ကော်ဖီကမ္ဘာသို့အလည်တစ်ခေါက်

Posted in အစားအစာ


ကော်ဖီကို ဖြတ်ရတာ ရည်းစားနဲ့ ပြတ်တာထက် ဆိုးတယ်” ဆိုပြီး Bird Box ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကျော်မင်းသမီး Sandra Bullock က ပြောခဲ့ဖူးပါတယ်။ လူတော်တော်များများအတွက်တော့ ကော်ဖီက သောက်စရာဆိုတဲ့ အရာတစ်ခုထက် ပိုပြီး အရေးပါတဲ့အပိုင်းကနေ နေရာယူထားတာပါ။ ကော်ဖီဆိုတာ ပျင်းရိစရာကောင်းတဲ့ နေ့ကြီးမှာ စိတ်ကို လန်းဆန်းတက်ကြွစေတဲ့ အရာ ဒါမှမဟုတ် မနက်ခင်းလေးမှာ အားအင်ဖြည့်ပေးမယ့် အရာဆိုပြီး အဖိုးတန်တစ်ခုအဖြစ် မှတ်ယူထားကြပါတယ်။

ကော်ဖီချစ်သူတွေကတော့ ကော်ဖီသောက်ရင် ခါးခါးလေးဖြစ်စေတဲ့ ကဖိန်းဓာတ်အပြင် ကိုယ်နဲ့ကိုက်မယ့် ကော်ဖီအရသာကို ရွေးရတာတော့ ခက်မယ် ထင်တယ်နော်။ Espresso အရသာပြင်းပြင်းလေးကနေ နို့အရသာ ချိုချိုဆိမ့်ဆိမ့်လေးအထိ ကော်ဖီအရသာအမျိုးမျိုး ရှိပါတယ်။ ဒါပေမယ့် ဘာသောက်ရင်ကောင်းမလဲဆိုတာ စိတ်ပူမနေပါနဲ့။ ဒီပို့စ်မှာ ကော်ဖီအမျိုးမျိုး၊ အရသာအမျိုးမျိုးအပြင် ကော်ဖီနဲ့ တွဲဖက်စားလို့ ကောင်းတဲ့ အစားအစာတွေအကြောင်းပါ ပြောပြပေးသွားမှာပါ။ ကော်ဖီအရသာအကြောင်း သိကောင်းစရာ

အစားအသောက်တွေ အရသာကွဲသလို ကော်ဖီဖျော်ဖို့ သုံးတဲ့ ကော်ဖီစေ့တွေရဲ့ အရသာကလည်း စိုက်ပျိုးတဲ့ ဒေသ၊ လှော်ပုံလှော်နည်းနဲ့ ထုတ်လုပ်ပုံတွေပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ ကော်ဖီစေ့အရသာ ကို အသီးအရသာ၊ ပန်းအရသာ၊ အစပ်အရသာ၊ အချိုအရသာ၊ အစေ့အဆံ အရသာ၊ ချောကလက် အရသာတွေအပြင် Caramel လိုမျိုး အချိုအပြည့်အရသာ၊ ဆေးပြင်းလိပ်အရသာ စတဲ့ အရသာအမျိုးမျိုးနဲ့ဖော်ပြနိုင်ပါတယ်။ အဓိက အနေနဲ့ ခွဲခြားပြီး ပြောရရင်တော့ အာရေးဗီကား (Arabica) ကော်ဖီစေ့နဲ့ ရိုဘတ်စတာ (Robusta) ကော်ဖီစေ့ ဆိုပြီး နှစ်မျိုးရှိပါတယ်။

အာရေးဗီကားကော်ဖီစေ့ - ဒီကော်ဖီစေ့တွေက သူတို့ရဲ့ အချိုဓာတ်ကဲတဲ့ အရသာကြောင့် နာမည်ကျော်ပါတယ်။ မြန်မာနိုင်ငံမှာ စိုက်ပျိုးထုတ်လုပ်တဲ့ အာရေးဗီကားကော်ဖီကလည်း ဒီလိုမျိုး အရသာ ရှိပါတယ်။

ရိုဘတ်စတာကော်ဖီစေ့ - ဒီကော်ဖီစေ့အမျိုးအစားတွေကတော့ ခါးသက်သက်အရသာလေးနဲ့ ကဖိန်းဓာတ် ပိုမိုပါဝင်ကြပါတယ်။

ကော်ဖီအမျိုးအစားများနှင့် တွဲဖက်စားစရာများ 

ကော်ဖီဆိုင်ထိုင်တိုင်း သူတို့ရောင်းတဲ့ ကော်ဖီအမျိုးအစားတွေ အများကြီးကို တွေ့ရမှာပါ။ လူတော်တော်များများကြိုက်နှစ်သက်ကြတဲ့ ကော်ဖီအမျိုးအစားတစ်ချို့အပြင် သူတို့နဲ့ လိုက်ဖက်တဲ့ အစားအစာတွေ အကြောင်းကိုပါ ပြောပြပေးသွားမှာပါ။ အက်စ်ပရက်ဆို (Espresso) - ဒါကတော့ တခြားသောက်စရာ ကော်ဖီတွေမှာလည်း ထည့်သုံးတတ်တဲ့ ကော်ဖီပြင်းပြင်းတစ်ခွက်ဖြစ်ပါတယ်။ တကယ်လို့ ကော်ဖီဆို ပြင်းပြင်းမှ ကြိုက်တယ် ဆိုတဲ့သူတွေအတွက် အက်စ်ပရက်ဆို က အဖော်မွန်ကောင်းတစ်ယောက်ပါပဲနော်။ အက်စ်ပရက်ဆို ကို သူ့ချည်းပဲ သောက်လို့ရသလို အစာလေးတစ်ခု စားပြီးလည်း သောက်လို့ရပါတယ်။ တစ်ချို့ကတော့ ဘယ်ရီလို အသီးတွေနဲ့ တွဲဖက်စားရတာကို ကြိုက်နှစ်သက်ကြသလို ချောကလက်နဲ့တွဲပြီးသောက်ရတာကိုကြိုက်နှစ်သက်ကြတယ်။

