အပြုအမူကတဆင့် ဖော်ပြနေတဲ့ ကြောင်လေးတွေရဲ့ ဘာသာစကား

Posted in တိကျန်းမာရေး


ကိုယ့်အိမ်က ကြောင်ကလေး ဘာတွေတွေးနေလဲ၊ ကိုယ့်ကို သူပြောချင်နေတဲ့ စကားတွေက ဘာဖြစ်မလဲ၊ သူပျော်နေလား၊ စိတ်ရှုပ်နေလား၊ ကစားချင်တာလား။ မြောင်ချစ်သူတို့အနေနဲ့ ကိုယ့်မြောင်မြောင်ရဲ့ စိတ်ခံစား ချက်တွေကို အနီးစပ်ဆုံး ဘာသာပြန်ဖို့ ကြိုးစားနေကြတယ်မဟုတ်လား။ ဒီလိုဆိုရင် သူတို့အတွေးနဲ့ ခံစားချက် တွေကို ဘယ်လိုထုတ်ဖော်ပြသလဲဆိုတဲ့ ကြောင်လေးတွေရဲ့ သီးသန့်ဘာသာ စကားကို သိထားဖို့ လိုတယ်နော့်။

(၁) ပျော်ရွှင်နေတယ်

ကြောင်လေးတွေရဲ့ အမြီးဟာ သူတို့ရဲ့စိတ်ခံစားချက်ကို အများဆုံးဖော်ပြပေးနိုင်တဲ့ နေရာပါ။ စိတ်ရွှင်နေတဲ့ ကြောင်တစ်ကောင်ဟာ အမြီးကို မြင့်မြင့်ထောင်ထားပြီး ထိပ်ဖျားမှာ ကွေးနေတတ်ပါတယ်။ သူတို့လေးတွေ စိတ်ပျော်နေပြီ၊ စိတ်သက်တောင့်သက်သာဖြစ်နေပြီဆိုရင် များသောအားဖြင့် သူတို့ရဲ့ ကိုယ်နေဟန်ထားက ပျင်းတိပျင်းရွဲပုံစံမျိုး ဖြစ်နေတတ်ပါတယ်။ ခြေရော၊ လက်ရော၊ အမှီးပါထုတ်ထားပြီး ခြေဆန့် လက်ဆန့် အိပ်နေတယ်၊ ဗိုက်ကို ဖော်ထားတယ်ဆိုရင် ကြောင်ကလေးက လုံခြုံတဲ့ ခံစားချက်ရလို့ပါ။ ဒီအချိန်မှာ ဗိုက်ကိုပွတ်ပေးလို့ ရပေမယ့် သူတို့ကိုစတာ၊ ဆော့ခိုင်းတာမျိုး မလုပ်သင့်ပါဘူး။ စိတ်ပျော်နေတယ်၊ စိတ်လုံခြုံတယ်ဆိုတာ ဆော့ချင်တယ်၊ တက်ကြွနေတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။

(၂) ဆော့ကစားပေးပါ

ကြောင်‌လေးတစ်ကောင်က သူ့အမြီးကို ဟိုဘက်ဒီဘက်ယမ်းနေပြီဆို ဆော့ချင်နေတယ်လို့ ယူဆနိုင်ပါတယ်။ ကြောင်တွေဟာ အမဲလိုက်တဲ့မျိုးနွယ်ဝင်ဆိုတော့ သားကောင်ကို ချောင်းသလိုချောင်းနေမယ်၊ ခုန်အုပ်မယ်၊ သူ့ကိုယ်ပိုင်ကစားစရာလေးတွေကို သွားနဲ့ကိုက်မယ်၊ ခဲထားမယ် စတဲ့ အပြုအမူလေးတွေက သူဆော့ဖို့ တက်ကြွနေတယ်လို့ ပြောနေတာပါ။ နားရွက်လေးကို ထောင်ထားပြီး မျက်လုံး ဝိုင်းဝိုင်းနဲ့ အမြီး‌လေးယမ်းနေတဲ့ ကြောင်လေးတွေကို ငှက်မွှေးလိုက်ဖမ်းခိုင်းတာလိုမျိုး သူတို့အကြိုက်ဆုံး ကစားနည်းတွေကို အတူတူ ကစားနိုင်ပါတယ်။  

