ကြောင်လေးတွေကို အိမ်မှာပဲ ရေချိုးပေးမယ်ဆို

Posted in အိမ်မွေးတိရစ္ဆာန်


ရေမကြိုက်တဲ့ ကြောင်လေးတွေကို အိမ်မှာပဲ ရေချိုးပေးဖို့ကိစ္စက တိပိုင်ရှင်တို့အတွက် လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ ကြောင်လေးတွေ ကိုယ်တိုင်ကလည်း သဘာဝအားဖြင့် ရေပုံမှန်ချိုးပေးဖို့ မလိုအပ်ပေမယ့် တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် ရံဖန်ရံခါ ရေချိုးပေးဖို့လိုပြန်ပါတယ်။ အနည်းဆုံး ၁လ ၁ခါတော့ ပုံမှန်သန့်ရှင်းပေးရင် ကြောင်လေးတွေရဲ့ အရေပြားနဲ့ အမွှေးတွေကို သန့်စင်ပြီး ပိုးမွှားတွေလည်း ကင်းစင်စေတာပေါ့။ ဒါကြောင့် အမြဲတမ်းလည်း Pet Spa သွားပြီး အချိန်မပေးနိုင်တဲ့ တိပိုင်ရှင်တို့အတွက် ကိုယ့်အချစ်တော်ကြောင်လေးတွေကို အိမ်မှာပဲ ရေချိုးပေးကြတဲ့အခါ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားမယ်ဆို စိတ်ပင်ပန်း၊ လူပင်ပန်းစရာ မလိုဘဲ အဆင်ပြေပြေနဲ့ ရင်းနှီးမှုတွေပါ တိုးစေမှာပါ။ ဒီ့အတွက် အောက်မှာ ပြောပြထားတဲ့ ဆောင်ရန်ရှောင်ရန်လေးတွေ ကြိုသိထားရင်း ကိုယ့်ကြောင်လေးတွေကို အိမ်မှာပဲ ရေချိုးသန့်စင်ပေးကြည့်ရအောင်။ 

အချိန်အခါရွေးချယ်မှု

ကြောင်လေးတွေကို အဆင်ပြေပြေနဲ့ လွယ်လွယ်ကူကူ ရေချိုးသန့်စင်ပေးနိုင်ဖို့ဆို သူတို့လေးတွေရဲ့ စိတ်အခြေအနေက သက်တောင့်သက်တာနဲ့ တည်ငြိမ်ပေါ့ပါးနေရပါမယ်။ ပတ်ဝန်းကျင်ကလည်း မဆူညံနေဘဲ သူတို့စိတ်လုံခြုံမှုခံစားနေရချိန်မှာ ရေချိုးပေးဖို့ အသင့်တော်ဆုံးပါပဲ။ သူတို့လေးတွေ အရမ်းတက်ကြွနေချိန်၊ စိတ်ဖိစီးနေချိန်တွေမှာ အတင်းအကြပ်ရေချိုးဖို့ ပြင်ဆင်နေမယ်ဆို စိတ်အေးဆေးလုံခြုံမှုမရှိတာကြောင့် ရေချိုးပေးဖို့ မအောင်မြင်ဘဲ ရုန်းရင်းဆန်ခတ်တွေပဲ ဖြစ်စေတာပါ။ ရေချိုးမယ့်နေရာကလည်း အလင်းရောင်ကောင်းကောင်းနဲ့ ပတ်ဝန်းကျင်က လုံခြုံနွေးထွေးဖို့လိုပြီး ရေက အရမ်းမပူ၊ အရမ်းမနွေးဖို့ ဂရုပြုပေးသင့်ပါတယ်။ ကြောင်လေးတွေက ဘာပဲလုပ်လုပ် သူတို့လုံခြုံစိတ်ချရတဲ့နေရာ ဟုတ်မဟုတ် အချိန်ယူလေ့လာကြတာမို့ သူတို့အပြုအမူလေးတွေကို စောင့်ကြည့်ရင်း ရေသေချာမချိုးပေးခင် ရက်တွေမှာ နည်းနည်းစီ ရေနဲ့ထိတွေ့ပေးပေးပါ။ လိမ်လိမ်မာမာနဲ့ ပြောစကားနားထောင်ပေးတိုင်း ဆုပေးတာမျိုး အစာကျွေးတာမျိုး လုပ်ပေးဖို့လည်း မမေ့ပါနဲ့ ကြောင်ချစ်သူတို့ရေ။

