တိပိုင်ရှင်တို့အဖို့ ကြောင်လေးတွေနဲ့ သူတို့ရဲ့အပြုအမူတွေကို ချစ်ကြပေမဲ့ အိမ်မှာရှိတဲ့ ဆိုဖာတွေ၊ လိုက်ကာတွေ၊ အဝတ်အစားတွေ စတာတွေကို ကုတ်ခြစ်တာကနေ ဖြစ်လာတဲ့ အပျက်အစီးတွေကိုမြင်ရတော့ နှမြောတသဖြစ်ရပြီလေ။ ကြောင်လေးတွေရဲ့ သဘာဝအရ ပရိဘောဂတွေကို ကုတ်ခြစ်တယ်ဆိုတာဟာ သင့်အိမ်ကို သူတို့ရဲ့နယ်မြေတွေထဲက တစ်ခုအဖြစ် အမှတ်အသားလုပ်တာ၊ သူတို့ရဲ့ လက်သည်းတွေနဲ့ ကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ပေးတာ၊ စိတ်ဖိစီးမှု ဖြေဖျောက်တာအတွက်ကြောင့် လုပ်မိနေတတ်ကြတာပါ။ သူတို့ရဲ့ သဘာဝကိုလည်း အသိအမှတ်ပြုပြီး ကိုယ့်အိမ်က ပစ္စည်းတွေလည်း မပျက်စီးရအောင် ဘယ်လိုနည်းလမ်းကောင်းတွေ ရှိမလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်။
နေရာသီးသန့် သတ်မှတ်ပေးပါ
ကုတ်ခြစ်ဖို့ နေရာသီးသန့် ဖန်တီးပေးလိုက်တာဟာ သူတို့အတွက်ရော အိမ်အတွက်ပါ အဆင်ပြေစေမှာပါ။ နေရာဖန်တီးတဲ့အခါမှာ သူတို့လေးတွေ ကုတ်ခြစ်ဖို့ လုံလောက်တဲ့ အမြင့်၊ အကျယ်နဲ့ ခိုင်မတ်တဲ့နေရာဖြစ်ဖို့ လိုပါတယ်။ ပစ္စည်းတွေရွေးရင်လည်း သူတို့ရဲ့ အာရုံကို လှည့်စားဖို့ အိမ်မှာရှိတဲ့ သူတို့ကုတ်နေကျနေရာ ဥပမာ ဆိုဖာ ဆိုရင် ဆိုဖာရဲ့ အရောင်နဲ့ အစအတိုင်း ဖန်တီးပြုလုပ်နိုင်ရင် ပိုကောင်းပါတယ်။ Sisal Fabricနဲ့လုပ်တဲ့ ကုတ်တိုင်တွေ၊ Cat Treesတွေကိုလည်း ကြောင်လေးတွေ နှစ်သက်ကြမှာပါ။ နောက်ပြီး သူတို့ကုတ်ခြစ်တဲ့ပုံအရ တချို့က အပေါ်အောက် သို့ ဘေးတိုက် ကုတ်ခြစ်တတ်တဲ့ပုံစံအမျိုးမျိုးရှိတာမို့ ကိုယ့်မီမီရဲ့ အလေ့အကျင့်ပေါ်မူတည်ပြီး နေရာလေးတွေ ဖန်တီးနိုင်ပါတယ်။
တိတ် သို့ Deterrents spray အသုံးပြုပါ
စေးကပ်ကပ်ဖြစ်နေတဲ့ ပစ္စည်းတွေ၊ အနံ့အသက်တစ်မျိုး ဖြစ်နေတဲ့ပစ္စည်းတွေဆို ကြောင်တွေက ကုတ်ခြစ်ဖို့ စိတ်မဝင်စားတော့ပါဘူး။ ဒါကြောင့်မို့ အိမ်ထောင်ပရိဘောဂတွေကို စေးကပ်စေတဲ့ Double Sided Sticky တိတ်တွေနဲ့ ပတ်ထားတာ၊ Deterrent Sprayသုံးတာတွေကလည်း အဆင်ပြေစေတဲ့ နည်းလမ်းတွေပါပဲ။ Deterrent Sprayဆိုတာကတော့ အိမ်တွင်းပစ္စည်းတွေကို ကြောင်လေးတွေ အနားမကပ်အောင် ကာကွယ်ပေးဖို့ ဖျန်းတဲ့Sprayတစ်မျိုးပါ။ အိမ်မှာရှိတဲ့ ပရိဘောဂတွေကို မပျက်စီးစေမယ့် ဒီလိုတိတ်နဲ့ Sprayကို ရွေးချယ်တတ်ဖို့လည်း လိုသလို နောက်ထပ်အရေးကြီးတာက Pet Safe Productဖြစ်ဖို့လိုပြီး မိမိကြောင်လေးနဲ့ ကိုယ်အသုံးပြုတဲ့ Deterrent Sprayဆိုတည့်မတည့် အရင်ဆုံးစမ်းကြည့်ဖို့တော့ လိုတယ်နော်။
ပလပ်စတစ် လက်သည်းအခွံတပ်ပေးပါ
ကြောင်လေးတွေ လက်သည်းမှာ ပလပ်စတစ်နဲ့လုပ်တဲ့ လက်သည်းခွံတပ်ပေးတာဟာ သူတို့လေးတွေအတွက် ကသိကအောက်ဖြစ်စေနိုင်ပေမယ့်လည်း အိမ်မှာရှိတဲ့ ပရိဘောဂတွေ ပျက်စီးမှုကနေ အထိုက်အလျောက် ကာကွယ်ပေးနိုင်မှာပါ။ ဒါတွေ မတပ်ခင်မှာ သူတို့လက်သည်းလေးတွေတော့ ညှပ်ထားပေးဖို့လိုပါတယ်။ သွားနေကျ တိဆေးခန်းတွေမှာ လက်သည်းအခွံတပ်ပေးလို့ ရသလို မိမိကိုယ်တိုင်လုပ်ပေးနိုင်တယ်ဆို သန့်သန့်ရှင်းရှင်း စနစ်တကျနဲ့ သူတို့လေးတွေရဲ့ ညှပ်ထားတဲ့လက်သည်းတွေပေါ်မှာ တခုချင်း ဖြေးဖြေးချင်း တပ်ပေးနိုင်ပါတယ်။ လက်သည်းခွံတွေကို ၂ပတ် သို့ ၃ပတ် တစ်ခါ လဲပေးသင့်တာမို့ ကုန်ကျစရိတ်တော့ အနည်းငယ်များနိုင်တာပေါ့။
လက်သည်းတိုတိုညှပ်ပေးထားပါ
ပုံမှန်အားဖြင့် ကြောင်လေးတွေရဲ့ လက်သည်းတွေကို ၂ပတ် ၁ခါလောက် ညှပ်ပေးနေမှသာ သူတို့လေးတွေရဲ့ ချွန်မြမြ လက်သည်းတွေရဲ့ ကုတ်ခြစ်တာကနေ အနည်းငယ်ခံသာစေမှာပါ။ သင့်ကြောင်လေးက လက်သည်းညှပ်တာကို ငြိမ်မခံဘူးဆိုရင်တောင် တစ်နေ့ကို လက်ချောင်းတစ်ချောင်းစီ စတင် ကြိုးစားပြီး ညှပ်ပေးပါ။ နောက်ပိုင်းမှာ ကြောင်လေးလည်း အသားကျလာပြီး ပုံမှန်လက်သည်းညှပ်ခံကာ သင့်အိမ်က ပစ္စည်းတွေ ကုတ်ခြစ်ခံရတာတွေကို အထိုက်အလျောက်ကာကွယ်ပေးနိုင်ပါတယ်။
အပေါ်မှာပြောပြထားတဲ့ နည်းလမ်းတွေထဲက ကိုယ့်ကြောင်လေးနဲ့ အဆင်ပြေတဲ့နည်းလမ်းလေးတွေ စိတ်ရှည်ရှည်နဲ့ အချိန်ပေးစမ်းသပ်ကြည့်ပြီး အိမ်ရဲ့ ပရိဘောဂတွေပျက်စီးတာကနေ ကာကွယ်နိုင်ပါစေနော်။
Comments