(၃) ချစ်ကြောင်းပြတဲ့ ဘာသာစကား 

ကြောင်လေးတွေက ခပ်ချေချေနေတတ်ကြတဲ့ ကောင်လေးတွေဆိုပေမယ့် သခင်ကို မချစ်တာတော့ မဟုတ်ကြပါဘူး။ ကိုယ့်အိမ်ကကြောင်ကလေး ကိုယ့်ကို တွယ်တာချစ်ခင်နေကြောင်း သူ့အမြီးလေးကို ကွေးပြီး ခြေထောက်နားမှာ ပွတ်သတ်၊ လူးလှိမ့်ရင်း ဖော်ပြတတ်ပါတယ်။ ကြောင်‌လေးတွေက သူတို့ချစ်တဲ့သူကို လက်ကလေးတွေနဲ့  နှိပ်ပေးတာ မြင်ဖူးကြတယ်မလား။ ဒီအပြုအမူက သူတို့ကြောင်ပေါက်စလေးဘဝက နို့စို့နေတုန်း နို့ကောင်းကောင်းထွက်အောင် မိခင် ကြောင်မကြီးရဲ့ ဗိုက်ကို လက်ကလေးတွေနဲ့ ဖိပေးတဲ့ အပြုအမူလို့ ယူဆ ပါတယ်။ မိခင်လိုချစ်တယ်၊ စိတ်အေးလက်အေးရှိနေတယ်လို့ ဖော်ပြတဲ့ အပြုအမူလေးတစ်ခုပါ။ လူကို (သို့) ပရိဘောဂတွေကို ခေါင်းနဲ့ဝှေ့တာ၊ သင့်ပေါ်လာအိပ်တာတာမျိုးကတော့ ချစ်ကြောင်းပြနေတယ်ဆိုတာ သိသာ ပါတယ်။ ကြောင်‌လေးတွေက ကြမ်း ပြင်ပေါ်မှာ လဲလှောင်းပြီး အညောင်းဆန့်နေတာကလည်း သင့်ကိုချစ်လို့ သူတို့နားလာဖို့၊ ပွတ်သတ်ဖို့ ဖိတ်ခေါ် နေတာလို့ ဘာသာပြန်နိုင်ပါတယ်။

(၄) စိတ်တိုနေပြီဆိုရင် 

ကြောင်လေးတွေ သူတို့အတွက်တစ်စုံတစ်ရာ အန္တရာယ်ရှိနေပြီး ပြန်လည်တိုက်ခိုက်ရတော့မယ်လို့ ခံစားလာရ တဲ့အခါ သူတို့ကိုယ်သူတို့ ကြောက်စရာကောင်းတဲ့ပုံပေါ်အောင် သူတို့ခါးကို ပုံမှန်ထက် ကုန်းထားပြီး အမွှေးတွေကို ဖွပစ်လိုက်လေ့ ရှိပါတယ်။ ဒါကြောင့် စိတ်တို၊ ရန်လိုနေတဲ့ ကြောင်လေးတွေက အမွှေးတွေထောင်ထပြီး အမြီးဖွားဖွားဖြစ်နေကြတာပါ။ မာန်ဖီပြတာ၊ တကိုယ်လုံးတုန်ရီနေတာ၊ အသံကို စူးစူးကျယ်ကျယ်အော်တာတွေလည်း လုပ်ပြတတ်ပါတယ်။ တချို့ပြင်းထန်တဲ့ အခြေအနေတွေမှာဆို ဆီးမထိန်းနိုင်တာတွေတောင် ဖြစ်တတ်တာမျိုးပါ။ သတိပြုရမှာက သူတို့လေးတွေ ဒီလိုခံစားမှုတွေပြတာဟာ ထိတ်လန့်စိုးရိမ်မှုကြောင့်သာဖြစ်ပြီး သင့်အနေနဲ့ သူအဆင်မပြေဖြစ်စေမယ့် အရာတွေနဲ့ အခြေအနေတွေကို ဖယ်ရှားပြီး သူလေးအတွက် သီးသန့် အချိန်၊နေရာလေး ပေးလိုက်သင့်ပါတယ်။

