ပျိုမေတို့ရဲ့ နွေရာသီဖက်ရှင် အသုံးအဆောင်လေးများ

Posted in လူမှုဘဝ


ရာသီဥတုပူလာပြီဆိုတော့ နွေရာသီမှာဘာဝတ်ကြမလဲဆိုတာ စဥ်းစားဖို့ အချိန်ရောက်လာပြီနော်။ ကမ်းခြေကို သွားလည်တာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်တာ ဒါမှမဟုတ် ပျော်ပွဲစား ထွက်တာ ဘယ်နေရာပဲသွားသွား ကိုယ်ဝတ်ထားတာလေးနဲ့လိုက်ဖက်ပြီး ကြည့်ကောင်းတယ်ဆိုတဲ့ခံစားချက်မျိုးကို ရချင်ကြတဲ့ လူတွေချည်းပါပဲ။ အဲ့ဒါကြောင့် ဒီဆောင်းပါးလေးထဲမှာတော့ နွေရာသီမှာ ပေါ့ပေါ့ပါးပါးနဲ့ အမိုက်စားဖြစ်နေစေဖို့ ရှိထားသင့်တဲ့ အသုံးအဆောင်လေးတွေကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

ချည်သားဂါဝန်

နွေရာသီနဲ့ အကိုက်ညီဆုံး အဝတ်အစားကိုပြပါဆိုရင် ချည်သားဂါဝန်တွေကိုပဲ အရင်ဆုံးပြဖြစ်မယ်ထင်ပါရဲ့။ လွတ်လပ်ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ ဒီဂါဝန်တွေက ပူအိုက်တဲ့ နွေရာသီမှာ အေးနေစေဖို့ အကိုက်ညီဆုံး ဖက်ရှင်တစ်ခုပါ။ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ ဂါဝန်အရှည်ပွပွလေးတွေဝတ်မလား ဒါမှမဟုတ် ချစ်စရာ ဂါဝန်အတိုတွေလေးတွေ ဝတ်မလားဆိုတာကိုတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်စတိုင်နဲ့လိုက်ပြီး ရွေးချယ်လိုက်နော်။ အရောင်ဖျော့ဖျော့ဂါဝန်လေးတွေ၊ ပန်းပွင့်ပုံ ပွင့်ရိုက်ဂါဝန်လေးတွေအပြင် အရောင်တောက်တောက်ဂါဝန်လေးတွေကလည်း ဒီရာသီနဲ့လိုက်ဖက်တဲ့ အဝတ်အစားပုံလေးတွေပဲဖြစ်ပါတယ်။

ခါးတိုအင်္ကျီ (Crop tops)

နေပူပြီး ချွေးထွက်လွန်းတဲ့နေ့အတွက်တော့ ခါးတိုအင်္ကျီ (Crop tops) တွေက အဆင်ပြေဆုံးပါပဲ။ Crop tops တွေက ဘောင်းဘီတို၊ စကတ်အတို ဘာနဲ့ပဲဖြစ်ဖြစ်တွဲဝတ်လို့ရပြီး ရေကူးဝတ်စုံတွေနဲ့ပါ တွဲဖက်ပြီး ဝတ်ဆင်နိုင်တာပဲဖြစ်ပါတယ်။ Crop top ဝယ်မယ်ဆို ပေါ့ပါးပြီး ပွပွယောင်းယောင်းဖြစ်တဲ့ ချည်သား ဒါမှမဟုတ် လီနင်သားနဲ့ချုပ်ထားတာလေးတွေကို ရွေးချယ်ကြဖို့အကြံပြုလိုပါတယ်။

ဘောင်းဘီတိုများ

ဘောင်းဘီတိုတွေကတော့ နွေရာသီမှာ ရှိကိုရှိထားသင့်တဲ့ ဖက်ရှင်တစ်မျိုးပါပဲ။ လွယ်လွယ်ကူကူ ဝတ်လို့ရပြီး  သက်သောင့်သက်သာလည်း ရှိတဲ့အတွက် ကိုယ်သွားမယ့် နေရာကိုလိုက်ပြီး အပေါ်အောက် အဆင်ပြေသလို တွဲဖက်ဝတ်ဆင်လို့ရပါတယ်။ ဂျင်းဘောင်းဘီတိုတွေက ပုံမှန်ထသွားထလာ သွားရင်တော့ သင့်တော်တာမှန်ပေမယ့် ခေတ်မှီတဲ့ ပုံစံဝတ်ရမယ့်နေရာဆိုရင်တော့ ကိုယ်တိုင်းနဲ့ သေချာချုပ်ထားတာလေးတွေဖြစ်ဖြစ် ၊ ခါးမြင့်လေးတွေပဲဖြစ်ဖြစ် ရွေးချယ်ဝတ်ဆင်ဖို့ အကြံပေးပါရစေ။ခြေညှပ်ဖိနပ်များ 

နွေရာသီအတွက် မရှိမဖြစ် ရှိထားသင့်တာကတော့ ခြေညှပ်ဖိနပ်ကောင်းကောင်း တစ်ရံပါ။ ခြေညှပ်ဖိနပ်တွေက ဝတ်ရချွတ်ရ လွယ်ပြီး နေပူပူမှာ ကိုယ်ရဲ့ခြေထောက်ကို အေးအေးလေး ဖြစ်နေစေမှာပါ။ ဈေးကွက်ထဲမှာဆိုရင် ခြေညှပ်ဖိနပ်ဒီဇိုင်းအစုံရှိတာမို့ ကြိုးသိုင်းဖိနပ်ကနေစပြီး ကွင်းထိုးဖိနပ်အထိ ကိုယ်နဲ့အဆင်ပြေရာကို ရွေးချယ်နိုင်ပါတယ်။ 

နေကာမျက်မှန်များ

နေကာမျက်မှန်တွေက မျက်လုံးကို ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကနေ ကာကွယ်ပေးရုံတင်မကဘဲ  ကိုယ်ရဲ့ ဝတ်ပုံစားပုံကို ပိုမိုမိမိုက်အောင်လည်း ကူညီပေးနိုင်ပါသေးတယ်။ ပေါ့ပေါ့ပါးပါးအသွင်အပြင်အတွက် အမည်းရောင် နေကာမျက်မှန်အပြင် အခုခေတ်စားနေတဲ့ ကြောင်မျက်လုံးပုံစံ မျက်မှန်တွေကိုလည်း ရွေးချယ်လို့ရပါသေးတယ်။ ဝယ်မယ်ဆိုရင်တော့ ကိုယ့်မျက်နှာအချိုးအစားနဲ့ကိုက်ညီတဲ့ မျက်မှန်ကို ရွေးချယ်ဖို့မမေ့နဲ့နော်။

အပေါ်မှာပြောပြထားတဲ့ အသုံးအဆောင်လေးတွေနဲ့ ဆိုရင်တော့ နွေနေပူပူမှာတောင်  ပေါ့ပါးလွတ်လပ်ပြီး စတိုင်ကျလှပနေမှာပါ အသေအချာပါပဲ။ ခေတ်မှီဆန်းသစ်တဲ့ နွေရာသီ အဝတ်အစားဒီဇိုင်းအစုံနဲ့ အသုံးအဆောင်ပစ္စည်း အစုံအလင်နဲ့  နွေရာသီမှာ တက်ကြွလှပနိုင်ပြီပေါ့။ 


Share

Comments

Related Posts