ရေချိုးပေးနေစဥ် 

သင့်အိမ်ကကြောင်လေးက ရေနဲ့အကျွမ်းတဝင် ရှိသွားလို့ ရေစချိုးပေးတော့မယ်ဆိုရင်တောင် သူတို့လေးရဲ့ စိတ်အခြေအနေနဲ့ အမူအရာလေးတွေကိုတော့ မျက်ခြေမပြတ်ရှိနေသင့်ပါတယ်။ ဒါမှ သူတို့အနေနဲ့ အတင်းအကျပ်ရေချိုးရတယ်ဆိုတဲ့ ခံစားမှုကို မရစေဘဲ ရင်းနှီးတဲ့အရုပ်လေးတွေ၊ မုန့်လေးတွေ ဆောင်ထားပြီး ‌ရေချိုးတဲ့အဆင့်ဆင့်ကို ကျော်ဖြတ်နိုင်ပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ Brushနဲ့ မျက်နှာသုတ်ပဝါလေးတွေလည်း ဆောင်ထားပေးပြီး ရေချိုးခန်းကြမ်းပြင်မှာ ချော်မနေအောင် အခင်းကောင်းကောင်းတစ်ခု ရှိနေသင့်တာပါ။ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ ရွေးချယ်ပေးတဲ့အခါမှာလည်း ကြောင်လေးတွေရဲ့ အမွှေးနဲ့ အရည်ပြားအတွက် အထူးထုတ်လုပ်ထားတဲ့ ရေချိုးဆပ်ပြာမျိုးကိုသာ သုံးပေးသင့်ပါတယ်။ ကိုယ်သုံးနေကျ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေက ကြောင်လေးတွေအတွက်တော့ ဓာတုပစ္စည်းတွေ ပြင်းတတ်တာမို့ အလွယ်တကူမသုံးပေးဖို့တော့ လိုပါတယ်နော်။ 

ရေချိုးပေးပြီးတဲ့အခါ

ကြောင်လေးကို အဆင်ပြေပြေရေချိုးသန့်စင်ပေးပြီးရင်တောင် ဂရုပြုပေးရမယ့်အချက်လေးတွေ ရှိပါသေးတယ်။ သူလေးအတွက် နွေးထွေးပြီး သက်တောင့်သက်တာရှိတဲ့ နေရာလေးမှာ သူရဲ့အမွေးတွေ ခြောက်သွားအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒီနေရာမှာ အမြန်ခြောက်ချင်ဇောနဲ့ လေမှုတ်စက် (Dryer) အသုံးပြုမယ်ဆို ကြောင်လေးတွေ အသားရည်နဲ့ အမွေးတွေကို ပူလောင်စေပြီး ဆူညံစေတာမို့ တတ်နိုင်သလောက် Dryerအသုံးပြုတာ ရှောင်ပေးသင့်တာပါ။ အမွေးရှည်တဲ့ ကြောင်လေးတွေဆိုရင်လည်း သန့်ရှင်းခြောက်သွေ့သွားအောင်နဲ့ အမွေးညှိတာတွေ မရှိအောင် စိတ်ရှည်ရှည်နဲ့ ဖီးလိမ်းပေးဖို့မမေ့ပါနဲ့နော်။ အမြဲတမ်း သူတို့ကို နူးနူးညံ့ညံ့ ကိုင်တွယ်ပြီး ဆုပေးတာမျိုးလုပ်ပေးနေတယ်ဆို ရေမကြောက်တော့ဘဲ နောက်ထပ် ပျော်စရာရေချိုးချိန်လေးတွေ ဖန်တီးနိုင်တာပေါ့။

မဖြစ်မနေ ‌ရေချိုးပေးမှမဟုတ်ဘဲ ရေလုံးဝအထိမခံတဲ့ ကြောင်လေးတွေအတွက် တခြားသန့်ရှင်းရေးနည်းလမ်းလေးတွေ ရှိပါသေးတယ်။ Dry Shampoo အသုံးပြုတာမျိုး၊ အမွေးတွေကို သေချာခဏခဏ ဖီးလိမ်းသန့်ရှင်းပေးတာမျိုးနဲ့ ရေအနည်းငယ်ဆွတ်ထားတဲ့ နူးနူးညံ့ညံ့ပဝါတစ်ထည်နဲ့ ‌ရေပတ်တိုက်ပေးတာမျိုးတွေကို အိမ်မှာပဲ လုပ်ဆောင်ပေးနိုင်ပါသေးတယ်။ 

ကြောင်ချစ်သူတို့က အပေါ်မှာ ပြောပြထားတဲ့ အချက်လေးတွေနဲ့ အကောင်းဆုံးကြိုတင်ပြင်ဆင်မှု၊ နွေးထွေးစိတ်ချရတဲ့ ပတ်ဝန်းကျင်နဲ့ ရင်းနှီးမှုတည်ဆောက်နိုင်မယ်ဆို ကြောင်လေးတွေကို ရေချိုး‌ပေးချိန်တိုင်း စိတ်မရှုပ်ရတော့ဘဲ သူတို့လေးတွေရဲ့ သန့်ရှင်းကျန်းမာမှုကို အထောက်အကူပြုနိုင်မှာပါနော်။ 


Share

Comments

Related Posts