စဉ့်နှီးတုံးတွေကို ဘာကြောင့်အရောင်ခွဲခြား သုံးသင့်တာလဲ

Posted in အိမ်မှုရေးရာ


သားငါးနဲ့ ဟင်းသီးဟင်းရွက်တွေကို စဉ့်နှီးတုံးတစ်ခုတည်းပေါ်မှာ လှီးနေတုန်းဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်ပါနေ်။ သန့်စင်အောင် သေချာမဆေးကြောထားတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ၊ သားစိမ်း၊ငါးစိမ်းတွေနဲ့ သေချာမကျတ်သေးတဲ့ အသားဟင်းတွေက ဘတ်တီးရီးယားပေါက်ဖွားစေပြီး ဗိုက်နာတာ၊ ဝမ်းပျက်တာတွေနဲ့ အခန့်မသင့်ရင်  အစာအဆိပ်သင့်တာတွေ ဖြစ်တတ်ပါတယ်။ ဒါတွေဖြစ်စေတဲ့ အဓိကတရားခံတွေထဲက တစ်ခုကတော့ စဉ့်နှီးတုံးတွေပါပဲ။ အိမ်တွေမှာ တော်တော်များများက ဟင်းသီးဟင်းရွက်တွေရော၊ အသားငါးတွေရောကို အစိမ်းဖြစ်ဖြစ်၊ ချက်ပြီးသားဖြစ်ဖြစ် စဉ့်နှီးတုံးတစ်ခုတည်း‌ပေါ် မှာပဲ လှီးဖြတ်သုံးစွဲကြတာပါ။ ဒီလိုအသုံးပြုတာဟာ အန္တရာယ်များပြီးတော့ မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်စေပါတယ်။ Cross Contaminationလို့ ခေါတဲ့ အစားအစာ သို့ ပစ္စည်း တစ်ခုကနေတစ်ခုကို ဘတ်တီးရီးယားတွေ ဆင့်ပွားကူးစက်တာလည်း ဖြစ်စေတတ်လို့ အစားအစာချက်ပြုတ်ပြင်ဆင်တဲ့ နေရာမှာ အထူးသတိထားသင့်တာပါ။ ဒ့ါကြောင့်မို့ စဉ့်နှီးတုံးတွေကို ဘယ်လိုစနစ်တကျသုံးကြမလဲဆိုတာ အောက်မှာ ဖတ်ကြည့်လိုက်ရအောင်ပါ။

သစ်သား နဲ့ ပလတ်စတစ်

သမားရိုးကျ သုံးလာတဲ့ သစ်သား စဉ့်နှီးတုံးများက မှိုတက်တာမြန်တယ်၊ ဘတ်တီးရီးယားပေါက်ဖွားတာလည်း မြန်တယ်၊ ဆေးကြောရတာလည်း ခက်တာမို့ အခုနောက်ပိုင်း ပလတ်စတစ် စဉ့်နှီးတုံး (cutting boards) တွေ အ‌စားထိုးအသုံးပြုလာကြပါပြီ။ ဒါပေမဲ့ သင်က သစ်သားစဉ့်နှီးတုံးပဲ ဆက်သုံးမယ်ဆိုရင်လည်း ကျန်းမာ‌ရေးနဲ့ သန့်ရှင်းမှုအရ အသားနဲ့ အရွက်တွေကိုတော့ သီးခြားအသုံးပြုသင့်တာပါ။ အစားအစာချက်ပြုတ်ဖို့အတွက် ပလပ်စတစ် စဉ့်နှီးတုံး (cutting boards) တွေ အသုံးပြုရင် အကောင်းဆုံးဖြစ်ပြီး သူတို့ကို အ‌ရောင်တွေခွဲထားလိုက်ကာ အသားဆို အသား၊ အရွက်ဆို အရွက် သီးခြားအသုံးပြုမယ်ဆို ဘတ်တီးရီးယားပေါက်ဖွားမှုကို လျော့ချနိုင်ပြီး ကိုယ့်အိမ်သားတွေရဲ့ ကျန်းမာ‌ရေးအတွက် အသင့်တော်ဆုံး ဖြစ်မှာပါ။  ဒါဆို ဘယ်လိုအစားအသောက်တွေကို ဘယ်လိုအရောင်တွေသုံးပြီး လှီးဖြတ်ကိုင်တွယ်သင့်လဲဆိုတာ ကြည့်ကြည့်ကြအောင်။

အဝါ - ကြက်၊ ငှက် စတဲ့ ‌ခြေနှစ်ချောင်းနဲ့ တောင်ပံရှိတဲ့အသားတွေ၊ သားကြီးငါးကြီးမဟုတ်တဲ့ အသားတွေ လှီးဖြတ်တဲ့နေရာမှာ အဝါရောင်စဉ့်နှီးတုံးကို အသုံးပြုနိုင်ပါတယ်။ အသားတွေအတွက် သုံးတဲ့ စဉ့်နီတုံးဖြစ်တဲ့အတွက် အသုံးပြုပြီး ပိုးသန့်စင်ဖို့ အရေးကြီးပါတယ်။ 

