ခေတ်အဆက်ဆက်အသုံးပြုခဲ့တဲ့ အိမ်တွင်းအလှအပ နည်းနာများ

Posted in ကျန်းမာရေး, အလှအပရေးရာ


ယနေ့ကမ္ဘာကြီးလိုမျိုး အလှအပရေးရာ ထုတ်ကုန်တွေ ရွေးချယ်စရာသိပ်မများခင်တုန်းက ပျိုပျိုမေတို့ ဘယ်လို နည်းလမ်းတွေကို သုံးပြီး အလှအပထိန်းသိမ်း ပြုပြင်ခဲ့ကြလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ရှေးခေတ်ကတည်းက အသုံးပြုခဲ့ပြီး အခုအချိန်အထိ သုံးနေဆဲ ပျိုမေတို့လက်စွဲ အိမ်တွင်း အလှအပ ဆေးနည်းကောင်းတွေက ဘာ တွေဖြစ်မလဲ ကြည့်လိုက်ကြရအောင်။

ရှားစောင်းလက်ပတ် 

အသားအရေထိန်းသိမ်း‌ရေးမှာ နတ်ဆေးတစ်ပါးလို့ တင်စားကြတဲ့ ရှားစောင်းလက်ပတ်ဟာ ယနေ့ခေတ် Skin Care ပစ္စည်းတွေထဲမှာလည်း အသုံးများတဲ့ ပါဝင်ပစ္စည်းအဖြစ် ရပ်တည်နေပါတယ်။ အသားအရည်ရဲ့ အစို ဓာတ် ကိုထိန်းသိမ်းပြီး ရေဓာတ်ဖြည့်ပေးနိုင်တာကတော့ သူ့ရဲ့ အဓိက ဂုဏ်သတ္တိပါ။

  • ကမ်းခြေလို နေရာမျိုးကို သွားတာ၊ အလွန်အမင်း နေပူခံတာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် အသားအရည် နေလောင်တဲ့အခါ ရှားစောင်းလက်ပတ်က ဖြေဆေးပါပဲ။
  • ရှားစောင်းလက်ပတ်မှာ အသားအရည်ကို နုပျိုကျန်းမာစေတဲ့ ဗီတာမင် E၊ ဗီတာမင် C နဲ့ ဗီတာမင် A တို့အပြင် antioxidant ဓာတ်ပေါင်းတွေ ပါဝင်လို့  အသားအရည်တင်းရင်းပြီး အရွယ်တင်စေပါတယ်။
  • အပူလောင်တာ နဲ့ အခြားထိခိုက်ရှနာတွေကိုလည်း မြန်မြန် အနာကျက်စေတဲ့ အစွမ်း သတ္တိလည်း ရှိပါသေးတယ်။
  • ရှားစောင်းလက်ပတ် အနှစ်နဲ့ ဆံပင်ကို ပေါင်းတင်ပေးမယ်ဆိုရင် ဆံပင်ကျွတ်တာ၊ ဗောက်ထတာ စတဲ့ ဦးရေပြား ပြဿနာတွေကို သက်သာလျော့ပါးစေပါတယ်။
  • ကိုယ့်အိမ်မှာ အပင်ရှိရင်ပဲ ဖြစ်ဖြစ်၊ ဈေးကဝယ်လာရင်ပဲ ဖြစ်ဖြစ်၊ ရှားစောင်း လက်ပတ်ကို ဆူးတွေ ဖယ်ပြီး ရေ သေချာဆေးလိုက်ဖို့တော့ လိုအပ်ပါတယ်။

ဒီလို အကျိုးကျေးဇူးများတဲ့ ရှားစောင်းလက်ပတ်က ရှေးယခင်တည်းကနေ ယခုခေတ်အထိ အလှအပအတွက် လက်စွဲသုံး အိမ်တွင်းဆေးပင် တစ်မျိုးအဖြစ် အလှအပချစ်သူတို့ကြားမှာ ရေပန်းစားနေဆဲ ဖြစ်ပါတယ်။

