သစ်သီးလောကရဲ့ သရဖူနဲ့ထိုက်တန်သူ

Posted in အစားအစာ


လူအမျိုးမျိုး အကြိုက်အထွေထွေရှိတာကြောင့် အသီးတွေထဲမှာ ဘယ်အသီးက အကောင်းဆုံး၊ “အသီးများ ဘုရင်” ဖြစ်မလဲဆိုတာ ပြောဖို့ ခက်ခဲပါတယ်။ ဗမာစကားပုံမှာလည်း “အသီးမှာ သရက်” ရယ်လို့ ရှိတာကြောင့် သရက်သီးများလား၊ ချစ်စရာပုံသဏ္ဍာန်နဲ့ အရသာကောင်းမွန်မှုကြောင့် လူကြိုက်များတဲ့ စတော်ဘယ်ရီ လေ လား၊ ဈေးတန်းတစ်ခုရှိပြီး မျက်နှာပန်းလှတဲ့ ပန်းသီး၊ လိမ္မော်၊ သစ်တော်နဲ့ စပျစ်တို့ဆိုရင်ရော ... တစ်ခုတည်းကို ပြတ်ပြတ်သားသားရွေးချယ်ဖို့ဆိုတာ တကယ်မလွယ်တဲ့ကိစ္စပါ။ အနံ့၊ အရသာ၊ ငွေကြေးတန်ဖိုး၊ သမိုင်း ကြောင်း၊ စီးပွားရေးအရ အကျိုးသက်ရောက်မှုနဲ့ လူ တွေရဲ့ ရူးသွပ်စွာ ကြိုက်နှစ်သက်မှု စတဲ့ ရှုထောင့် မျိုးစုံ ကနေ ထည့်သွင်းစဥ်းစားကြတဲ့အခါ အသီးများဘုရင် အဖြစ် ဒူးရင်းကို ရွေးချယ်လိုက်ပါတယ်။

ဒူးရင်းမိတ်ဆက် 

အာရှအပူပိုင်းဒေသရဲ့ နာမည်ကြီး အသီးတစ်မျိုးဖြစ်တဲ့ ဒူးရင်းသီးဟာ ဆူးတွေနဲ့ အပြင်ပန်း အခွံအောက်မှာ အီစိမ့်ပျစ်နှစ်တဲ့ အတွင်းသား၊ ထူးခြားတဲ့ အနံ့တို့ကြောင့် ဒူးရင်းသီးကို အခုမှစသိသူအတွက်တောင် စိတ်ဝင် စားစရာကောင်းတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူတွေအတွက် မွှေးအီတဲ့ရနံ့၊ မကြိုက်သူတွေ အတွက်တော့ ခေါင်းကိုက်ချင်စရာ အနံ့အဖြစ် လူ့အကြိုက် ပေါ်မူတည်ပြီး ကွဲပြားသွားတဲ့ရနံ့ ကြောင့်လည်း လူသိများတဲ့အသီးပါ။ ဒီအနံ့ကြောင့်ပဲ Public Area နဲ့ Public Transportation တွေမှာ သယ်ဆောင်ဖို့ ကန့်သတ်ခံထားရပါတယ်။ ကန့်သတ်မှုကို တချို့နေရာတွေမှာ ဥပဒေအရတားမြစ်ထားပြီး တချို့မှာတော့ ကျင့် ဝတ် အရ သတိထားရှောင်ကြဉ်ကြတာမျိုးပါ။  မျိုးရင်းတွေပေါ်မူတည်ပြီး ဆိမ့်ချို၊ ချိုခါး စသဖြင့် အရသာတွေ လည်း ထပ်မံကွဲပြားပါသေးတယ်။ ထောပတ်လို ပျစ်နှစ်တဲ့အသား၊ မွှေးအီတဲ့ရနံ့၊ ကြိုက်နှစ်သက်သူတွေ အတွက် နတ်သုဒ္ဓါအလား အရသာ အပြင် သူ့ရာသီမှာပဲ အတိအကျသီးတဲ့အသီး ဖြစ်လို့ လက်လွတ်မခံချင်စရာ အသီးဘုရင်ပါပဲ။

