အစားအသောက်ဖန်တီးတယ်၊ ချက်ပြုတ်တယ်၊ မီးဖိုချောင်ကို နိုင်နင်းစွာ ကိုင်တွယ်တယ် စသဖြင့် ဘယ်လိုပဲ ပြောပြော ဟင်းချက်တယ်ဆိုတာ သင်ထင်ထားသလောက် ရိုးရှင်းလွယ်ကူနေတာ မဟုတ်ပါဘူး။ မီးဖိုချောင်ဝင် တဲ့ အိုးသူကြီးတွေဆိုတာ ဟင်းအစပ်အဟပ်တည့်အောင်၊ တစ်နေ့နဲ့တစ်နေထပ်မနေအောင်၊ အာဟာရရှိပြီး တန်ဖိုးလည်းသင့်အောင် စသဖြင့် ဘက်ပေါင်းစုံက စဥ်းစားချက်ပြုတ်ရတာပါ။ ဒီတစ်ခေါက်မှာတော့ တစ်နေ့ တစ်နေ့ ဘာချက်ရမလဲ စဥ်းစားရတာသက်သာစေဖို့ တန်ဖိုးလည်းသင့်၊ အာဟာရလည်းရှိမယ့် ဟင်းလျာ အတွဲအစပ် (၅) ရက်စာကို ဖော်ပြလိုက်ပါတယ်။
(၁) ငုံးဥငံပြာရည်ချက်၊ လယ်ကန်စွန်းချဥ်ရည်၊ ဖလံတောင်ဝှေးကြော်
ဘဲဥ၊ ကြက်ဥကိုပဲ ချက်စားကြတာများတယ်ဆိုပေမယ့် ငုံးဥချက်ကလည်း ဟင်းဖြစ်ပါတယ်။ ချက်နည်းကလည်း ပုံမှန် ဘဲဥ၊ ကြက်ဥချက်သလိုပဲ လွယ်ကူပါတယ်။ ငုံးဥက ဈေးပိုသင့်တဲ့အပြင် စားရတာလည်း အပြောင်းအလဲ ဖြစ်တော့ ထမင်းမြိန်မှာပါ။ ငုံးဥငံပြာရည်ချက် ငံ့ငံ့လေးနဲ့ လိုက်ဖက်တဲ့ ဟင်းတွဲအဖြစ် လယ်ကန်စွန်း ချဥ်ရည် အရည်သောက်နဲ့ ရာသီစာ ဖလံတောင်ဝှေးကြော်ကို ရွေးချယ်ထားပါတယ်။ အငံ၊ အချဥ်နဲ့ အချို အတွဲအစပ်က ထမင်းလုတ်တိုင်းမှာ ခံတွင်းတွေ့စေမှာပါ။ ဖလံတောင်ဝှေးမပေါတဲ့ အချိန်တွေ မှာ အခြားရာသီစာအသီးအရွက် တစ်မျိုးမျိုးနဲ့ တွဲစပ်နိုင်ပါတယ်။
(၂) ပုစွန်ဆိတ်အစပ်ချက်၊ ခရမ်းသီးနဲ့ အာလူးဟင်းရည်၊ ဖရုံညွန့်ကြော်
များသောအားဖြင့် ငပိဖျော်ထဲထည့်တာ၊ အရည်သောက်ထဲ ဟင်းခတ်အဖြစ်ထည့်တာ စသဖြင့် သုံးတတ်ကြတဲ့ ပုစွန်ဆိတ်လေးတွေကလည်း ချက်တတ်ရင် ဟင်းတစ်ခွက်ပဲနော်။ ပုစွန်ဆိတ်ကို ခရမ်းချဥ်သီးနဲ့ စပ်စပ်လေး ချက်စားလို့ ရပါတယ်။ ပုစွန်ဆိတ်ကို အာခေါင်မစူးအောင် သေချာသန့်စင်ဖို့နဲ့ အကောင်သိပ်မသေးတာလေးတွေ ကို ရွေးဝယ်ဖို့ အကြံပေးချင်ပါတယ်။ ခရမ်းသီးနဲ့ အာလူးကို ချက်စား၊ နှပ်စားတတ်ကြပေမယ့် ဟင်းရည်ချက် စားတဲ့သူ နည်းမယ်ထင်ပါတယ်။ ပုံမှန်ဟင်းချိုချက်ဖို့ ပြင်ဆင်တဲ့အတိုင်း