ကိုယ့်ရဲ့ အပြုအမူတွေကို ပုံသွင်းဖန်တီးနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုများအကြောင်း

Posted in ကျန်းမာရေး, စိတ်ကျန်းမာရေး

တချို့အခြေအနေတွေမှာ ကိုယ့်မသိစိတ်နေက လုပ်မိလိုက်တဲ့ အပြုအမူတွေကို ဘာကြောင့် လုပ်မိလိုက်တာလဲဆိုပြီးတော့ အမြဲတမ်း တွေးမိဖူးကြလား? လူတွေလုပ်လိုက်တဲ့  လုပ်ဆောင်ချက်တွေက အမြဲတမ်းသိစိတ်က ချထားတဲ့ ဆုံးဖြတ်ချက်တွေကသာ ဖြစ်စေတာမဟုတ်ဘဲ အပြုအမူတွေကို ပုံသွင်းဖန်တီးပေးတဲ့ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတွေကလည်း လွှမ်းမိုးထားပါတယ်။ ဒီတော့ တွေ့ရများတဲ့ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှု (၅) ခုကို လေ့လာကြည့်လိုက်ရအောင်နော်။ 

ရောင်ပြန် သက်ရောက်မှု 

သူများတွေထက် ထူးခြားပြီး ကြည့်ကောင်းနေတဲ့သူ ဒါမှမဟုတ် ဩဇာတိက္ကမ နဲ့ ပြည့်စုံနေတဲ့သူတစ်ယောက်ယောက်ကို တွေ့ဆုံဖူးကြလား? သူတို့တွေမှာ ဉာဏ်ပညာရှိတာ ဒါမှမဟုတ် ကြင်နာတတ်တာ စတဲ့ အရည်အချင်းကောငိးတွေ ပိုင်ဆိုင်ထားမယ်ဆိုပြီး ကိုယ့်ကိုကိုယ် ယူဆမိလိမ့်မယ်။ ဒီလိုတွေးမိတာကို ရောင်ပြန် သက်ရောက်မှုလို့ ခေါ်ပါတယ်နော်။ အပြုသဘောဆောင်တဲ့ စရိုက်လက္ခဏာတွေကို လူတွေရဲ့ ဦးနှောက်ထဲမှာ တစ်နေရာကနေ နောက်တစ်နေရာ ကူးပြောင်းသွားခြင်းက တခြားသူအပေါ်ကို အကောင်းမြင်တဲ့စိတ်တွေ ဖန်တီးဖြစ်ပေါ်လာစေပါတယ်။ ဒီသက်ရောက်မှုက လူတွေရဲ့ ထင်မြင်ချက်တွေ၊ ခံယူချက်တွေကို လွှမ်းမိုးပြီး တစ်ခါတစ်လေမှာ ဘက်လိုက်တဲ့ အတွေးမျိုး တွေးမိစေတတ်ပါတယ်။ 

Photo from Pinterest 

ဘေးနေ သက်ရောက်မှု

အရေးပေါ်အခြေအနေတစ်ခုမှာ ဘေးမှာရှိတဲ့ လူတိုင်းက ကူညီဖို့ တွန့်ဆုတ်နေတာမျိုးကို မြင်ဖူးကြပါလား? ဘေးနေ သက်ရောက်မှုက တခြားတစ်ယောက်ယောက်က အကူအညီပေးပါလိမ့်မယ်ဆိုတဲ့ စိတ်နဲ့ အကူအညီပေးဖို့ ကြန့်ကြာနေတတ်တဲ့ ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုမျိုးဖြစ်ရတာမျိုးမှာ လူတွေက တခြားတစ်ယောက်ဝင်ပြီး အကူအညီပေးလိမ့်မယ် ဒါမှမဟုတ် ကိုယ့်ရဲ့ အကူအညီကို မလိုအပ်လောက်ဘူး ဆိုပြီး ယူဆမိတတ်ကြလို့ပဲ ဖြစ်ပါတယ်။ ဒီသက်ရောက်မှုကို နားလည်ခြင်းအားဖြင့် တွန့်ဆုတ်မနေဘဲ လိုအပ်တဲ့အချိန်မှာ တက်ကြွစွာ အကူအညီပေးနိုင်ဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ ဥပမာပြောရရင် လမ်းသွားလာနေရင်းနဲ့ လူတစ်ယောက်လဲကျသွားတာ တွေ့ရင် တခြားလမ်းသွားလမ်းလာတွေက ကူညီမှာပါဆိုပြီး ရပ်ကြည့်မိနေတာမျိုး၊ ကူညီဖို တွန့်ဆုတ်နေတာမျိူးတွေ ဖြစ်တတ်ပါတယ်။

