အစားအစာ အလေအလွင့်မဖြစ်စေဖို့

Posted in အစားအစာ


အစားတွေရှယ်စားပြီး စားပြီးသားအကြွင်းအကျန်တွေကို ရေခဲသေတ္တာထဲ အကုန်ထိုးထည့်လိုက်တာမျိုး လုပ်ဖူးတယ်ဟုတ်? စရိတ်လည်း သက်သာစေရမယ်၊ အစားအစာ ပိုနေတာမျိုးတွေမဖြစ်တော့အောင် ကိုယ်စားလိုက်လို့ ပိုနေတဲ့ စားကြွင်းစားကျန်တွေကို ဘယ်လိုမျိုးပြန်ပြီး အသုံးပြုလို့ရမလဲဆိုတဲ့ နည်းလမ်း ၅ မျိုးကို ပြောပြမှာမို့ လိုက်လုပ်ကြည့်ကြနော်။

တရုတ်ထမင်းကြော် 

မနေ့ကကျန်တဲ့ထမင်းကြမ်းကို အရသာကောင်းမွန်ပြည့်စုံတဲ့ ထမင်းကြော်အဖြစ် ပြောင်းလဲလိုက်လို့ရပါတယ်။ ကိုယ်ကြိုက်တဲ့ အသား ဒါမှမဟုတ် အသီးအရွက်တွေကို ထမင်းကြမ်းနဲ့ရောကြော်လိုက်ရုံပါပဲ။

ပထမဆုံး ကြက်ဥ( ၂) လုံးကို ဒယ်အိုးထဲဖောက်ထည့်လိုက်ပြီး နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်၊ ဂျင်းနဲ့ အသား ဒါမှမဟုတ် အသီးအရွက်တွေကို ထည့်လိုက်ပါ။ ကျက်သွားတဲ့ မွှေနေလိုက်ပါ။ ပြီးရင်တော့ ထမင်းကြမ်းကို ပဲငံပြာရည်ရယ် ခရုဆီရယ် ထည့်ပြီးမွှေလိုက်ပါ။ အပူချိန်အမြင့်ဆုံးထားပြီး ခုနကထည့်ထားတဲ့ ပဲငံပြာရည်နဲ့ခရုဆီကို အကုန်နှံ့အောင် မွှေပေးပါ။ ထမင်းနဲ့ အရွက်တွေကို အညိုရောင်သန်းလာပြီဆိုရင် ကိုယ်လိုသလောက် ဆားနဲ့ငရုတ်ကောင်းနည်းနည်းထည့်ပါ။ ပြီးရင်တော့ ထပ်မွှေလိုက်ပြီး အပေါ်ကနေ ကြက်သွန်မြိတ်ပါးပါးလှီးထားတာလေးကို အုပ်လိုက်မယ်ဆိုရင် နောက်ဆုံးမှာတော့ အလုပ်များတဲ့နေ့ရက်တွေမှာ အရသာရှိရှိနဲ့ လွယ်လွယ်ကူကူ စားလို့ရနိုင်မယ့် ထမင်းကြော်မွှေးမွှေးလေးတစ်ပွဲကို ရရှိပါပြီ။ ကော်ပြန့်ကြော် 

ရေခဲသေတ္တာထဲမှာ အသားနည်းနည်းရယ်၊ ဂေါ်ဖီ၊ ကြက်သွန်နဲ့ မုန်လာဥနီတို့ကျန်နေသေးတယ်ဆိုရင်တော့ လွယ်ကူမြန်ဆန်တဲ့ကော်ပြန့်ကြော်ကို ဖန်တီးလို့ရပါတယ်နော်.

ဂေါ်ဖီနဲ့ မုန်လာဥနီတို့ကို ခြစ်ထားပြီး (၅) မိနစ်လောက် ရေနဲ့ ပြုတ်၊ ပြီးရင်တော့ ပြုတ်ထားတဲ့ ရေကို သွန်လိုက်ပါ။ ပါးပါးလှီးထားတဲ့ကြက်သွန်တွေကို အိုးထဲထည့်ပြီး မီးအသင့်အတင့်နဲ့ အပူပေးပြီး ခဏဖယ်ထားပါ။ ဇလုံတစ်ခွက်ကိုယူပြီး နုတ်နုတ်စင်းထားတဲ့ ကြက်သား ဒါမှမဟုတ် ဝက်သားရယ်၊ ဂေါ်ဖီ၊ မုန်လာဥနီ နဲ့ ခုနကကြက်သွန်နီကိုထည့်ပြီးရင် ဆားနဲ့ငရုတ်ကောင်းတို့ကို အပေါ်ကနေဖြူးလိုက်ပါ။ ပြီးရင်တော့ နှံ့သွားအောင် ရောသမမွှေလိုက်ပါ။ ပြီးရင် ကော်ပြန့်ရွက်ပေါ်မှာ နယ်ထားတာကို တစ်ဇွန်းခပ်ထည့်ပြီး ကျစ်နေအောင် လိပ်၊ လိပ်ထားတဲ့ ထိပ်နှစ်ဖက်ကို ရေသုတ်ပြီး ပိတ်လိုက်ပါ။ နယ်ထားတာတွေ ကုန်တဲ့အထိ ခုနကအဆင့်တွေအတိုင်း ကော်ပြန့်တွေကိုလိပ်ပါ။ ပြီးရင်တော့ လိပ်ထားတဲ့ကော်ပြန့်တွေကို အပူချိန်အမြင့်ဆုံးနဲ့ ရွှေအိုရောင် အရောင်သမ်းလာတဲ့အထိ ကြော်လိုက်ပါ။ အားလုံးပြီးသွားပြီဆိုရင်တော့ ကြွပ်ရွတဲ့ ကော်ပြန့်ကြော်ပူပူလေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

