အပူလွန်ကဲတဲ့ ရာသီဥတု၊ ပတ်ဝန်းကျင်နဲ့ ဒီလိုအပူဒဏ်အောက်မှာ လုံလောက်တဲ့ အကာအကွယ်မရှိဘဲ မနားတမ်း အလုပ်လုပ်မယ်ဆို လူကြီးလူငယ်မရွေး အပူရှပ်နိုင်ခြေ အလွန်များပါတယ်။ ကမ္ဘာကြီး ပူနွေးလာတာနဲ့အမျှ တစ်နှစ်ထက် တစ်နှစ် အပူချိန်တွေက တိုးလာတာမို့ အပူဒဏ်ပြင်းစွာ ခံစားရလေ့ရှိတဲ့ မြန်မာနိုင်ငံမှာ နွေနေပူပူကို အရင်ကထက် သတိပြုနေထိုင်သင့်ပါတယ်။ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ အခန့်မသင့်လို့ အပူရှပ်ကြပြီဆို ကုသနည်းမှန် လမ်းမှန်နဲ့ ပျောက်ကင်းသက်သာရင် ကိစ္စမရှိပေမဲ့ သတိမထားဘဲ လုပ်မိတဲ့ အလေ့အကျင့်မှားတွေနဲ့ ဘေးပတ်ဝန်းကျင်က ပြောလေ့ရှိတဲ့ အယူအဆတွေကြောင့် ကာကွယ်၊ ကုသနည်းတွေ မှားပြီး ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်နိုင်တာပါ။ ဒါကြောင့် အများစုလုပ်မိကြတဲ့ အလေ့အကျင့်မှားတွေထဲက တချို့ကို မျှဝေရင်း ဒါတွေလုပ်နေမိရင် ရှောင်ကြဥ်နိုင်ဖို့ မျှဝေလိုက်ပါရစေ။
ထင်ထားတာက - ရေနွေးသောက်တာ အပူဒဏ်သက်သာစေပါတယ်
အမှန်က - ပူရင်မီးလှုံ စောင်ကိုခြုံ ဆိုပြီး ရာသီဥတုပူတဲ့အချိန်၊ အပူရှပ်နေတဲ့အချိန်မှာ ရေနွေးပူပူ၊ ဟင်းချိုပူပူသောက်တာဟာ အပူဒဏ်ကြောင့် ချွေးထွက်နေတာကို ခဏတာ သက်သာစေပေမဲ့ အပူဒဏ်သက်သာစေတာတော့ မမှန်ပါဘူး။ နွေနေကလည်း ပူနေတယ်၊ ကိုယ်ကလည်း အပူတွေသောက်နေတယ်ဆို ခန္ဓာကိုယ်က ဒီအပူတွေ လျော့ချဖို့ ပိုအားထုတ်ရတာကြောင့် ပင်ပန်းနွမ်းလျစေတာပေါ့။ ပူနွေးတဲ့ ရေနွေးကြမ်းတို့ ကော်ဖီတို့ သောက်မယ့်အစား ရိုးရိုးရေကိုပဲ ရေဗူးတစ်ဗူးနဲ့ အနားထားကာ ရေဆာဆာ၊ မဆာဆာ နည်းနည်းစီ သောက်နေဖို့ လိုပါတယ်။ ဒါကြောင့် အပူချိန်များနေတဲ့ ခန္ဓာကိုယ်ကို ဒီလိုရေနွေး၊ ရေပူသောက်တာက ထိထိရောက်ရောက် အအေးဓာတ်မပေးနိုင်လို့ မှားယွင်းနေတဲ့ အယူအဆတစ်ခုပါပဲ။
ထင်ထားတာက - အိမ်ထဲမှာနေရင် အပူဒဏ်မခံစားရပါ
အမှန်က - တစ်နေ့တာရဲ့ နေ့ခင်း နေ့လယ် အပူချိန်အရမ်းမြင့်နေတဲ့ အချိန်တွေမှာဆို ပူလွန်းတဲ့အတွက် တတ်နိုင်သလောက် အပြင်မထွက်ဘဲ နေတတ်ကြမှာပါ။ အိမ်ထဲ အရိပ်အောက်မှာ နေနေပေမဲ့လည်း လေဝင်လေထွက်မကောင်းဘဲ အပူငွေ့တွေ လှောင်နေမယ်ဆို အပြင်မှာနေတာထက် ပိုပြီးတောင် အန္တရာယ်ရှိပါတယ်။ အိမ်တွင်းမှာတောင် ပြတင်းပေါက်တွေကနေ ခရမ်းလွန်ရောင်ခြည် ကျရောက်နိုင်သေးတာမို့ နွေအပူဒဏ်ကို ပေါ့ပေါ့ဆဆမနေသင့်ပါဘူး။ ဒါကြောင့် ပူတာသက်သာအောင်နဲ့ လေကောင်းလေသန့်ရဖို့အတွက် အိမ်တွင်းမှာဆို ပြတင်းပေါက်တွေ ဖွင့်ထားသင့်ပြီး UV raysတွေ ကာကွယ်ကာ လေအေးမြနေစေဖို့ ချည်လိုက်ကာလေးတွေကို ရေစွတ်ပြီး ပြတင်းပေါက်တွေမှာ တပ်ဆင်ပေးသင့်ပါတယ်။
ထင်ထားတာက - အပြင်မှာ ပူနေတဲ့အချိန် ရေအေးနဲ့ ရေမချိုးသင့်ပါ