ပျားရည် 

ပျားရည်ရဲ့ အစာကြေစေခြင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်းကို ကောင်းမွန်စေခြင်း၊ အနာကျက်မြန်စေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို လူသိများကြပါတယ်။ ဒီလိုကောင်းကျိုးများတဲ့ ပျားရည်မှာ အလှအပရေးရာအတွက် လည်း ကောင်းကျိုးတွေလည်း ရှိပါတယ်။

  • ပျားရည်မှာ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ ဓာတ်တွေ ပါဝင်တာ ကြောင့် အမာရွတ်တွေ မှေးမှိန်ပြီး သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ပျားရည် (၁)ဆကို သံလွင်ဆီ(၂) ဆနဲ့ ရောပြီး အမာရွတ်ရှိတဲ့ နေရာကို မိနစ်အနည်းငယ်လိမ်း၊ ပြီးရင် ရေဆေးချပါ။ ဒီလိုမကြာခဏ ပြုလုပ်ပေးမယ်ဆိုရင် အမာရွတ် ကင်းစင်ပြီး ရှင်းလင်းတဲ့ အသားအရည်ကို ရရှိနိုင်မှာပါ။
  • လေနဲ့ထိတွေ့တာများလို့ မျက်နှာအပေါ်ယံ လွှာ ခြောက်သွေ့နေတဲ့အခါမျိုးမှာလည်း ပျားရည်ကို မျက်နှာ အနှံ့လိမ်းပြီး ခဏအကြာမှာ ရေ‌ဆေးချလိုက်ပါ။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် စိုပြေတဲ့ အသားအရည် ကို ရရှိနိုင်ပါတယ်။
  • မျက်နှာလေးက ဝက်ခြံနဲ့ အမာရွက်တွေမရှိတာတောင် ညစ်ထေးထေး၊ ဖျော့တော့တော့ ဖြစ်နေတယ်လို့ ခံစားရတဲ့ အခါမျိုးတွေ ရှိပါတယ်။ ဒီလိုအခါမျိုးတွေမှာ ပျားရည်တစ်ဇွန်းနဲ့ သံပုရာရည် နှစ်ဇွန်းကို ရောပြီး မျက်နှာအနှံ့လိမ်းပေးပါ။ ပြီးမှ ရေ‌ဆေးချလိုက်ပါ။ ဒီလိုနည်းအားဖြင့်လည်း ပျားရည်က ကြည် လင်တောက်ပပြီး ကျန်းမာတဲ့ အသားအရည် ပိုင်ဆိုင်ဖို့ အထောက်အကူပြုနိုင်ပါသေးတယ်။

သဘာဝရဲ့ လက်ဆောင်တစ်မျိုးဖြစ်တဲ့ ပျားရည်က အကျိုးကျေးဇူးတွေများတာကြောင့် ယနေ့ခေတ်မှာ ပျားရည်ပါဝင်တဲ့ ဆေး၊ အားဖြည့်စာတွေနဲ့ အလှအပရေးရာ ပစ္စည်းတွေ ရွေးချယ်စရာများစွာ ရှိနေပါတယ်။ ဒါပေမယ့် ပျားရည်ကို အထက်မှာ ဖော်ပြထားတဲ့ အိမ်တွင်းနည်းတွေအတိုင်း အသုံးပြုမယ်ဆိုရင်လည်း ကောင်းကျိုးများစွာ ရရှိနေဆဲပါပဲ။

နနွင်း 

ဟင်းချက်တဲ့နေရာမှာ သုံးတဲ့ မီးဖိုချောင်ရဲ့ မပါမဖြစ် နနွင်းက အသားအရည်အတွက် ကောင်းကျိုးများစွာ ရှိတာ သိကြလား။ နနွင်းကို အိန္ဒိယအမျိုးအသီးတွေက အလှအပရေးရာအတွက် အသုံးပြုခဲ့ကြတာ ‌ရှေးနှစ် ပေါင်းများစွာ တည်းကပါ။

