျန်တော့တဲ့ ဆန်ဖြူချော ရရှိလာပါတယ်။

ဆန်လုံးညိုမှာပါရှိတဲ့ အပေါ်ယံဖွဲနုလွှာက အမျှင်ဓာတ်ကြွယ်ဝပါတယ်။ ဒါ့အပြင် မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ဗီတာမင် ဘီအုပ်စုများနဲ့ သံဓာတ်တို့လည်း ပေါများစွာ ပါဝင်ပါသေးတယ်။ ဖွဲနုလွှာမှာပါဝင်တဲ့ ခန္ဓာကိုယ် အကျိုး ပြု အနုဇီဝပိုးမွှားလေးတွေကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပိုမိုပါဝင်ပါသေးတယ်တယ်။

ဆန်ဖြူကတော့ အ‌ပေါ်ယံလွှာနဲ့ ဖွဲနု အစရှိတာတွေကို အကြိမ်ကြိမ်သန့်စင်လိုက်တာကြောင့် ဗီတာမင်နဲ့ သတ္တု ဓာတ်တွေ အမျှင်ဓာတ်တွေ များစွာဆုံးရှုံးသွားပါတယ်။ တချို့နိုင်ငံတွေမှာတော့ ဗီတာမင် ဘီနဲ့ သံဓာတ်တွေကို ဆန်ဖြူတွေမှာ ပြန်လည်ဖြည့်တင်းပေးထားတယ်လို့ ဆိုပါတယ်။ ဆန်ဖြူက အပေါ်ယံအလွှာကိုသန့်စင်ထားပြီး အမျှင်ဓာတ်မရှိသလောက်ဖြစ်သွားတာကြောင့် ဆန်လုံးညိုထက်စာရင် အစာကြေလွယ်တာက အစာခြေလမ်း ကြောင်းမကျန်းမာသူတွေအတွက် ရွေးချယ်မှုကောင်းတစ်ခုပါ။ ချက်ပြုတ်ရချိန် တိုတာကလည်း ဆန်ဖြူချောရဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။

ကျန်းမာရေး အကျိုးကျေးဇူး

စားသုံးဖို့ သင့်တော်ရုံအဆင့်လောက်ပဲ ပြုပြင်ထားတဲ့ ဆန်လုံးညိုရဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာ ပါဝင်မှု က ကင်ဆာဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။ သူ့မှာပါတဲ့ အမျှင်ဓာတ်ကလည်း ကိုလက်စထရောကို လျော့ကျ စေပြီး နှလုံးရဲ့ လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်လာစေပါတယ်။ ကယ်လိုရီပါဝင်မှုကလည်း သာမန်ဆန်တွေ ထက် နည်းတာကြောင့် ဝိတ်ချချင်သူတွေ အကြိုက်တွေ့တဲ့ ဆန်အမျိုးအစားပါပဲ။ ဆန်လုံးညိုရဲ့ သွေးတွင်း သကြား ဓာတ်ကို ထိန်းညှိပေးနိုင်မှုကြောင့် ဆီးချိုသမားတွေ အစားများကြလို့ ဆီးချိုဆန် လို့‌တောင် နာမည်တွင် နေပါတယ်။

ဆန်ဖြူကတော့ အကြိမ်ကြိမ်ပြုပြင်ထားပြီးတာကြောင့် အာဟာရဓာတ်အများစု ဆုံးရှုံးသွားပြီးဆိုပေမယ့် ချက်ပြုတ်ရလွယ်ပြီး အစာကြေမြန်တာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါရှိသူတွေအတွက်တော့ ဆန်ဖြူက ပိုမိုသင့်တော်ပါတယ်။ သူ့ရဲ့ အစာချက်မှုမြန်တဲ့အချက်က စွမ်းအင်ပံ့ပိုးမှု မြန်ဆန်စေတာကြောင့် အားကစားသမားတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ဆန်ဖြစ်နေပါတယ်။

အရသာနှင့် အထိအတွေ့ 

ဆန်လုံးညိုစားမလား၊ ဆန်ချောစားမလား ရွေးချယ်မှုမှာ အဓိကကျတဲ့ အချက်တစ်ချက်ကတော့ အကြမ်းအနု၊ အပျော့အမာနဲ့ ထမင်းအရသာပဲ ဖြစ်ပါတယ်။ ဆန်လုံးညိုက ဆန်သားကကြမ်းပြီး စားရတာ ခပ်မာမာဖြစ်တတ် တာကြောင့် အကျင့်မရှိရင် သိပ်အကြိုက်မတွေ့နိုင်ပါဘူး။ ဆန်ချောကတော့ အားလုံးစားဖူးနေကျအတိုင်းပဲ နုနု ထွေးထွေး ပျော့ပျော့ပြောင်းပြောင်းမို့ စားလို့ကောင်းလှပါတယ်။ ဒါကလည်း ကျန်းမာရေး အကျိုးကျေးဇူး များ တဲ့ ဆန်လုံးညိုထက် ဆန်ချောကို ပိုမိုစားသုံးနေကြတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါ။ ဆန်သား ကြမ်းပြီး ချက်ရတာ ဆန်ချောထက် ပိုအချိန်ယူတဲ့ ဆန်လုံးညိုကို တစ်ညလုံး ရေစိမ်ထားပြီး မနက်မှ ချက်မယ်ဆို စားလို့ပို အဆင်ပြေတယ်လို့ ဆိုပါတယ်။ သေချာစွာသန့်စင်ထားခြင်းမရှိတဲ့ ဆန်လုံးညိုတွေမှာ အာဆင်းနက် ပါဝင်မှုမြင့် မားတတ်တာကြောင့် ဆန်လုံးညိုနဲ့ ဆန်ချော သင့်တင့်စွာ စားသုံးဖို့ အကြံပြုလိုပါတယ်။

ဆန်စပါးကို အဓိကထား စားသုံးကြတဲ့ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံအများစုမှာ ဆန်လုံးညိုစားမလား၊ ဆန် ချောပဲစားမလားဆိုတာ တစ်ဦးတစ်‌ယောက်ချင်းစီရဲ့ ကျန်းမာရေးလိုအပ်ချက်နဲ့ ကြိုက်နှစ်သက်မှုတွေပေါ်မှာ များ စွာ မူတည်ပါတယ်။ ဆန်လုံးညိုမှာရော ဆန်ချောဖြူမှာရော အားသာချက် အားနည်းချက် ကိုယ်စီရှိကြတာ‌ ကြောင့် ကိုယ့်ရဲ့ အာဟာရလိုအပ်ချက်၊ ကျန်းမာရေးအခြေအနေနဲ့ လူမှုဘဝတွေကို ထည့်သွင်းစဥ်းစားပြီး ကိုယ့် လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဆန်အမျိုးအစားကို မှန်ကန်စွာ ရွေးချယ်စားသုံးနိုင်ဖို့ ဒီဆောင်းပါးလေးကို မျှဝေ လိုက် ပါတယ်။


Share

Comments

Related Posts