Photo from Pinterest 

ဘောင်သွင်း သက်ရောက်မှု

ကိုယ့်ဆီကို ရောက်လာတဲ့ အချက်အလက်တွေအတိုင်း ထင်မြင်ပြီး ဆွဲဆောင်ခံရဖူးကြပါသလား? အချက်အလက်တွေရဲ့ ဘောင်ရိုက်သွင်းလိုက်တာတွေ ဒါမှမဟုတ် စကားလုံးအသုံးအနှုန်းတွေက လူတွေရဲ့ ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးနိုင်ကြောင်းကို ဘောင်သွင်း သက်ရောက်မှုက ပြသနေပါတယ်။ ဥပမာပြောရမယ်ဆိုရင် ရွေးချယ်မှုပြုလုပ်ရတော့မယ်အချိန်မှာ ရွေးချယ်ခွင့်တွေကို အကောင်းဘက် ဒါမှမဟုတ် အဆိုးဘက်က ဖော်ပြထားတဲ့အတိုင်း လူတွေက မတူညီတဲ့ ရွေးချယ်မှုတွေ ပြုလုပ်ကြပါတယ်။ ဒါဘာကြောင့်လဲဆိုတော့ လူတွေရဲ့ စိတ်က ပျော်စရာတွေ၊ ခံစားချက်နဲ့ဆိုင်တဲ့ ကြော်ငြာတွေ ကြည့်တဲ့အခါမှာဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုလိုမျိုးတွေနဲ့ ဆက်နွယ်နေလို့ပဲ ဖြစ်ပါတယ်။ 

Rashomon သက်ရောက်မှု

လူတွေက တူညီတဲ့ဖြစ်စဉ်တစ်ခုကိုပဲ ခြားနားတဲ့ ထင်မြင်ယူဆချက်တွေရှိတာကိုကော သတိပြုမိကြရဲ့လား? Rashomon သက်ရောက်မှု ဆိုတာက ဖြစ်စဉ်တစ်ခုတည်းကိုပဲ လူတွေမှာ အငြင်းပွားစရာ အမြင်တွေ၊ ထင်မြင်ယူဆချက်တွေ အများကြီးရှိနေတာပါပဲ။ လူတွေရဲ့ မှတ်ဉာဏ်တွေနဲ့ ထင်မြင်ယူဆချက်တွေက ပြောင်းလဲလွယ်ပြီး ဘက်လိုက်တာတွေ၊ ယုံကြည်မှုတွေနဲ့ အတွေ့အကြုံတွေက လွှမ်းမိုးနေတာပါ။ ဒီသက်ရောက်မှုက လူတွေကို မတူညီတဲ့ အမြင်တွေ ထွက်ပေါ်လာနိုင်စေဖို့နဲ့ တခြားသူတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ အတွေးအမြင်ကျယ်စေဖို့ အကူအညီပေးနိုင်ပါတယ်။  ပိုပြီး မြင်သာအောင် ဥပမာအနေနဲ့ ရှင်းပြရရင် "၁" ဂဏန်းကိုပဲ ရှုထောင့်အမျိူးမျိူးက ကြည့်မယ်ဆိုရင် "၁" ဂဏန်းလည်း ဖြစ်နိုင်သလို၊ မြန်မာအက္ခရာ "င"၊ "ဂ" နဲ့ "ပ" တွေလည်း ဖြစ်နိုင်ပါတယ်။

Photo from Pinterest 

မီးမောင်းထိုး သက်ရောက်မှု

ကိုယ့်ပုံပန်းသွင်ပြင်နဲ့ ပတ်သက်ပြီး သတိထားမိနေတာတို့ ဒါမှမဟုတ် ကိုယ့်ကို လူတွေက ဘယ်လိုထင်မလဲဆိုတာကို စိတ်ပူနေတာတို့ အမြဲခံစားနေလား? မီးမောင်းထိုး သက်ရောက်မှုက တခြားသူတွေ သတိပြုမိတာ၊ ကိုယ့်အမူအကျင့်တွေကို သတိထားမိနေမှာ စတဲ့ အရာတွေကို လွန်ကဲစွာခန့်မှန်းမိတတ်တာ ဘာကြောင့်လဲဆိုပြီး ရှင်းပြနိုင်ပါတယ်။ တစ်ခါတစ်လေမှာ လူတွေက သာမန်ထက်ပိုပြီး ကိုယ့်ကို အာရုံစိုက်နေတယ်လို့ ထင်မိကြပါတယ်။ ဒီသက်ရောက်မှုက စိတ်လှုပ်ရှားမှုနဲ့ ကိုယ့်ကိုကိုယ်သံသယရှိလာစေတတ်ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ လူတွေက သူတို့ကိုယ်ပိုင်ကိစ္စတွေနဲ့ပဲ မအားလပ်ဖြစ်နေတတ်ကြတာပါပဲ။

ဒီလို အပြုအမူတွေကို ပုံသွင်းဖန်တီးပေးတဲ့ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတွေကို သတိပြုဆင်ခြင်ပြီး ဘက်လိုက်တာတွေကို သတိထားမိတာ၊ အသိဉာဏ်နဲ့ ယှဉ်ပြီး ဆုံးဖြတ်ချက်ချတာနဲ့ တခြားသူတွေကို စာနာနားလည်ပေးတာတွေ ပိုမိုလုပ်ဆောင်နိုင်မယ်လို့ ယူဆပါတယ်။ ဒါကြောင့် နောက်တစ်ခါကျရင် ကိုယ့်ကိုကိုယ် ဒီလိုသက်ရောက်မှုတွေရဲ့ ဘယ်အခြေအနေမှာ ရောက်နေလဲဆိုတာ ဆန်းစစ်ပြီး ကိုယ့်ရဲ့ အတွေးတွေနဲ့ လုပ်ဆောင်ချက်တွေကို သူတို့က ဘယ်လိုလွှမ်းမိုးနိုင်မလဲဆိုတာ အချိန်ယူပြီး ဆင်ခြင်သုံးသပ်ပါ။



Share

Comments

Related Posts