  • နနွင်းက သဘာဝပိုးသတ်ဆေးတစ်မျိုးလို့ ပြောလို့ရပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက် ဖျက်ပေးနိုင်ပါတယ်။ နနွင်းစစ်စစ်ကို ရေနဲ့ဖျော်ပြီး ဝက်ခြံလေးပေါ် တို့ထားလိုက်ရုံပါပဲ။
  • နေလောင်တာကြောင့် အသားအရည် ပျက်စီးတာ၊ အမည်းစက်တွေ ဖြစ်တာကိုလည်း နနွင်းက သက် သာစေပါတယ်။ နေရောင်ကြောင့်ဖြစ်တဲ့ အသားအရည်ထိခိုက်မှုတွေအတွက် အိမ်တွင်း ဆေးနည်း ကောင်း ရှာဖွေနေရင်‌တော့ နနွင်းကို သတိရလိုက်ပါတယ်။ 
  • နနွင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝတာကြောင့် အရေပြားဆဲလ်တွေရဲ့ လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ နနွင်းနဲ့ သံလွင်ဆီကို ဆတူရောပြီး အကြောပြတ်တဲ့နေရာတွေပေါ် လိမ်းပေး မယ် ဆိုရင် အကြောပြတ်ရာတွေကို တဖြည်းဖြည်းသက်သာစေပါတယ်။ စိတ်ရှည်ရှည်နဲ့ အချိန်ယူလုပ် ဖို့တော့ လိုမယ်နော့်။
  • နနွင်းရဲ့ လူသိများတဲ့ ဂုဏ်သတ္တိတစ်မျိုးကတော့ အနာကျက်စေခြင်းပါပဲ။ ဒါကြောင့် မီးဖိုချောင်ဝင်ရင်း အသေးစား ထိမိ ရှမိတာမျိုးဆိုရင် မေမေတွေက နနွင်းသိပ်ပေးတတ်ကြတယ်လေ။ ဒါကြောင့် အသေး စား ပြတ်ရှ ဒဏ်ရာတွေအတွက်ဆို နနွင်းက လက်တစ်ကမ်းမှာရှိတဲ့ အိမ်တွင်းဆေးဝါး တစ်ခုပဲနော်။

အိမ်တိုင်းနီးပါးမှာ အသုံးပြုနေကြတဲ့ နနွင်းမှုန့်ဆိုတာ နနွင်းပင်ရဲ့ အမြစ်ကို ကြိတ်ပြီး အမှုန့်ပြုလုပ်ထားတာ ဖြစ် ပါတယ်။ အသားအရည်အတွက် အသုံးပြုဖို့ဆိုရင် အမှုန့်တင်မကဘဲ နနွင်းတက် (နနွင်းပင်ရဲ့ အမြစ်)ကို တိုက် ရိုက် သွေးပြီး အသုံးပြုနိုင်ပါတယ်။ အသုံးပြုတဲ့အခါ သေချာသန့်စင်ထားတဲ့ နနွင်းတက်ဖြစ်ဖို့တော့ သတိပြုရပါမယ်။

သံလွင်ဆီ

ကျန်းမာရေးအတွက် ကောင်းကျိုးများတဲ့ သံလွင်ဆီကို အသားအရည်လှပဖို့အတွက်လည်း အသုံးပြု နိုင်ပါ တယ်။ သံလွင်ဆီက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်လို့ အသားအရည် အိုမင်းရင့်ရော်ခြင်း ကို ကာကွယ်ပေးပါတယ်။ နေလောင်ခံရတဲ့ အသားအရည်ကို သံလွင်ဆီလိမ်းပေးမယ်ဆိုရင် နေလောင်ခြင်း ကြောင့် ဖြစ်ပေါ်တတ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို သက်သာစေပါသေးတယ်။