ဒူးရင်းသီးယဥ်ကျေးမှု 

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဘရူနိုင်း နိုင်ငံတွေမှာ အဓိကပေါက်ရောက်၊ စိုက်ပျိုးကြပြီး ဒီနိုင်ငံတွေအပြင် စင်ကာပူ၊ ဖီလစ်ပိုင်၊ လာအို၊ ဗီယက်နမ် စတဲ့ အာရှ တလွှားမှာ လူကြိုက်များတဲ့ ဒူးရင်းသီးရယ်ပါ။ ကြိုက်သူတွေကလည်း အသဲစွဲကြသလို မကြိုက်သူ တွေလည်း ပြင်းထန်ပါတယ်။ ဒါတောင်ဘာ့ကြောင့် အသီးဘုရင်ဖြစ်နေသေးတာလဲ။ ဒူးရင်းသီးဆိုတာ သာမန် သစ်သီး တစ်လုံးထက်ပိုပြီး နိုင်ငံရဲ့ အစားသောက်ယဥ်ကျေးမှုပြယုဂ်တစ်ခု ဖြစ်နေလို့ပါပဲ။ မလေးရှားနဲ့ ထိုင်းမှာ ဆို နှစ်စဥ်နှစ်တိုင်း ဒူးရင်းသီးပွဲတော် ကျင်းပကြပြီး ကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်မှုတစ်ခုအဖြစ် နိုင်ငံခြားငွေ ရှာဖွေနိုင်ပါတယ်။ ရှေးအခါကဆို ဒူးရင်းသီးကို မင်းမျိုးမင်းနွယ်တွေ၊ သူဌေးသူကြွယ်တွေပဲ စားသုံးကြတယ်လို့ ပါးစပ်ရာဇဝင်တွေ က ဆိုကြပါတယ်။ အရသာကောင်းမွန်ပြီး ဈေးနှုန်းလည်း မြင့်မားတာကြောင့် ဒီအဆိုဟာ ဖြစ်နေချေရှိပါတယ်။ ယနေ့ခေတ်မှာလည်း အမျိုးအစားတွေပေါ်မူတည်လို့ ဒူးရင်းသီးဈေးတန်း အမျိုးမျိုးရှိပြီး အမျိုးအစားအကောင်းဆုံး ဒူးရင်းသီးတွေကတော့ ဈေးအရဆုံးဖြစ်ပြီး ဒါဟာ အသီးဘုရင်ဘွဲ့ကို ခံယူထိုက်တဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါ။

မျိုးစုံစားစရာ ဒူးရင်းကမ္ဘာ

အနှစ်များတဲ့ အီစိမ့်တဲ့ သူ့ရဲ့ အရသာနဲ့ အနေအထားကြောင့် ဒူးရင်းသီးကို အသီးအနေနဲ့ ဒီတိုင်းစားတာအပြင် အချိုပွဲ မျိုးစုံအဖြစ် တန်ဖိုးမြှင့်ဖန်တီးကြပါတယ်။ ထိုင်းနိုင်ငံရဲ့ ဒူးရင်းအုန်းနို့ဆမ်းဆို နာမည်ကြီးပါပဲ။ မြန်မာနိုင်ငံ မှာဆိုရင်လည်း ဒူးရင်းသာကူပြင်၊ ဒူးရင်းမလိုင် စတဲ့မုန့်တွေ၊ မလေးရှားရဲ့ ဒူးရင်းရေခဲမုန့်၊ ဒူးရင်းကိတ်၊ စင်ကာပူ မှာဆို တကိုက်ကိုက်လိုက်တိုင်း အီစိမ့်နေတဲ့ ဒူးရင်းပေါင်မုန့် စတဲ့ ဒူးရင်းအခြေခံတဲ့ မုန့်မျိုးစုံက နာမည်ကြီးပါပဲ။ အချိုပွဲအနေနဲ့မဟုတ်ဘဲ ဒူးရင်းသီးအတိုင်းစားမယ်ဆိုရင်တောင် ဒူးရင်းသီး မီးဖုတ်ရယ်လို့ စားလို့ရပါသေးတယ်။ နည်းမျိုးစုံနဲ့ သုံးဆောင်လို့ရတဲ့ အသီးဘုရင်ပဲနော်။

