မိုးရာသီမှာ အဝတ်ပေါ်က အနံ့ဆိုးတွေကိုဖျောက်ဖို့ရာ

Posted in အိမ်မှုရေးရာ, ကိုယ်တိုင်လုပ်အနုပညာ


မြန်မာနိုင်ငံမှာ မိုးရာသီဆိုရင် စိုထိုင်းဆတွေ များလွန်းပါတယ်။ အဲ့ဒါကြောင့် လေဝင်လေထွက်မကောင်းတာပဲဖြစ်ဖြစ် ဒါမှမဟုတ် နေရောင်ကောင်းကောင်းမရတာပဲဖြစ်ဖြစ် ဖြစ်လာပြီဆိုရင် လေထဲကအစိုဓာတ်တွေက အငွေ့ပျံတာကိုနှောင့်နှေးစေပြီးတော့ အဝတ်တွေခြောက်ဖို့ကို အချိန်ကြာစေပါတယ်။အဲ့လိုနဲ့ စိုစိစိအဝတ်တွေက ကြာလာတော့ အနံဆိုးတွေထွက်လာပါဖြစ်ပါတယ်။ ဒီလိုတွေဖြစ်လာပြီဆိုရင် အဝတ်ပေါ်က အနံ့ဆိုးတွေကို ဖျောက်ဖို့ လွယ်ကူတဲ့နည်းလမ်းလေးတွေကို ဥပမာလေးတွေနဲ့ ဖော်ပြပေးလိုက်တယ်နော်။

လျှော်ပြီးပြီးချင်း အခြောက်လှန်းပါ 

အထူးသဖြင့် အခုလိုမိုးရာသီမှာ အဝတ်တွေကို လျှော်ပြီးပြီးချင်း အခြောက်လှန်းဖို့က အလွန်အရေးကြီးပါတယ်။ အဝတ်လျှော်စက်ထဲမှာ လျှော်ပြီးသားအဝတ်တွေကို အကြာကြီးထားတာက အဝတ်တွေပေါ်မှာ မှိုစွဲခြင်းနဲ့ နောက်ဆက်တွဲအနံ့ဆိုးနံတာတွေကို ဖြစ်စေနိုင်တာကြောင့် အဲ့လိုထားခြင်းမှ ရှောင်ပါ။ လျှော်ပြီးပြီးချင်း အဝတ်လှန်းဖို့ကို မိုးရွာနေလို့အဆင်မပြေဘူးဆိုရင် အိမ်ထဲမှာပဲ လေအေးပေးစက် (ဒါမှမဟုတ်) ပန်ကာရှေ့မှာ ကြာကြာလေး ထားပေးရင် အဝတ်တွေ မြန်မြန်ခြောက်သွားမှာဖြစ်လို့ မှိုနံ့ထွက်တာမျိုးတွေ မရှိနိုင်တော့ပါဘူး။

တတ်နိုင်သမျှ ရေညှစ်ထုတ်ပါ

အဝတ်မလှန်းခင်မှာ ရေကို ကိုယ်တတ်နိုင်သလောက် ညှစ်ထုတ်ပါ။ အဝတ်စကို ဖြည်းဖြည်းခြင်း ဖိညှစ်တာမျိုး ဒါမှမဟုတ် အင်္ကျီကို သဘက်လိုခေါက်ပြီး အစိုဓာတ်အပိုတွေကို ထုတ်ပစ်နိုင်ပါတယ်။ ဒီလို ရေသေချာညှစ်ပြီး လှန်းတာက အဝတ်တွေကို အမြန်ခြောက်စေပြီး အနံဆိုးထွက်ခြင်းမှလဲ ကင်းဝေးစေပါတယ်။