သီးစုံပဲကုလားဟင်း 

ကိုယ့်ဆီမှာ ရုံးပတီသီးတို့၊ ဘူးသီးတို့၊ ခရမ်းသီးတို့ ကျန်နေသေးရင်တော့ အဲ့တာတွေနဲ့ ပဲကုလားဟင်းတစ်ခွက်ဖန်တီးလို့ရပါတယ်နော်။

ပထမဆုံး အိုးထဲကို ကိုယ့်ရဲ့ကျန်နေတဲ့ ဟင်းသီးဟင်းရွက်တွေကို ထည့်ပြီး ပြုတ်ထားတဲ့ကုလားပဲရယ်၊ ဟင်းခတ်အမွှေးအကြိုင်တွေ၊ ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ကြက်သားမှုန့်တို့ကိုထည့်လိုက်ပါ။ ထည့်ထားတာတွေ မြုပ်သွားတဲ့အထိ အိုးထဲရေထည့်ပြီးရင် အိုးကို အဖုံးအုပ်ထားပြီး အပူချိန်မြှင့်လိုက်ပါ။ ဟင်းရည်က စပြီးပျစ်လာပြီဆိုရင် ဘဲဥပြုတ်၊ မန်ကျည်းရေစိမ်နဲ့ ရုံပတီသီးတို့ကို ကိုယ်ကြိုက်ရင် ထပ်ထည့်လို့ရပါတယ်။ နောက်ဆုံးမှာတော့ မဆလာအမှုန့်ခတ်လိုက်ပြီး ကိုယ်ကြိုက်တဲ့ဟင်းခတ်မှုန့်ရှိရင်လည်း ထပ်ထည့်လို့ရပါတယ်။ ဒါဆိုရင် မိုးရာသီမှာ ပူပူနွေးနွေးစားလို့ရတဲ့ သီးစုံပဲကုလားဟင်းက အသင့်ဖြစ်နေပါပြီ။

အာလူးခွံကြော် 

အာလူးကြော်တင်မဟုတ်ဘဲ အာလူးခွံကြော်ကပါ အရမ်းကိုအရသာရှိတဲ့ မုန့်တစ်ခုဆိုတာ သိပြီးပြီလား။ မစားဖူးဘူးဆိုရင်တော့ အခုပဲ အာလူးခွံတွေကို အလေအလွင့်မဖြစ်စေဘဲ ကြော်စားကြည့်လိုက်ပါ။

အာလူးဟင်းချက်တဲ့အခါ အားလူးတွေကို သေချာရေနဲ့ဆေး၊ ပြီးရင်တော့ အာလူးကို ဒေါင်လိုက်အခွံနွာပြီး ရလာတဲ့အခွံတွေကို ဘေးဖယ်ထားလိုက်ပါ။ Oven ကို အပူချိန် ၄၂၅ ဒီဂရီအထိ အပူပေးထားလိုက်ပါ။ ခုနကအခွံတွေကို မီးဖိုချောင်အဝတ်နဲ့ ခြောက်သွားအောင် သုတ်လုတ်လိုက်ပြီး ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ အပေါ်ကနေ သုတ်လိုက်ပါ။ ပြီရင်တော့ မုန့်ဖုတ်စက္ကူပေါ်မှာ ခုနက အခွံတွေကို ထားလိုက်ပြီး အပေါ်ကနေ ဆား၊ စပ်စပ်လေးစားချင်တယ်ဆိုရင်တော့ ငရုတ်ကောင်းနဲ့ ငရုတ်သီးမှုန့်တွေကို ဖြူးလိုက်လို့ရပါတယ်။ ၁၅ မိနစ်ကနေ ၁၈ မိနစ်လောက်ထိ Oven ထဲကို ထည့်ပြီး အပူပေးလိုက်လိုက်ပါ။ ပြီးရင်တော့ ကိုယ်ကြိုက်တဲ့ ဟင်းခတ်အမွှေးအကြိုင်လေးတွေကို အပေါ်ကဖြူးပြီး ကြွပ်ကြွပ်ရွရွ အာလူးခွံကြော်လေးကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

သရက်သီးသနပ် 

အိမ်ကသရက်သီးတွေကို ကြာကြာခံအောင် လည်းထားချင်တယ်၊ အခုလည်း မစားချင်သေးဘူးဆိုရင် ထမင်းစားတိုင်း ထမင်းမြိန်စေမယ့် အရသာရှိတဲ့သရက်သီးသနပ် လုပ်စားလို့ရပါတယ်နော်။

