၃၀ နောက်ပိုင်း လိုက်နာသင့်တဲ့ စားသောက်မှုအလေ့အထများ

Posted in အစားအစာ


နေ့ချင်းညချင်း ပါးရေနားရေတွေ တွန့်ပြီး အိုသွားမှာမျိုးတော့ မဟုတ်ပေမယ့် အသက် ၃၀ ကျော်လာရင်တော့ ခန္ဓာကိုယ်ရဲ့ အိုမင်းရင့်ရော်မှုက သိသာလာပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက် အသက် ၃၀ အရွယ် ဆိုတာ အလွန်အရေးပါတဲ့ ကာလအပိုင်းအခြားဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဒီအရွယ်ဟာ အလုပ်နဲ့ ဘဝ ကြား မျှခြေတွေ၊ မိသားစုနဲ့ မိခင်ဘဝ စတင်ချိန် စတဲ့ စိန်ခေါ်မှုတွေနဲ့ အများဆုံး ကြုံတွေ့ရတဲ့ ကာလဖြစ်လို့ပါ။ ဘယ်လိုအခိုက်အတန့်မျိုးမှာမဆို ကျန်းမာကျစ်လစ်ပြီး အရွယ်တင်နုပျိုဖို့ အတွက်ဆို စားသောက် နေထိုင်မှုပုံစံနဲ့ အလေ့အထတွေက အလွန်အရေးပါပါတယ်။ ဒါကြောင့် ဘယ်လိုအစားအစာတွေကို ရှောင်ရှားသင့်ပြီး ဘာတွေ စားသင့်တယ်ဆိုတာ ကြည့်လိုက်ကြရအောင်။

ဘယ်အသက်အရွယ်မှာမဆို ကောင်းကောင်းအိပ်ပျော်ဖို့၊ နှလုံးကျန်းမာနေဖို့ သွေးလည်ပတ်မှုကောင်းဖို့၊ အရိုး တွေ ကြံ့ခိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ခေါင်းစဥ်တစ်ခုချင်းစီအတွက် ဘယ်လိုအစားအစာတွေ စားသုံး သင့်သလဲဆိုတာ ခြုံငုံမိအောင် ပြောပြသွားပါမယ်။ ဆက်ကြည့်လိုက်ကြရအောင်။

ဒေါင်ဒေါင်မြည် အရိုးတွေ ဖြစ်ဖို့ 

အမျိုးသမီးအများစုက အသက်ကြီးလာတဲ့အခါ အရိုးပွရောဂါ၊ အဆစ်အမြစ်ယောင်၊ ဒူးနာခါးနာ အဖြစ်များပြီး အထိုင်အထခက်၊ အသွားအလာခက်နဲ့ နေ့စဥ်ဘဝမှာပါ အဆင်မပြေဖြစ်လာကြပါတယ်။ ဒီလိုမဖြစ်ဖို့ဆို အသက် ၃၀ အရွယ်မှာကတည်းက အရိုးတွေကျန်းမာဖို့ အလေးထား ဂရုစိုက်ရမှာပါ။ အားလုံးသိကြတဲ့အတိုင်းပဲ အရိုးနဲ့ သွားတွေ သန်မာကြံ့ခိုင်စေဖို့၊ နှလုံးကျန်းမာရေးကောင်းမွန်စေဖို့ဆို ကယ်လ်စီရမ်ဓာတ်ပြည့်ဝစွာ စားသုံးဖို့ လို အပ်ပါတယ်။ ကယ်လ်စီရမ်နဲ့ ဗီတာမင် ဒီက အရိုးတွေ ဒေါင်ဒေါင်မြည်စေဖို့ အဓိက စွမ်းဆောင်ရှင်တွေပါ။ ဒါ ကြောင့် နွားနို့၊ ဒိန်ချဥ် အစရှိတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို နေ့စဥ်စားသုံးမှုမှာ ထည့်သွင်းစားသုံးဖို့ လိုအပ်ပါ တယ်။

ကောင်းမွန်စွာ အိပ်စက်ဖို့ရာ 

‌ဟော်မုန်းပြောင်းလဲမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကြောင့် ညအိပ်မပျော်မျိုး အဖြစ်အများဆုံးအရွယ်ပါ။ တချို့သော အစားအစာတွေက နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ ကီဝီသီး၊ ချယ်ရီသီးစတဲ့ အသီးအနှီတွေ၊ နွားနို့၊ ငါးကြီးဆီ (သို့) အဆီပါတဲ့ ပင်လယ်ငါး၊ အစေ့အဆန်တွေကို စားသုံးပေးပါ။ အိပ်ခါနီး နွားနို့ ပူပူလေးတစ်ခွက် သောက်ပေးခြင်းက အိပ်စက်မှုကို အထောက်အကူပြုစေတယ်လို့ ဆိုပါတယ်။ ကဖင်းဓာတ်နဲ့ အရက်သေစာ ရှောင်ရှားခြင်းကလည်း ကောင်းကောင်းအိပ်ပျော်စေပါတယ်။

အရွယ်တင်နုပျိုစေဖို့ 

ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant) ကြွယ်ဝတဲ့ အစားအစားတွေက တစ်သျူးတွေရဲ့ အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။ ဘယ်ရီသီးတွေ အထူးသဖြင့် ဘလူးဘယ်ရီနဲ့ ဆန်လုံးညိုတို့မှာ antioxidant ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကဖင်းဓာတ်ပမာဏ များလွန်းတာက မကောင်းဘူးဆိုပေမယ့် ကော်ဖီ၊ လက်ဖက်ရည်တွေက လည်း antioxidant ကြွယ်ဝလို့ သင့်တော်တဲ့ ပမာဏ သောက်သုံးပေးသင့်ပါတယ်။

ရှောင်သင့်တဲ့ အစားအစာများ 

စားသုံးသင့်တဲ့ အစားအစာတွေအကြောင်းပြီးပြီဆိုတော့ ဘယ်အစားအစာတွေကို ရှောင်ရမလဲ ကြည့်လိုက်ကြ ရအောင်။ သကြားဓာတ်အလွန်အကျွံပါတဲ့ ရေခဲမုန့်၊ အချိုရည်တို့လို အစားအစာတွေ၊ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေ၊ အငံဓာတ်များတဲ့ အသင့်စားအစားအစာတွေကို ရှောင်ရှားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အရက်နဲ့ ဆေးလိပ်ဟာ အိုမင်းရင့်ရော်မှုကို မြန်ဆန်စေဖို့ အထူးရှောင်ရှားဖို့ လိုအပ်ပါတယ်။ ဆိုဒီယမ်ပါဝင်မှုများ တဲ့ စည်သွပ်ဘူးတွေ၊ အချိုတွေ၊ ကစီဓာတ်များလွန်းတဲ့ ထမင်း စတာတွေကလည်း ရှောင်ရမယ့် အစားအစာတွေ ထဲ ပါဝင်ပါတယ်။

အသက်အရွယ်မရွေး ကျန်းမာနေဖို့ဆိုရင် မျှတညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံရှိဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားသုံးပြီး အသက်ကြီးတဲ့အထိ ကျန်းမာနုပျိုစွာ နေထိုင်ဖို့ ကြိုးစားလိုက်ရအောင်။



Share

Comments

Related Posts