Doppelganger ဒါမှမဟုတ် ကမ္ဘာတစ်ခြမ်းက အခြားကိုယ်တစ်ယောက်

Posted in လူမှုဘဝ, ဖျော်ဖြေရေး


လူတော်တော်များများက အိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်ကို ရုပ်ချင်းအရမ်းတူလို့ တွဲပြီးသတိထားမိကြပါတယ်။ ဒါပေမယ့် သူတို့တွေက ဒီတိုင်းရုပ်ချင်းတူတာမဟုတ်ဘဲ  အဒေါ်နဲ့တူမအဖြစ် သွေးသားတော်စပ်တာဖြစ်ပါတယ်။ ဒါဆို သွေးသားမတော်စပ်တဲ့ လူနှစ်ယောက် ရုပ်ချင်းတူနေတာကရော? ဒီဆန်းကြယ်တဲ့ဆက်နွယ်မှုက အခုပြောပြသွားမယ့် စိတ်ဝင်စားစရာ အကြောင်းအရာလေးရဲ့ အမြည်းသဘောဖြစ်လို့ အောက်မှာ လိုက်လံဖတ်ရှုကြည့်ကြပါဦးနော်။

ကိုယ်နဲ့ သွေးမတော် သားမစပ်ပေမယ့် ရုပ်ချင်း ချွတ်စွပ်နီးပါးတူတဲ့သူ တစ်ယောက်ယောက်နဲ့ တွေ့ဆုံကြုံကြိုက်တဲ့အခါ စိတ်ထဲ ထူးဆန်း တဲ့ခံစားချက်ကြီးတစ်ခုခု ခံစားရတာမျိုး ကြုံဖူးကြလား ။ ဒါမှမဟုတ် ရုပ်ချင်းချွတ်စွပ်တူတဲ့သူ အချင်းချင်း အပြင်လောကမှာ အမှတ်မထင် တွေ့ကြတဲ့ အကြောင်းတွေ ကြားဖူးကြလား။ ဒီဖြစ်စဥ်တွေကို  doppelganger တွေလို့ ခေါ် ပြီးတော့ သူတို့တွေက မိသားစုချင်းလည်း မတူ သွေးသားတော်စပ်တာမျိုးလည်း မရှိဘဲ ရုပ်ပိုင်းအသွင်အပြင်ပဲ ချွတ်စွပ်တူကြတဲ့ လူတွေဖြစ်ပါတယ်။

ကိုယ့်ဆွေမျိုးသားချင်းမဟုတ်ဘဲ ကိုယ်နဲ့ရုပ်ချင်းတူတဲ့သူတွေကို ရှာတွေ့ဖို့ဆိုတာက တော်တော့်ကို ကြုံတောင့်ကြုံခဲအခြေအနေတစ်ခုပါ။ ဒီလိုရုပ်ချင်းတူတယ်ဆိုတာမျိုးက ဝတ်ပုံစားပုံ၊ ဆံပင်ပုံစံ ဒါမှမဟုတ် အခြားတူတဲ့အချက်တွေကို ချုံကြည့်ပြီး တူတာမျိုးတွေ ဖြစ်တာများပါတယ်။ ဒါပေမယ့်လည်း လေ့လာတဲ့သူတွေရဲ့ ပြောကြားချက်အရ ရုပ်ချင်းချွတ်စွပ်တူတဲ့ doppelganger နှစ်ယောက်က တစ်ချိန်တည်းမှာ အတူတကွတည်ရှိနေနိုင်ဖို့ဆိုတာက ဖြစ်နိုင်ပြီး  တစ်ယောက်နဲ့တစ်ယောက် အပြင်မှာတွေ့ဖို့ဆိုတာကတော့ မဖြစ်နိုင်သလောက် ရှားပါးပါတယ်တဲ့။ ကိုယ်တိုင် အခုလိုမျိုး ရှားပါးဖြစ်စဉ်နဲ့ နှဖူးတွေ့ ဒူးတွေ့ ကြုံတွေ့လာရပြီပဲဆိုပါတော့၊ အဲ့လိုအချိန်မှာ ဘာတွေ ဖြစ်လာနိုင်လဲဆိုတာကို ဖတ်ကြည့်လိုက်နော်။

