မတူထူးခြား ကြက်ဥကြော်နည်းများ

Posted in အစားအစာ


ကြက်ဥကြော်ပဲ နေ့တိုင်းစားနေရတာ ငြီးငွေ့နေပြီလား။ ပုံမှန်ဆို ကြက်ဥကို ဆီပူထဲ ဖောက်ထည့်ကြော် တာပဲ ဖြစ်ဖြစ်၊ ကြက်ဥကို ဆား၊ အချိုမှုန့်ထည့်ပြီး ခေါက်ကြော်တာပဲ ဖြစ်ဖြစ် ဒီလိုရိုးရိုးရှင်းရှင်းပဲ ကြော်စားကြတာ များ ပါတယ်။ ပုံမှန်ကြက်ဥကြော်တွေ စားရတာ ပျင်းနေပြီဖြစ်လို့ ကြက်ဥကြော်နည်း အသစ်အဆန်းတွေ ရှာဖွေနေရင် တော့အောက်က စိတ်ဝင်စားစရာ ကြက်ဥကြော်နည်းလေးတွေကို ကြည့်လိုက်ကြရအောင်။

ကိုရီးယား ကြက်ဥလိပ် 

ကြက်ဥလိပ်ပြုလုပ်ဖို့ ကြက်ဥ ကို ဆား၊ ငရုတ်ကောင်းထည့်ပြီး ခလောက်ထားပါ။ ကြက်သွန်နီ၊ မုန်လာဥနီ၊ ကြက်သွန်မြိတ် တို့ကို သေးသေးလေးတွေ လှီးထားပါ။ ပြီးရင် ကြက်ဥထဲကို ပေါင်းထည့်ပြီး သမသွားအောင် ထပ်မွှေပါ။ မကပ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်၊ ဆီပူလာရင် မီးအရှိန်လျော့ပြီး အိုးထဲကို ကြက်ဥ အနည်းငယ်စီ လောင်းထည့်ပါ။ ကျက်သွားတဲ့ ကြက်ဥကို ဇွန်းနဲ့အသာအယာလိပ်ပေးမယ်ဆိုရင် ကြက်ဥလိပ် လေး ရပါပြီ။ ဥနီ၊ ကြက်သွန်မြိတ်တို့အပြင် ရေညှိနဲ့ မှို စတဲ့ အခြားပါဝင်ပစ္စည်းတွေကိုလည်း ထည့်လို့ပါတယ်။

ထိုင်းစတိုင် ကြက်ဥကြော် 

ရိုးရှင်းပေမယ့် အရသာဆန်းတဲ့ထိုင်းစတိုင် ကြက်ဥကြော်လုပ်ကြည့်ရအောင်။ ကြက်ဥကို ကြက်သွန်မြိတ်၊ ကြက် သားမှုန့်၊ ထိုင်းပဲငံပြာရည်တို့နဲ့ သမသွားအောင် ခေါက်ပေးပါ။ အိုးထဲမှာ ဆီပူလာအောင် တည်ထားပြီးပြီဆိုရင် ကြက်ဥကို ထည့်ကြော်လိုက်လို့ ရပါပြီ။ (၃) မိနစ်လောက် စောင့်ပြီးရင်တော့ အရောင်လှလှနဲ့ အရသာထိမိတဲ့ ထိုင်းစတိုင် ကြက်ဥကြော်ရပြီပေါ့။ ထိုင်းစတိုင်ကြက်ဥကြော်ကို သူ့ချည်းပဲဖြစ်ဖြစ်၊ ဆော့စ်နဲ့ တွဲဖက်ပြီးတော့ပဲ ဖြစ်ဖြစ် စားသုံးနိုင်ပါတယ်။