အဝတ်တွေကို နေရာခြားပြီးလှန်းပါ 

အဝတ်တွေကို အခြောက်ခံဖို့လှန်းတဲ့ အခါမှာ တစ်ထည်နဲ့ တစ်ထည် နေရာခြားပြီးလှန်းပါ။ ဒီလိုလှန်းတာက အဝတ်အမြန်ခြောက်ဖို့ လေဝင်လေထွက်ကောင်းစေပြီး အနံ့ဆိုးတွေထွက်စေတဲ့ အစိုဓာတ်တွေ စုမနေစေဖို့ကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် အဝတ်တွေကို အမြန်ခြောက်စေဖို့  တစ်နေရာထဲမှာ  ပြွတ်သိပ်ပြီး လှန်းတာကို ရှောင်ပါ။

အဝတ်လျှော်ဆပ်ပြာထဲမှာ ရှာလကာရည် ဒါမှမဟုတ် မုန့်ဖုတ်ဆိုဒါကို ထည့်ပြီးလျှော်ပါ  

ရှာလကာရည် နဲ့ မုန့်ဖုတ်ဆိုဒါတွေဟာဆိုရင် အနံ့ဆိုးတွေကို ပယ်ဖျောက်ရာမှာ အထိရောက်ဆုံး သဘာဝပစ္စည်းတွေပဲ ဖြစ်ပါတယ်။ အဝတ်လျှော်တဲ့အခါမှာ သုံးနေကျ အဝတ်လျှော်ဆပ်ပြာထဲကို ရှာလကာရည်ခွက်တစ်ဝက် ဒါမှမဟုတ် မုန့်ဖုတ်ဆိုဒါကို ခွက်ရဲ့လေးပုံတစ်ပုံ ထည့်လိုက်ပါ။ ဒီသဘာဝပစ္စည်းတွေဟာဆိုရင် အနံ့ဆိုးထွက်စေတဲ့ ဘတ်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး အဝတ်အထည်တွေကို မွှေးကြိုင်စေပါတယ်။

လီမွန်ပါတဲ့ အဝတ်လျှော်ဆပ်ပြာရည်ကို သုံးပါ 

လီမွန်မှာ သဘာဝအလျောက် အနံဆိုးတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပြီး  စိုစွတ်တဲ့အနံ့တွေကို ဖယ်ရှားရာမှာ အစွမ်းထက်ပါတယ်။ အဝတ်တွေ မွှေးကြိုင်လန်းဆန်းနေစေဖို့ citrus ဒါမှမဟုတ် လီမွန် ရနံ့ပါတဲ့ အဝတ်လျှော်ဆပ်ပြာကို ရှာဖွေဝယ်ယူပါ။ ဒါမှမဟုတ် လျှော်နေကျ အဝတ်လျှော်ဆပ်ပြာထဲကိုလဲ လီမွန်ရနံ့ essential oil ကို ထည့်ပြီးသုံးစွဲနိုင်ပါတယ်။

ဖော်ပြထားတဲ့ အလွယ်တကူလုပ်လို့ရမယ့် နည်းလမ်းတွေအတိုင်း လိုက်လုပ်ပြီးတော့ အဝတ်တွေကို အနံ့ဆိုးကင်းပြီး မွှေးပျံ့အောင် လုပ်ဆောင်နိုင်ပါတယ်။ ကဲဒါဆိုရင် အစိုစွတ်ဆုံးဖြစ်တဲ့ မိုးရာသီမှာတောင် အနံ့ဆိုးကင်းပြီး မွှေး’ကြိုင်လန်းဆန်းနေမယ့်  အဝတ်တွေကိုပဲ ဝတ်ဆင်ကြရအောင်။


Share

Comments

Sao Khun Han

မိုးတွင်းရောက်လာပြီဆိုအဝတ်စားပေါ်ကအနံ့ဆိုးတွေမှိုနံံတွေကစိတ်ညစ်စေရတဲ့အကြောင်းအရင်းထဲကတစ်ခုပါပဲ ကိုယ်ရဲ့အဝတ်အစားတွေအနံဆိုးကင်းပြီး မွှေးကြိုင်လန်းဆန်းနေစေဖို့ ဒီဆောင်းပါးလေးကိုဖတ်ပြီးလိုက်လုပ်မယ်ဆိုရင်တော့မိုးရာသီကိုအကောင်းဆုံးကျော်ဖြတ်နိုင်ပြီပေါ့

Related Posts