စိတ်စနိုးစနှောင့် ခံစားချက်တွေဖြစ်လာမယ် 

ကိုယ်နဲ့ပုံစံအရမ်းတူတဲ့သူကို တွေ့လိုက်ရတဲ့ခံစားချက်က နေရထိုင်ရခက်စေပြီးတော့ ကြောက်စိတ်တွေပါ ဝင်စေနိုင်ပါတယ်။  doppelganger နဲ့ ကိုယ့်ရုပ်ရည်သွင်ပြင် ပုံစံတူနေတာကြောင့် ကိုယ့်ရဲ့ ပင်ကိုလက္ခဏာ နဲ့ ကိုယ့်ရဲ့ပုံစံတွေအပေါ် အမြင်တွေကိုပါ ပြောင်းလဲစေနိုင်ပါတယ်။

နေထိုင်နေရတဲ့ဘဝကို မေးခွန်းထုတ်လာနိုင်တယ် 

ကိုယ်နဲ့တစ်ပုံစံတည်းတူတဲ့သူကို မြင်လိုက်ရရင် ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ ကိုယ်နေထိုင်နေရတဲ့ဘဝ၊ ခံယူချက်တွေနဲ့ စစ်မှန်မှုတွေအကြောင်း ကိုယ့်ကိုယ်ကိုယ် မလိုအပ်ဘဲ အထပ်ထပ်အခါခါ ပြန်တွေးမိတာမျိုးဖြစ်နိုင်ပါတယ်။

စိတ်ပညာတွေအပေါ်ကို စိတ်ဝင်စားမှုရှိလာမယ် 

ကိုယ့် doppelganger နဲ့တွေ့လိုက်ရတာက စိတ်ဝင်စားစိတ်တွေ၊ သိချင်စိတ်တွေကို တဖွားဖွား ပေါ်လာစေနိုင်ပါတယ်။ လူတိုင်းလူတိုင်းက လူပုံစံချင်း၊ အပြုအမူတွေ အလေ့အထတွေ အလိုက် ကိုယ်နဲ့တူတဲ့သူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ယှဉ်ကြည့်ပြီး ဘယ်အချက်တွေ ကွာခြားနေလဲ၊ ဘယ်အချက်တွေက တူနေလဲဆိုတာကို သိချင်ကြတာ သဘာဝပါပဲ။ ဒီလိုသိချင်ပြီး စိတ်ဝင်စားတာရဲ့ နောက်ဆက်တွဲကတော့ အချင်းချင်းတွေ့မိကြရင် ဘယ်လိုမျိုးတွေဖြစ်နိုင်မလည်း စိတ်ချင်းရော နီးစပ်မှုရှိလောက်မလားဆိုပြီး ရှာဖွေချင်လာမှာပါပဲ။

စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု 

ကိုယ့်ရဲ့ doppelganger တစ်ယောက်ကို တွေ့တဲ့အခါ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်ပုံ တုံ့ပြန်နည်းက တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ တစ်ချို့ကကြတော့ စိတ်ဝင်စား၊ အံ့ဩပြီး ပျော်စရာကောင်းတယ်လို့ ထင်ကြပေမယ့် တစ်ချို့ကကြ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ရှုပ်ထွေးတာတွေ ကိုယ့်ကို ခြိမ်းခြောက်နေတယ်လို့ ထင်တာမျိုးတွေအထိတောင် ဖြစ်နိုင်ပါသေးတယ်။ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်ပုံက လူတစ်ယောက်ချင်းစီရဲ့ ယုံကြည်မှုတွေ၊ ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းအရင်းတွေပေါ်ကို အများကြီး မူတည်နေပါတယ်။