အမှန်က - ရေအေးနဲ့ဖြစ်ဖြစ်၊ ရေနွေးနဲ့ဖြစ်ဖြစ် အပြင်ကပြန်လာတဲ့အချိန် ချက်ချင်း ခြေဆေး၊ ရေချိုးတာက အပူရှပ်နိုင်တာမို့ လုံးဝမပြုလုပ်သင့်ပါဘူး။ ဒါပေမဲ့ ကိုယ်က အိမ်ထဲ အရိပ်အာဝါသအောက်မှာ နေနေပေမဲ့လည်း အပြင်မှာ နေအရမ်းပူနေတာမို့ ရေအေးနဲ့ရေချိုးရတာကို အပူရှပ်မှာ စိုးရိမ်တတ်ကြပါတယ်။ စိတ်မပူပါနဲ့။ ရေအေးနဲ့ ရေချိုးတာက ပူအိုက်နေတဲ့ ခန္ဓာကိုယ်ကို အမှန်တကယ် အေးမြသွားစေတာကြောင့် အပြင်ကပြန်လာတယ်ဆို ရေသောက်၊ ၁နာရီလောက် အရိပ်အောက် ခဏအနားယူပြီးမှ ရေအေးနဲ့ ရေချိုးနိုင်ပါတယ်။ တစ်နေ့ ၂ခါလောက် ရေချိုးနိုင်ရင် ခန္ဓာကိုယ်အပူဒဏ်ကို လျော့ချနိုင်မှာပါ။
ထင်ထားတာက - ချွေးထွက်ရင် အပူမရှပ်နိုင်တော့ပါ
အမှန်က - ဒီအချက်က စဥ်းစားကြည့်ရင် ဖြစ်နိုင်တယ်ထင်ရပေမဲ့ ချွေးထွက်ရင်ကောင်းတယ်ဆိုတိုင်း နေရောင်အောက် ပြင်းပြင်းထန်ထန်အလုပ်တွေ လုပ်မယ်ဆို ချွေးထွက်လွန်ပြီး အပူရှပ်နိုင်ခြေ ပိုများပါသေးတယ်။ ရေဓာတ်ခန်းခြောက်လာနိုင်တဲ့အတွက် ကိုယ်က ပုံမှန်ထက် ချွေးထွက်တတ်တယ်ဆို ရေနဲ့ ဓာတ်ဆားရည် သတိထားသောက်သင့်ပြီး ချွေးကနေ အအေးပတ်တာ၊ အပူရှပ်တာ ဖြစ်နိုင်သေးလို့ အဝတ်အစားအပို ဆောင်ထားပြီး လဲပေးသင့်ပါတယ်။ လုပ်နေကျ ချွေးထွက်များတဲ့ အားကစားတွေ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ဒီနွေမှာတော့ ခဏရပ်ထားသင့်ပြီး ပေါ့ပါ့ပါးပါးနဲ့ စိတ်ကြည်လင် လန်းဆန်းစေတဲ့ လေ့ကျင့်ခန်းတွေကို ကျန်းမာရေးအတွက် လုပ်ဆောင်ပေးနိုင်ရင် ရပါပြီ။
ထင်ထားတာက - ကလေးငယ် သို့ သက်ကြီးရွယ်အိုတွေပဲ အပူရှပ်နိုင်ပါတယ်
အမှန်က - နွေရဲ့ အပူဒဏ်ဟာ သက်ရှိတိုင်းအပေါ် သက်ရောက်မှုကြီးတာမို့ ကလေး၊ လူကြီး၊ ကျား၊မ မရွေး အပူရှပ်နိုင်ခြေရှိတာပါ။ အသက်အရွယ် မရွေး အပူလွန်ကဲမှုကို လူတိုင်းဂရုပြုသင့်ပြီး အပြင်ထွက် အလုပ်လုပ်နေရသူ၊ ဆေးဝါးကုသနေရသူ၊ နာတာရှည်ရောဂါအခံရှိသူတွေဆို ပိုပြီးဂရုစိုက်နေထိုင်သင့်ပါတယ်။ လူကြီးတွေမှာလည်း သောက်နေရတဲ့ ဆေးဝါးတွေနဲ့ ဆေးကုသမှုတွေကြောင့် အပူဒဏ်ကို ခံနိုင်ရည်မရှိနိုင်လို့ သတိထားစောင့်ရှောက်ပေးရမှာပါ။ ကလေးတွေကလည်း ကိုယ်ခန္ဓာပိုင်းဆိုင်ရာ နုနယ်ကြတဲ့အတွက် အပူဒဏ်ကြောင့် ကျန်းမာရေးမထိခိုက်ရအောင် တတ်နိုင်သလောက် အပြင်ထွက် ဆော့မကစားခိုင်းသင့်ပါဘူး။
ဒါကြောင့်မို့ ကြားဖူးနေကြ အယူအဆအမှားတွေနဲ့ အလေ့အကျင့်မှားတွေကြောင့် နွေနေပူမှာ အပူမရှပ်ရအောင် မှန်ကန်လုံလောက်တဲ့ အပူဒဏ်ကာကွယ်မှုတွေ၊ ကျွမ်းကျင်တဲ့ဆရာဝန်တွေရဲ့ ကျန်းမာရေးလမ်းညွှန်မှုတွေနဲ့ နွေအပူကို ခံနိုင်ရည်ရှိအောင် ကြိုတင်လုပ်ဆောင်သင့်ပါတယ်။ အေးမြတဲ့ အရိပ်အာဝါသအောက်မှာ နေထိုင်ကာ ရေများများသောက်ဖို့ တိုက်တွန်းရင်း နွေအပူကို တတ်နိုင်သလောက် တွန်းလှန်ကြရအောင်ပါ။
Comments