(၅) နေလို့မကောင်းတဲ့အခါ

မြှောင်လေးတွေဟာ သူတို့နေမကောင်းဖြစ်နေတဲ့ အမူအရာကိုပြရာမှာ မကျွမ်းကျင်ကြဘဲ ခန့်မှန်းရခက်တာမို့ သခင့်အနေနဲ့ သူတို့ရဲ့ အမူအရာတွေကို သတိထားစောင့်ကြည့်နေသင့်တာပါ။ မျက်လုံးတွေစင်းထား၊ မှိတ်ထားပြီး သူတို့ခြေလက်တွေကို ကိုယ်ခန္ဓာအောက်မှာ လျှိုထည့်ထားကာ ကုတ်ကုတ်၊လုံးလုံးလေးနေနေပြီဆို သူတို့နေရထိုင်ရ အဆင်မပြေဘူးဆိုတာ ‌ပြောပြနေတာပါ။ ဒါ့အပြင် သူတို့လေးတွေ ပုံမှန်ထက် ပင်ပန်းနွမ်းနယ်နေတာ၊ အစာမစားတာတို့ ဖြစ်နေပြီဆို နီးစပ်ရာ တိဆေးခန်းကို ခေါ် သွားသင့်ပါပြီ။    

(၆) စိတ်ဖိစီးမှုများနေပြီဆို

စိတ်ဖိစီးမှုများနေပြီဆို အများအားဖြင့် သူတို့ကိုယ်ခန္ဓာက တောင့်တင်းနေတတ်ပြီး သူတို့ရဲ့ အမြီးကိုလည်း အားပြင်းပြင်းနဲ့ ပုတ်ကာ ကြမ်းပြင်ပေါ်မှာပဲ လဲလျောင်းနေတော့တာပါ။ အပေါ့အလေးသွားတယ်ဆိုလည်း သင်ပေးထားတဲ့နေရာထဲ မသွားတော့ဘဲ အလေ့အကျင့်တွေပျက်လာပါတယ်။ ဒီလိုတွေ ဖြစ်နေတာ သတိထားမိပြီဆို သူတို့လေးတွေ စိတ်ဖိစီးမှုဖြစ်စေနိုင်တဲ့ အကြောင်းရင်းကိုရှာပြီး ဖယ်ရှားပေးလိုက်ပါ။ အကယ်၍ စိတ်ဖိစီးမှုဖြစ်စေတာ သင်ဖြစ်နေတယ်လို့ သတိပြုမိရင်လည်း သူ့အ‌ပေါ် ပြုလုပ်နေမိတဲ့ အမူအရာတွေ၊ ကစားနည်းတွေကို ရပ်လိုက်သင့်ပါတယ်။ 

ဒီလို ကြောင်လေးတွေရဲ့ စိတ်ခံစားချက်နဲ့ လိုအင်ဆန္ဒတွေကို သိနားလည်နိုင်ဖို့အတွက် သူတို့ရဲ့ အမူအရာက တဆင့် ဖော်ပြတဲ့ ဘာသာစကားကို နားလည်ထားဖို့ အရမ်းအ‌‌‌ရေးကြီးပါတယ်။ ဒါမှသာ သူတို့လေးတွေ လိုရာကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးနိုင်ပြီး ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ သင့်အနားမှာ အချိန်အကြာကြီး တူတူဖြတ်သန်းနေထိုင်နိုင်မှာပါ။


Share

Comments

Myat Hsu Win

ကြောင်လေးတွေရဲ့အကြောင်းကို ဒီဆောင်းပါးလေးဖတ်ပြီးမှ သေချာချာသိရတယ်။ပျော်တာ ဝမ်းနည်းတာ စတဲ့အကြောင်းလေးတွေသိရပြီး အိမ်ကကြောင်လေးတွေနဲ့ပိုမိုဆက်သွယ်လို့ရလို့ ဖတ်ပြီးသဘောကျရတဲ့ဆောင်းပါးလေးပါ။

Nan Moe Dai War

ကိုယ်ရဲ့မြောင်လေးတွေနဲ့အတူနေလာရတာကြာပီမို့သူတို့စကားနားမလည်ပေမဲ့သူတို့ဖြစ်ချင်တာကိုသိနေတဲ့ကိုယ့်အတွက် ဆေင်းပါးကိုဖတ်ရင်းသမီးလေးနဲ့ပိုရင်းနှီးလာသလိုခံစားရတဲ့အပြင်မသိသေးတဲ့ ဖေဖေမေမေတို့အတွက်ဆိုအရမ်းအထောက်အကူဖြစ်လို့ဒီဆောင်းပါးလေးနဲ့အတူတူ ပိုကောင်းတဲ့နေ့ရက်တွေဖန်တီးနိုင်ကြမှာပါ

Related Posts