အိန္ဒိယ မဆလာကြက်ဥကြော် 

ဒီကြက်ဥကြော်နည်းရဲ့ ပထမဆုံးအဆင့်ကတော့ ဆီသတ်တာပါပဲ။ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ခရမ်းချဥ်သီး၊ ငရုတ်သီးစိမ်းတွေကို အနေတော်ပမာဏ လှီးဖြတ်ပြီး မွှေးလာတဲ့အထိ (၃) မိနစ်ခန့် ဆီသတ်ပေးပါ။ ပြီးရင် အရသာမှုန့်တွေနဲ့ မဆာလာထည့်ပြီး သမအောင် မွှေပေးပါ။ အနံ့မွှေးလာပြီဆိုရင် ခ‌လောက်ထားပြီးသား ကြက်ဥ ကို အိုးထဲလောင်းထည့်ပြီး အဆာပလာတွေနဲ့ ရောစပ်သွားအောင် ကြော်ပေးလိုက်မယ်ဆိုရင် မဆာလာနံ့မွှေးမွှေး အိန္ဒိယကြက်ဥကြော်လေး ရပါပြီ။

ခရမ်းသီး ကြက်ဥကြော်

အိမ်မှာ ခရမ်းသီး တစ်လုံးရှိရုံနဲ့ လုပ်စားကြည့်ဖို့လွယ်ကူတာကတော့ ခရမ်းသီး ကြက်ဥကြော်ပါပဲ။ ခရမ်းသီးကို အဝိုင်းလေးတွေ လှီးထားပြီး မမဲအောင် ဆားရည်ခဏစိမ်ထားပါ။ ဆားရည် စိမ်ထားတုန်း ကြက်ဥကို ဆား အနည်းငယ်ထည့်ပြီး ခလောက်ထားပါ။ ပြီးရင် ခရမ်းသီးကို ရေစစ်ပြီး အကြော်မှုန့်နဲ့ နယ်ထားပါ။ ဆီအိုးတည်ပြီး ဆီပူလာပြီဆိုရင် ခရမ်းသီးဝိုင်းလေးတွေကို ကြက်ဥထဲနှစ်ပြီး ကြော်လိုက်လို့ရပါပြီ။ အပေါ်ယံကြက်ဥလေးတွေ ရွှေညိုရောင်သမ်းလာရင် အိုးထဲကဆယ်ပြီး နှစ်သက်ရာအချဥ်တစ်မျိုးမျိုးနဲ့ တွဲဖက်စားသုံးလို့ ရပါတယ်။

ငရုတ်ပွကြက်ဥမွှေကြော်

ဒီကြက်ဥမွှေကြော်ကတော့ ငရုတ်ပွ အရောင်စုံလေးတွေနဲ့ စားချင်စရာပါပဲ။ လွယ်လွယ်ကူကူဝယ်လို့ရနိုင်တဲ့ ငရုတ်ပွ အနီနဲ့ အဝါကို အဝိုင်းလိုက်လေးတွေ လှီးဖြတ်ပြီး ကြော်ထားလိုက်ပါ။ နောက်မှ မွှေထားတဲ့ ကြက်ဥတွေကို ငရုတ်ပွအဝိုင်းလိုက်လေး ထည့်ကြော်ရုံပါပဲ။ ချိစ့်ကြိုက်တတ်တယ်ဆိုလည်း နောက်ဆုံးမှာ ထပ်ထည့်လို့ရပါသေးတယ်။ လုပ်နည်းကလည်း လွယ်ကူတာမို့ မနက်စာပေါ့ပေါ့ပါးပါးလုပ်စားမယ်ဆို မြန်ဆန်၊ အဆင်ပြေမယ့် ကြက်ဥ‌‌ကြော်နည်းလေးပါ။

ဒီတော့ ကြက်ဥတစ်မျိုးရှိရုံနဲ့ ဒီလို ကြက်ဥကြော်ဟင်းပွဲတွေကို တစ်ပတ်လုံး မထပ်အောင် ချက်စားနိုင်ပြီပေါ့။ အိမ်မှာရှိတဲ့ ဟင်းချက်စရာတွေနဲ့ပဲ ထမင်းမြိန်မြိန် ဟင်းပွဲတွေကို ဖန်တီးနိုင်ဖို့ ဒီကြက်ဥကြော်လေးတွေက စတင်လိုက်တော့နော်။


Share

Comments

Related Posts