သရက်သီးစိမ်းကို ရေစိမ်အောင်ဆေးပြီးရင် တစ်လက်မအချောင်းတွေလှီးလိုက်ပါ။ အိုးထဲကို ရေဖြည့်လိုက်ပြီး ခုနကလှီးထားတဲ့ သရက်သီးချောင်းတွေကို ၁၀ မိနစ် ထည့်ပြုတ်လိုက်ပါ။ ပြီးရင်တော့ ရေစစ်လိုက်ပါ။ အိုးထဲကို ဆီထည့်ပြီး ငရုတ်သီးမှုန့်၊ မုန်ညင်းစေ့နဲ့ မဆလာမှုန့်တို့ကို ထပ်ထည့်မွှေလိုက်ပါ။ သကြား ဒါမှမဟုတ် များရည်ကို အရည်ပျော်တဲ့အထိ ရောသမအောင် မွှေပြီးရင် မီးပိတ်ပြီး လှီးထားတဲ့ ဂျင်းနဲ့ ငရုတ်သီးစိမ်းတို့ကို ထည့်လိုက်ပါ။ ပြီးရင်တော့ ခုနကပြုတ်ထားတဲ့ သရက်သီးစိမ်းကိုပါထည့်ပြီး ထပ်မွှေပါ။ မွှေပြီးသွားရင်တော့ အအေးခံရမှာဖြစ်ပြီး ဖန်ဘူးအသန့်ထဲကို ထည့်ကာ တစ်ရက်လောက်နှပ်ထားလိုက်ပါ။ နောက်တစ်ရက်မှာတော့ သရက်သီးပေါ် ဆီပူပူနဲ့ လောင်းထည့်လိုက်ပြီး ဘူးကို လုံနေအောင်ပိတ်လိုက်ပါ။ နှစ်ပတ်လောက်နှပ်ပြီးရင်တော့ လုပ်ထားတဲ့သရက်သီးသနပ်ကို စားလို့ရပါပြီ။ သရက်သီးသနပ်ဘူးကို ရေခဲသေတ္တာထဲမှာ ထည့်ပြီး စားတဲ့အခါတိုင်း ဇွန်းသန့်သန့်လေးနဲ့ ခပ်ဖို့လိုပါတယ်။ ရက် ၃၀ အတွင်း ကုန်အောင်စားနိုင်ရင်တော့ အကောင်းဆုံးပါ။ 

ကဲ…လုံးဝ အလေ့အလွင့်မရှိတဲ့ အစားအစာလုပ်နည်းတွေပြောပြပြီးသွားပြီဆိုတော့ အခုပဲ ရေခဲသေတ္တာထဲမှာ ကျန်နေတဲ့ ဟင်းသီးဟင်းရွက်တွေ အသားတွေကို ဟင်းတစ်ခွက်အနေနဲ့ ပြောင်းလဲကြည့်လိုက်ရအောင်။ ဈေးဝယ်ဖို့အတွက်ဆိုရင် အနီးဆုံး ‌ဈေးကိုသွားဝယ်ပြီး ဒီဆောင်းပါးကိုလည်း လိုအပ်ရင် ကြည့်ဖို့အတွက် သိမ်းထားဖို့မမေ့နဲ့နော်။


Share

Comments

Saw Myo Win Naing

အစားအသောက်တွေ အလေအလွင့်မဖြစ်အောင် ချက်နည်းလေးတွေ ဖော်ပြပေးတာ ကြိုက်ပါတယ်။ တရုတ်ထမင်းကြော်ကတော့ လုပ်စားဖြစ်ပေမယ့် အာလူးအခွံကြော်ကတော့ ခုမှ ကြားဖူးတာ😁😁

HAY MUN

အခုလိုကုန်စျေးနှုန်းတွေတက်နေတဲ့ခေတ်ကြီးမှာfood wasteကိုအတတ်နိုင်ဆုံးလျော့အောင်လုပ်ဖို့ကတကယ်ကိုအရေးကြီးပါတယ် ဒီဆောင်းပါးကို ကိုယ်မြင်သလိုတစ်ခြားသူတွေလဲမြင်ပြီးဖတ်ကြပါစေလို့တွေးမိတယ်တစ်ချို့recycleချက်နည်းတွေဆိုအခုဖတ်ကြည့်မှသိရတာမို့တကယ်ဗဟုသုတရလို့ဒီဆောင်းပါးလေးကအချိန်ပေးရကျိုးနပ်လို့ကြိုက်ပါတယ်

Bun Bun

ကုန်စျေးနှုန်းတွေတက်နေတယ့်ခေတ်ကြီးမှာဒီဆောင်းပါးလေးကအိမ်ရှင်မတွေအတွက်အဖိုးတန်လှပါတယ်ဒီထဲကနည်းလမ်းလေးတွေနဲ့ food wasteကိုလျှော့ချကြပါစို့

Related Posts