အနီ - အနီရောင်က အမဲသား၊ ဝက်သား၊ ဆိတ်သားစတဲ့ အသားစိမ်းများက ဖြစ်စေတဲ့ အစွန်းအထင်းတွေကို ဖုံးအုပ်ပေးပါတယ်။ အသားစိမ်းတွေချည်းပဲ လှီးဖြတ်ဖို့ သီးသန့် စဉ့်နှီးတုံး ထားလိုက်တဲ့အတွက် အသားစိမ်းတွေကနေ တခြား အသီးအရွက်တွေ၊ အစားအသောက်တွေကို ကူးတတ်တဲ့ ဘတ်တီးရီးယား ပေါက်ဖွားမှုကိုလည်း ကာကွယ်နိုင်ပါတယ်။

အပြာ - ငါးနဲ့ တခြားပင်လယ်စာတွေဖြစ်တဲ့ ပုစွန်၊ ကဏန်း၊ ဆယ်လ်မွန် စတာတွေကို တခြားအသားတွေနဲ့ အတူမသုံးဘဲ ပင်လယ်အပြာရောင် သက်သက်သုံးလိုက်တာဟာ သီးသီးသန့်သန့်ဖြစ်စေပြီး သန့်ရှင်းမှုကို အားပေးပါတယ်။ အသုံးမပြုခင်တိုင်းလည်း သေချာပိုးသတ်ဖို့တော့ လိုမယ်နော်။ 

အစိမ်း - ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံများတွေကို ကိုယ်စားပြုတဲ့ အစိမ်းရောင်စဉ့်နှီးတုံးက လှီးဖြတ်ဖို့ကျန်တဲ့ အနီရောင်၊ အဝါရောင် အသီးအရွက်တွေကို အလွယ်တကူမြင်နိုင်ပြီး အရွက်တွေကို သန့်သန့်ရှင်းရှင်းနဲ့ တသီးတသန့်လေး ဖြစ်နေ‌ရော။ 

အညို - ကြော်ပြီး ချက်ပြုတ်ပြီး အသားတွေနဲ့ ချောကလက်တွေ လှီးဖြတ်ရာမှာ အညိုရောင်သုံးသင့်ပါတယ်။ ဘာလို့ဆို သူ့ရဲ့အညိုရင့်ရောင်က ချက်ပြီးသားအသားဟင်းတွေကနေ စွန်းတတ်တဲ့အရောင်တွေကို ဖုံးနိုင်ပြီး အသားစိမ်းတွေနဲ့ သပ်သပ်အရောင်ခွဲထားတော့ အသားစိမ်းကထွက်တဲ့ သွေးရည်ထဲက ပိုးမွှားတွေကို ကာကွယ်နိုင်လို့ပါ။

အဖြူ - တခြားအရောင်ပါတဲ့ အစားအသောက်တွေထက်စာရင် ပေါင်မုန့်၊ ကိတ်မုန့်နဲ့ နို့ထွက်ပစ္စည်းများအတွက် အဖြူရောင်စဉ့်နီတုံး အသုံးပြုတာ အကောင်းဆုံးပါ။ အဖြူရောင်ဖြစ်တဲ့အတွက် အစွန်းအထင်းတွေကို သေချာမြင်နိုင်တော့ သန့်ရှင်းဖို့လွယ်ကူတာပေါ့။ 

ဒီအရောင်တွေအတိုင်း ကွက်တိမဟုတ်ဘဲ အသားစိမ်း သက်သက်လှီးဖို့အတွက် စဉ့်နှီးတုံးသီးသန့်ထားတယ်ဆိုရင်ပဲ တခြားအစားအသောက်တွေကို ပိုးမွှားကူးစက်တာကနေ အထိုက်အလျောက် ကာကွယ်နိုင်တာပါ။ နောက်ပြီး စဉ့်နှီးတုံးတွေကိုလည်း နှစ်အတော်ကြာတဲ့ထိ မသုံးသင့်ဘဲ အသစ်လဲလှယ်သင့်တာပါ။ ဘာကြောင့်ဆို သုံးစွဲတာ ကြာလာတာနဲ့အမျှ ဆေးကြောရ မပြောင်လေ၊ မသန့်စင်လေ ဖြစ်လာပြီး ဘတ်တီးရီးယား ပေါက်ဖွားဖို့လွယ်ကူလာပါတယ်။ ဒါကြောင့်မို့ ကိုယ်အသုံးပြုတဲ့အပေါ်  မူတည်ပြီး အနည်းဆုံး (၁)နှစ်ကနေ (၅)နှစ်အထိ စဉ့်နှီးတုံးတွေကို အသစ်ဝယ်ယူသုံးသင့်ပြီး တစ်ခု၊ တစ်ရောင်တည်း မသုံးဘဲ တတ်နိုင်သလောက် ဒီလိုအရောင်လေးတွေ ခွဲခြားပြီး အသုံးပြုသင့်ပါတယ်နော်။ 


Share

Comments

Related Posts