အမေရိကာနို (Americano) - ဒီဟာကကျတော့ ကော်ဖီကို ရေနွေးပူပူ ထည့်ပြီး ဖျော်ထားတာနဲ့ ဆင်တယ်။ ကိုယ်က ကော်ဖီကို ရိုးရိုးလေးနဲ့ ပြင်းပြင်းလေးသောက်ချင်တယ်ဆိုရင်တော့ ဒါလေးကို ရွေးသောက်နော်။ ပြီးတော့ အမေရိကာနို ကို မနက်စာအဖြစ် ထောပတ်နဲ့ လုပ်ထားတဲ့ ပြင်သစ်ပေါင်မုန့်ဖြစ်တဲ့ ခရုခွေမုန့် (Croissant) လိုမျိုး၊ ကြက်သားအစာသွပ်မုန့်လိုမျိုးတွေနဲ့ တွဲဖက်စားလိုက်ရင်တော့ အရသာရှိမှာ အသေအချာပါပဲ။ လာတေး (Latte) - ကော်ဖီကို အခုမှ စသောက်မှာ ဆိုရင်တော့ ဒါကို စမ်းသောက်ကြည့်နော်။ သူ့မှာကျတော့ နို့တွေ အများကြီးထည့်ထားတဲ့အတွက် ကဖိန်းဓာတ် အရမ်းမပြင်းပါဘူး။ ဒါလေးကိုတော့ မနက်စာ အဆာပြေမုန့်လေးတွေ၊ အသီးကို အခြေခံပြီးလုပ်ထားတဲ့ သရေစာမုန့်လေးတွေနဲ တွဲစားလို့ကောင်းပါတယ်။ ငှက်ပျောသီးကိတ်၊ ပူတင်းတွေနဲ့လည်း တွဲစားကြည့်နော်။

ကာပူချီနို (Cappuccino) - ဒါကတော့ အပေါ်မှာ နို့မလိုင်အမြုပ်လေးတွေ အများကြီးပါတဲ့ ကော်ဖီလေးပါ။သူက ခွက်ကလေးက သေးတယ်ဆိုပေမယ့် အရသာကတော့ ပြင်းတယ်နော်။ တစ်ခါတလေမှာ သူ့အပေါ်မှာ သစ်ကြံပိုးခေါက်မှုန့်လေးတွေ၊ ကိုကိုးမှုန့်လေးတွေ ဖြူးထားတတ်ပါတယ်။ မိုခါး (Mocha) - ချောကလက်ကြိုက်တဲ့သူတွေက မိုခါးကို သောက်ကြည့်နော်။ သူက ချောကလက်နဲ့ ကော်ဖီရောထားတာမို့ ချိုချိုအီအီလေးတွေဖြစ်တဲ့ ကွတ်ကီးလေးတွေ၊ Brownies လို ချောကလက်မုန့်လေးတွေနဲ့ လိုက်တယ်နော်။ ပြီးတော့ မြန်မာမုန့်လေးတွေနဲ့ တွဲစားကြည့်လို့လည်း ရပါသေးတယ်။

ကိုယ်က ကော်ဖီဖန်အကြီးစားပဲ ဖြစ်ဖြစ်၊ ကော်ဖီကို စသောက်ကြည့်မယ့်သူပဲ ဖြစ်ဖြစ်၊ အရသာအမျိုးမျိုးရှိတဲ့ ကော်ဖီတွေနဲ့ တွဲဖက်စားစရာမျိုးစုံကို မြည်းစမ်းကြည့်သင့်တယ်နော်။ ဒါကြောင့် သောက်စရာ ကော်ဖီတံဆိပ်တွေ စုံစုံလင်လင် အများကြီးရှိတဲ့ နီးစပ်ရာ ‌ဈေးဆိုင်တွေ၊ စူပါမားကတ်တွေမှာ သွားရောက်ဝယ်ယူပြီး ကော်ဖီကမ္ဘာထဲ ခုန်ဝင်လိုက်တော့နော်။


Share

Comments

Ana Punongbayan

makes me want to drink coffee!

Yu Yu Khine

စွဲလန်းမှုဆိုတာ မကောင်းပေမယ့် ကော်ဖီကိုစွဲလန်းခြင်းကိုတော့ လုံးဝဖြတ်နိုင်မယ်မထင်ဘူး... ကိုယ့်ခန္ဓာကိုယ်ကြီးနဲ့ မတည့်နေတာတောင်မှ ကဖိန်းဓာတ်လေးမရရင် တစ်နေမဝင်တတ်တာမို့ Latte လေးတစ်ခွက်တော့ နေ့တိုင်းသောက်ဖြစ်နေလေရဲ့ ☕

Ko Ko Min

ကော်ဖီ.ကြိုက်တဲ့ သူတိုင်အတွက်တော့မနက်ခင်တိုင်မှာမရှိမဖြစ်ပေါ့ ကော်ဖီပူပူလေးလေးနဲံ..ဆောင်းရဲ့အလှအပတွေခံစားရင်...စာအုပ်လေးဖတ်ပြီးနေကြည်ပါအရမ်းမိုက်တယ်

Related Posts