  • သံလွင်ဆီက အရေပြားကို အစိုဓာတ်ပေးနိုင်တဲ့ အာနိသင်ပါရှိလို့ မျက်နှာရော ခန္ဓာကိုယ်အတွက်ပါ အ သုံးပြုနိုင်ပါတယ်။ သံလွင်ဆီကို မျက်နှာလိမ်းရင်တော့ ကြက်သီးနွေးရေလေးနဲ့ ပြန်ဆေးချပေးဖို့ လို အပ်ပါတယ်။ ကြည်လင်တောက်ပတဲ့ မျက်နှာအသားအရည်ရဖို့အတွက်ဆိုရင် သံလွင်ဆီနဲ့ ကြက်ဥ အ ကာ ကို ရောစပ်ပြီး မျက်နှာပေါင်းတင်နိုင်ပါတယ်။ သံလွင်ဆီက ခြောက်သွေ့တဲ့ အသားအရည်အတွက် အသင့်တော်ဆုံးပါပဲ။
  • နှုတ်ခမ်းသား ခြောက်တာ၊ မဲတာ၊ အရေခွံလန်တာတွေ ဖြစ်တယ်ဆိုရင် ညအိပ်ခါနီး နှုတ်ခမ်းကို သံလွင်ဆီ လိမ်းနိုင်ပါတယ်။ ခြေသည်းလက်သည်းတွေ ပန်းရောင်သန်းပြီး ကျန်းမာစေဖို့ဆိုရင်လည်း သံလွင်ဆီ လိမ်းပေးလို့ရပါတယ်။
  • သံလွင်ဆီကို ခေါင်းလျော်ခါနီး နာရီအနည်းငယ်ကြိုလိမ်းပြီး ပေါင်းတင်ထားမယ်ဆိုရင် ပျက်စီးနေတဲ့ ဆံသားတွေကိုတောင် ပျော့ပြောင်းပြီး ကျန်းမာသန်စွမ်းလာနိုင်စေပါတယ်။ ဒါ့အပြင် ဦးရေပြားကို လိမ်း ပေးမယ်ဆိုရင် ဗောက်ထတာကို သက်သာစေပါသေးတယ်။ သံလွင်ဆီနဲ့ ငှက်ပျောသီးကို ရောကြိတ်ပြီး ဆံသားတွေကို လိမ်းပေးမယ်ဆိုရင် ဆံပင်အရှည်မြန်လာစေတယ်လို့ ဆိုကြပါတယ်။

ဟင်းချက်တဲ့နေရာမှာ၊ အသားငါးတွေ‌ ကြော်တဲ့နေရာမှာ သံလွင်ဆီကို အသုံးပြုခြင်းအားဖြင့် နှလုံးရောဂါ၊ အယ်ဇိုင်းမား၊ ဆီးချိုနဲ့ ကင်ဆာ စတဲ့ ရောဂါဖြစ်နိုင်ချေတွေကို လျော့ချပေးနိုင်တယ်ဆိုတာ အားလုံးအသိပါပဲ။ သံလွင်ဆီကို အသားအရည်အတွက် အခုမှ စသုံးမယ်ဆိုရင် ဓာတ်မတည့်မှု ရှိ၊ မရှိ သေချာအောင် ဆန်းစစ်ပြီး အသုံးပြုဖို့ အကြံပေးလိုပါတယ်။

ယနေ့ခေတ်မှာ ခေတ်မီနည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ဆေးဝါး၊ ဖြည့်စွက်စာ၊ အလှကုန်ပစ္စည်းတွေ များစွာ ပေါ်ထွက်လာလို့ ရွေးချယ်စရာ များပြားလာပါတယ်။ထို့အတူ ဟိုးရှေးကတည်းက အသုံးပြုလာတဲ့ အိမ်တွင်း ဆေးဝါးနဲ့ နည်းလမ်းလေးတွေကိုလည်း မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းပြီး အသုံးပြုနေ၊ အသုံးဝင်နေကြဆဲပါပဲ။ ဒီလိုနည်းလမ်းလေးတွေကို အသုံးပြုတော့မယ်ဆိုရင် ကိုယ်အသုံးပြုမယ့် အိမ်တွင်းနည်းတွေရဲ့  အကျိုးအပြစ်ကို သေချာလေ့လာပြီးမှ အသုံးပြုဖို့တော့ လိုအပ်ပါတယ်။ လက်တကမ်းမှာ ရှိနေပြီး လွယ်ကူထိရောက်တဲ့ အခြား အလှအပရေးရာ နည်းလမ်းကောင်းလေးတွေ ရှိရင်လည်း မျှဝေသွားကြပါဦး။


Share

Comments

Related Posts