ငပိကို ရေနွေးပွက်ပွက်ဆူအောင်တည်၊ ဆား၊ အရသာမှုန့်ထည့်ပြီး လှီးဖြတ်ထားတဲ့ ခရမ်းသီးနဲ့ အာလူးကို နူးအိပြီး ကြေသွားတဲ့အထိ တည်ပေးပါ။ စား ခါနီးမှာ ဟင်းရည်ပူပူထဲကို ဆူးပုတ်ရွက်(သို့) နံနံပင် စတဲ့ကြိုက်နှစ်သက်ရာ ဟင်းခတ်အရွက်တစ်မျိုးမျိုး ထည့် လို့ရပါတယ်။ ပုစွန်ဆိတ်က စပ်စပ်၊ ဟင်းရည်က ပူပူလောလောနဲ့ ဒီဟင်းနှစ်မျိုးရဲ့ အနံ့ရရုံနဲ့တင် ဗိုက်ဆာနေ လောက်ပါပြီ။ လတ်လတ်ဆတ်ဆတ် ဖရုံညွန့်ကြော်လေးတစ်ခွက်ပါ ပေါင်းထည့်လိုက်မယ်ဆိုရင်တော့ ဒီဟင်း တွေကို မကြိုက်ဘူးလို့ ငြင်းမယ့်သူ ရှားမှာပါ။
(၃) ကြက်ဥကြော်ချက်၊ ကြောင်လျာသီးသုပ်၊ ချဥ်စော်ခါးသီးဟင်းရည်
ကြက်ဥကို ကြော်ပြီး ပြန်ချက်တာက ပုံမှန်ကြက်ဥဟင်းထက် ထူးခြားတာကြောင့် စိတ်ဝင်စားစရာ ဟင်းတစ်မယ် ဖြစ်မှာပါ။ ကြောင်လျာသီးကို ပါးပါးလှီးပြီး ဆားနဲ့သေချာနယ်၊ ရေများများနဲ့ (၃) ခါလောက် ဆေးလိုက်မယ်ဆိုရင် အခါးဓာတ်လည်း မရှိသလောက် ကုန်သွားပါပြီ။ မြေပဲဆံ၊ ပဲမုန့်၊ ဆီကျက် စတဲ့ အဆာပလာတွေထည့်ပြီး သုပ်လိုက်ရင် ခါးစိမ့်စိမ့် ကြောင်လျာသီးသုပ်လေးကို စားသုံးနိုင်ပါပြီ။ ချဥ်စော်ခါးသီး ဟင်းရည်ရဲ့ အချဥ်ဓာတ်က အခြားချဥ်ရည်ဟင်းတွေနဲ့ မတူဘဲ ခံတွင်းရှင်းသွားစေတဲ့ အရသာမျိုးပါ။ ဒီဟင်းသုံးမယ်ကို တွဲဖက်စားသုံး လိုက်တဲ့အခါ သူတို့ရဲ့ အရသာတစ်ခုချင်းစီက လျှာပေါ်မှာ ပိုမိုပေါ်လွင်လာစေမှာပါ။
(၄) ကြက်ဘူးချက်၊ သခွားသီးသုပ်၊ ကန်စွန်းရွက်ကြော်
ကြက်ဘူးချက်ဆိုတာ ကြက်သားနဲ့ ဘူးသီးရောချက်ထားတဲ့ဟင်းကို ပြောတာပါ။ ကြက်သားကလည်းချို၊ ဘူးသီး ကလည်းချိုနဲ့ ဒီဟင်းချိုချိုလေးကို ဆီကျန်ရေကျန်လေးချက်စားနိုင်ပါတယ်။ နံနံပင်ကြိုက်တတ်ရင် ထည့်လို့ရပါ တယ်။ ကြက်သားဆီပြန်၊ ကြက်သားကြော်တို့နဲ့စာရင် ကြက်ဘူးဟင်းက ပိုပြီး အစားခံလို့ မိသားစုများတဲ့ သူတွေ အတွက် ပိုအဆင်ပြေပါတယ်။ သခွာသီး အလုံးကြီးကြီးကို ခြစ်နဲ့ခြစ်၊ သံပုရာသီး၊ ငပိတို့နဲ့ ချဥ်ချဥ်စပ်စပ်လေး သုပ်စားနိုင်ပါတယ်။ ငပိနေရာမှာ ငါးဗြက်လေးတွေထည့်ပြီးတော့လည်း လပွတ္တာ သခွားသီးသုပ် လုပ်စားလို့ လည်းရပါသေးတယ်။ အညွန့် တလူလူနဲ့ စိမ်းစိမ်းစိုစို ကန်စွန်းရွက်လေးတွေကို ရေစင်အောင်ဆေး၊ ကြက်သွန်ဖြူ ဓားပြားရိုက်ပြီး ခရုဆီလေးထည့် ကြော်လိုက်မယ်ဆိုရင် ပူပူနွေးနွေး၊ ရနံ့မွှေးမွှေး ကန်စွန်းပလိန်းတစ်ခွက်ကို အချိန်တိုအတွင်း စားနိုင်ပြီပေါ့။ ဒီဟင်းတွဲလေး က အသားရော၊ အသီးအရွက်ရော၊ ချိုချဥ်စပ် အရသာအကုန်စုံတဲ့ ဟင်းတွဲလေးမို့ အိမ်သားတွေ ခေါင်းမဖော်တမ်း စားကြ မှာပါ။
(၅) ပဲလင်းမြွေသီးအစာသွပ်၊ မုန်ညှင်းစော၊ ငြုပ်သီးဆားထောင်း
ဗုံလုံသီးလို့လည်း ခေါ်ကြတဲ့ ပဲလင်းမြွေသီးကို အပေါ်ယံ အခွံပါးလေးတွေကို ဓားနဲ့ခြစ်၊ အလယ်အူတိုင်ကို ဖယ်ထုတ်ပြီး ပုစွန်၊ ငါးခြစ် တစ်ခုခုအစာသွပ်ပြီး ချက်စားတတ်ကြပါတယ်။ ပဲလင်းမြွေသီးရဲ့ ပင်ကိုယ်အချိုဓာတ် နဲ့ အသားရဲ့ အချိုဓာတ်ပေါင်းသွားတဲ့အခါ ချိုချိုလေးလေး ဟင်းပွဲလေးတစ်ပွဲကို ရရှိလာပါတယ်။ ရှမ်းရိုးရာဟင်း ရည်တစ်မျိုးဖြစ်တဲ့ မုန်ညှင်းစောဆိုတာ မုန်ညှင်းနဲ့ ကြက်ရိုးကို ချဥ်ချဥ်ချိုချိုချက်ထားတဲ့ ချဥ်ရည်ဟင်းတစ်မျိုး ပါ။ လေးလေးချိုချို ဟင်းတစ်မယ်နဲ့ အချဥ်ရည်ဟင်းတစ်မယ်ကို ငြုပ်သီးဆားထောင်းနဲ့ တွဲစားလိုက်မယ်ဆိုရင်တော့ ထမင်းကပူ၊ ဟင်းကပူနဲ့ တော်တော်လေး ပွင့်ထွက်သွားမှာမို့ မိုးအေးတဲ့နေ့တွေနဲ့ ကွက်တိပဲပေါ့။
ဘာချက်ရမလဲ၊ ဟင်းတွေကို ဘယ်လို အစပ်အဟပ်တည့်အောင် တွဲဖက်ရမလဲလို့ စဥ်းစားစီစဥ်ရတာ နေ့စဥ် ရက်ဆက်ဖြစ်လာတဲ့အခါ အိမ်ရှင်မတွေ ဦးနှောက်ခြောက်ရပါတယ်။ ဈေးကြီးတဲ့ဟင်းလျာတွေကိုချက်ပြုတ်မှ အာဟာရဖြစ်တာမဟုတ်ပါဘူး။ တန်ဖိုးသင့်ဟင်းလျာတွေကလည်း အစပ်အဟပ်တည့်အောင် တွဲဖက်ချက်တတ် ရင် စားချင်စဖွယ်နဲ့ အာဟာရလည်း ရှိပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ ဟင်းလျာတွေကို အိမ်မှာချက်ပြီး မိသားစုနဲ့အတူ ထမင်းပူပူ၊ ဟင်းပူပူ လက်ဆုံစားလိုက်တော့နော်။
Yati Htet
May Thazin Oo