စီးပွားရေးကဏ္ဍအပေါ် သူ၏သက်ရောက်မှု 

ကမ္ဘာ့ဒူးရင်းဈေးကွက်ဟာ ဒေါ်လာ ဘီလီယံနဲ့ချီအောင် တန်ကြေးရှိတဲ့ ဈေးကွက်ဖြစ်တာကြောင့် စိုက်ပျိုးတဲ့နိုင်ငံ တွေရဲ့ စီးပွားရေးအပေါ်မှာ သက်ရောက်မှုကြီးကြီးမားမားရှိတာပေါ့။ ဒူးရင်းသီး စိုက်ပျိုးတဲ့ တောင်သူတွေ၊ ပြန်လည်ရောင်းချတဲ့ ပြည်တွင်း လက်လီလက်ကား အရောင်းဆိုင်တွေကို ဝင်ငွေ ကောင်းစွာ ရရှိစေခြင်းဖြင့် ဒူးရင်းဈေးကွက်က အရှေ့တောင်အာရှရဲ့ စီးပွားရေးကဏ္ဍကိုလည်း ကူညီ ထောက်ပံ့ပေးနေပါတယ်။ ကမ္ဘာ တလွှားမှာ ဒူးရင်းသီး စားသုံးမှုနဲ့ ကြိုက်နှစ်သက်မှုပိုများလာတဲ့အမျှ ဝယ်လိုအားတွေ တရှိန်ထိုးတက်လာလို့ ဒူးရင်းမျိုးကောင်းတွေကို ပိုမိုစိုက်ပျိုးလာကြပြီး ဒေသခံတောင်သူတွေရဲ့ လူမှုဘဝကို ပိုမိုကောင်းမွန်လာတဲ့အထိ ကောင်းကျိုးသက်ရောက်မှုရှိလာပါတယ်။ ဒူးရင်းသီး ပြည်ပပို့ကုန်ဈေးကွက်မှာတော့ ထိုင်းနဲ့ မလေးရှားက ဦးဆောင် နေပါတယ်။ တဖက်မှာလား ရာသီဥတုပြောင်းလဲမှုနဲ့ စိုက်ပျိုးစရိတ်ကြီးမြင့်မှုတွေက ဒူးရင်းဈေးကွက် အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပြန်ပါတယ်။

ကျန်းမာရေးအကျိုးသက်ရောက်မှုများ 

ဒူးရင်းသီးမှာ ဗီတာမင် C နဲ့ B6၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင် ပစ္စည်းလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ တဖက်ခြမ်းမှာလည်း ဒူးရင်းသီးဟာ ကယ်လိုရီနဲ့ အဆီဓာတ်မြင့်များလို့ ဆီချိုနဲ့ ကိုလက်စထရော မြင့်မားနေတဲ့သူတွေ စားဖို့ မသင့်တော်ပြန်ပါဘူး။ တိုင်းရင်းဆေးရှုထောင့်အရလည်း ဒူးရင်းသီးဟာ အပူစာဖြစ် လို့ အစားများသွားတဲ့အခါ ကိုယ်တွင်းအပူများတာ၊ အပူကန်ပြီး ဖျားတာတွေပါ ဖြစ်နိုင်တယ်လို့လည်း ဆိုကြပါ သေးတယ်။ ဒူးရင်းသီးရယ်မှမဟုတ်ပါဘူး၊ ဘယ်အစားအစာမဆို တန်ဆေးလွန်ဘေးဆိုတာရှိလို့ ဒူးရင်းကိုမှ ရွေးပြီး အပြစ်မတင်စေချင်ဘူးလို့ ဒူးရင်းချစ်သူတွေက ကာကွယ်ပြောဆိုကြပါတယ်။

ကြိုက်နှစ်သက်သူတွေကလည်း မက်မက်စက်စက်ကြိုက်ကြပြီး မကြိုက်နှစ်သက်တွေကလည်း အရသာ မခံ ရသေးခင် သူ့ရဲ့ အနံ့လှိုင်းလုံးကို မကျော်ဖြတ်နိုင်ဘဲ ခါးခါးသီးသီးဖြစ်ကြတဲ့ အစွန်းနှစ်ဖက်နဲ့ အသီးဘုရင်ပါ။ အာရှမှာ လူကြိုက်များတဲ့ ဒူးရင်းသီးဟာ အနောက်နိုင်ငံတွေမှာပါ အာရှလူဦးရေ တိုးပွားလာတာနဲ့အမျှ အနောက် ရပ်ဝန်းအထိ ခရီးဆန့်လာခဲ့ပါပြီ။ ဒူးရင်းသီးက သူ့အနံ့အရသာ၊ စီးပွားရေး အပေါ် အကျိုးပြုနိုင်မှု စတာတွေ ကြောင့် သာမက အာရှရဲ့ အစားအသောက်ယဥ်ကျေးမှုပုံရိပ်၊ မတူကွဲပြားမှု၊ အဲ့ဒီ မတူညီမှုကိုပဲ လက်ခံဂုဏ်ယူ နိုင်မှု စတဲ့ပြယုဂ်တွေကို ထင်ဟပ်စေတာကြောင့်ပဲ “အသီးများဘုရင်” ဘွဲ့နဲ့ ထိုက်တန်တာဖြစ်ကြောင်း တင်ပြ လိုက်ပါတယ်။


Share

Comments

Related Posts