အရေးကြီးတာတစ်ခု မှတ်ထားရမှာ တစ်ခုကတော့ doppelganger နဲ့ အပြင်မှာ တွေ့ရလို့ ဖြစ်လာနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတွေက လူတစ်ဦးတစ်ယောက်ချင်းစီအပေါ် မူတည်ပြီး အများကြီး ပြောင်းလဲနိုင်ပါတယ်။ လူတိုင်းက တစ်ပုံစံတည်း ခံစားရမှာ မဟုတ်ပါဘူး။ တကယ်လို့များ ကိုယ့် doppelganger နဲ့တွေ့ခဲ့သည်ရှိသော စိတ်ကို ငြိမ်ငြိမ်ထားပြီး လိုရာကို အရင်ဆွဲမတွေးပဲ ကိုယ်နဲ့ ဘယ်အချက်တွေ တူတာလဲဆိုတာ သေချာ ဆန်းစစ်ကြည့်ပြီး တူတဲ့အချက်တွေကို သေချာ လက်ခံလိုက်ပါ။ ကိုယ်နဲ့ ရုပ်ချင်းတူတဲ့သူနဲ့ တွေ့ရတယ်ဆိုတာ ကြီးမားလွန်းတဲ့ တိုက်ဆိုင်မှုကြီးတစ်ခုဖြစ်နိုင်သလို ဖြစ်တောင့်ဖြစ်ခဲ အခြေအနေတစ်ခုနဲ့ ကြုံတွေ့ရတာဆိုတဲ့အချက်ကို လက်ခံထားလိုက်ဖို့ပါပဲ။

Doppelganger တစ်ယောက်နဲ့ တွေ့ဆုံခြင်းဆိုတာ ဖြေရှင်းရခက်ပေမယ့် မသိစိတ်ထဲက ဖြေရှင်းချင်နေတဲ့ ပဟေဠိတစ်ခုလိုပါပဲ။ ကဲ..အဲ့ဒါကြောင့် ကိုယ့်ရဲ့ အတွင်းစိတ်ထဲမှာ ပုန်းအောင်းနေတဲ့ ရှားလော့ခ်ဟုမ်းကို လွှတ်ပေးလိုက်ပြီး ကိုယ်နဲ့ပုံစံတူတစ်ယောက်ကို ရှာဖွေမယ့်ခရီးစဉ်ကိုစတင်လိုက်ကြရအောင်။ မွေးနေ့တွေ၊ မျိုးရိုးစဉ်ဆက်သမိုင်းကြောင်းတွေကို လိုက်လံရှာဖွေရင်းနဲ ကိုယ်နဲ့ မွေးကတည်းက ကွဲကွာသွားပြီး အချိန်အကြာကြီးပျောက်ဆုံးနေတဲ့ အမြွာတစ်ယောက်ကို ရှာမတွေ့နိုင်ဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ။ သူက လူသိများတဲ့ နာမည်ကျော်တစ်ယောက်တောင် ဖြစ်ချင်ဖြစ်နေဦးမှာ။ ဒီ website တွေထဲ ဝင်ပြီးတော့လည်း ကိုယ့်ရဲ့  celebrity doppelganger က ဘယ်သူလဲဆိုတာ အပျင်းပြေဝင်ကြည့်နိုင်ပါသေးတယ်။


Share

Comments

San Mya Thida

ငါရဲ့doppelgangerကိုလက်တွေ့ဘ၀မှာတွေ့ခဲ့ရင်ဘယ်လိုတုန့်ပြန်မိမလဲ ဆိုတာကိုပါအ‌တွေးထဲ နယ်ချဲ့မိလိုက်တယ်။ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာရောဘ၀ဖြတ်သန်းပုံတွေရောတူနိုင်‌ သေးသလားဆိုတာကိုပါဆက်တွေးမိစေတဲ့ စိတ်၀င်စားစရာကောင်းပြီး စိတ်ထဲစွဲကျန်နေတဲ့ဆောင်းပါးတိုလေးတခုအတွက်ကျေးဇူးတင်ပါတယ်။

Thida

ငါရဲ့doppelgangerကိုလက်တွေ့ဘ၀မှာတွေ့ခဲ့ရင်ဘယ်လိုတုန့်ပြန်မိမလဲ ဆိုတာကိုပါအ‌တွေးထဲ နယ်ချဲ့မိလိုက်တယ်။ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာရောဘ၀ဖြတ်သန်းပုံတွေရောတူနိုင်‌ သေးသလားဆိုတာကိုပါဆက်တွေးမိစေတဲ့ စိတ်၀င်စားစရာကောင်းပြီး စိတ်ထဲစွဲကျန်နေတဲ့ဆောင်းပါးတိုလေးတခုအတွက်ကျေးဇူးတင်ပါတယ်။

Related Posts