မိုးအေးအေးမှာ စိတ်ရော ကိုယ်ကိုပါ နွေးထွေးသွားစေမယ့် ရာသီစာလေးများ

Posted in အစားအစာ


မိုးရာသီကို အဖော်ပြုပေးနေတဲ့ နှစ်လိုဖွယ်အရာတချို့ ရှိပါတယ်။ ပြောပြရမယ်ဆိုရင် ခေါင်မိုးပေါ်ကို ကျဆင်းလာတဲ့ မိုးစက်မိုးပေါက်လေးတွေရဲ့အသံ၊ မှောင်မဲနေတဲ့ကောင်းကင်နဲ့ လေအေးလေးတွေ၊ ပြီးတော့ အိမ်ချက် ရာသီစာလေးတွေရဲ့ မွှေးရနံ့လေးတွေပေါ့။ ဒီဆောင်းပါးလေးကနေတစ်ဆင့်  နှုတ်လည်းမြိန်၊ အာဟာရနဲ့လည်း ပြည့်ဝပြီး စိတ်ရော ကိုယ်ကိုပါ နွေးထွေးသွားစေမယ့် မိုးရာသီနဲ့ အလိုက်ဖက်ဆုံး ဟင်းလျာ နဲ့ ရာသီစာတစ်ချို့ ဆီကို ခေါ်ဆောင်ပေးသွားမှာပဲဖြစ်လို့ လိုက်လံဖတ်ရှု့ကြည့်ပေးဦးနော်။

လယ်သမားဟင်း

လယ်သမားဟင်းလို့ ကြားလိုက်တာနဲ့ ဝန်ကြီးပဒေသရာဇာရဲ့ “ဝသန်ကာလ မိုးကျတည့်လျှင်” ကဗျာမှာ ပါတဲ့  ဒေါင်းလန်းထဲ သောင်းပြောင်းရောထွေးထားတဲ့ ဟင်းတစ်ခွက်ကို မြင်ယောင်မိစေမှာပါ။ ဒီဟင်းလျာရဲ့ မူလအစကတော့ ကယားပြည်နယ်ကဖြစ်ပြီး လယ်ထဲတစ်ချိန်လုံးဆင်းနေရလို့ ဟင်းချက်ချိန်မရှိတဲ့ လယ်သမားတွေအတွက် ဖန်တီးထားတဲ့ဟင်းလျာပဲဖြစ်ပါတယ်။  ဒီဟင်းကို မိုးရာသီမှာ ပေါပေါများများ နဲ့ လတ်လတ်ဆတ်ဆတ် ရနိုင်တဲ့  ပါဝင်ပစ္စည်းတွေဖြစ်တဲ့ ဘူးညွန့်၊ ဖရုံသီး၊ ကင်မွန်းရွက်နု၊ ပိန်းဥ၊ မျှစ် စတာတွေနဲ့ မြန်မြန်ဆန်ဆန်  ချက်ပြုတ်ပြင်ဆင်လို့ရနိုင်တာပဲ ဖြစ်ပါတယ်။ အရင်ဆုံး ထောင်းထားတဲ့ စပါးလင်နဲ့အတူ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးနှစ် စတာတွေကို ရေပွက်ပွက်ဆူထဲကို ထည့်လိုက်ပါ။ပြီးရင် ကျန်တဲ့ ဟင်းသီးဟင်းရွက်တွေကို ထည့်၊ ဆူတဲ့အထိတည်ပြီး ဆူလာရင် အရသာကဲဖို့ မျှင်ငပိနဲ့ ဆားထည့်လိုက်ပါ။ဒါဆိုရင်တော့ ကျေးလက်ဒေသရဲ့ အရသာကို ထမင်းစားပွဲပေါ်် အရောက်ယူဆောင်လာပေးမယ့် ဟင်းတစ်ခွက် ရပြီပဲဖြစ်ပါတယ်။ 

တာလဘောဟင်း

နောက်ထပ် မိုးရာသီနေ့တစ်နေ့မှာ နွေးထွေးပြီး သက်သောင့်သက်သာရှိမှုကို ယူဆောင်လာပေးမယ့် ဟင်းတစ်ခွက်ကတော့ တာလဘောဟင်းပဲဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ မျှစ်၊ ဆန်မှုန့်၊ ခရမ်းသီး၊ ရုံးပတီသီးနဲ့ လှီးထားတဲ့ ဘူးသီးစိတ်တွေ၊ ပြီးတော့ ငပိနဲ့ ပုစွန် စတာတွေပဲဖြစ်ပါတယ်။ ပြင်ဆင်ဖို့အတွက် အရင်ဆုံး ပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကို တစ်လုပ်စာအနေတော်ဖြစ်အောင် လှီးဖြတ်ပြီး ရေတည်ထားတဲ့အိုးထဲကို ထည့်ပါ၊ ပြီးတာနဲ့ ငပိနဲ့ ဆား၊ ငရုတ်ကောင်းစတာတွေထည့်ပြီး အသီးအရွက်တွေ နူးတဲ့အထိ တည်ပေးပါ။ နောက်ဆုံးအနေနဲ့ ဆန်မှုန့်အနည်းငယ် ထည့်လိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ တာလဘောဟင်းတစ်ခွက်ရပြီပဲဖြစ်ပါတယ်။ 

ဒီဟင်းလျာအတွက် ချက်နည်းကိုတော့ ဒီကနေ  https://youtu.be/e40wNntcN-Y ကြည့်လို့ရပါတယ်။

အင်ဥ

မေလနဲ့ ဇွန်လလို မိုးရာသီရဲ့ အစောပိုင်းလတွေမှာပဲရတတ်လို့ မြန်မာပြည်ကလူတော်တော်များများက အင်ဥကို မိုးရာသီရဲ့ သဘာဝလက်ဆောင်တစ်ခုလို့ သတ်မှတ်ထားကြပါတယ်။ အင်ဥကို ဆား၊ ငရုတ်ကောင်းတို့နဲ့ ကြော်ပြီး အင်ဥကြော်အဖြစ်အစားများကြသလို အင်ဥစွတ်ပြုတ်လည်း လုပ်စားတတ်ကြပါတယ်။ အာဟာရဓာတ်တွေနဲ့ပြည့်ဝတယ်ဆိုပေမယ့်လည်း ဂေါက်ရောဂါဝေဒနာရှင်တွေ၊ သွေးတိုးရောဂါသည်တွေ၊ နှလုံးရောဂါရှိသူတွေနဲ့ ခါးနာတတ်သူတွေဆိုရင်တော့ ချင့်ချိန်ပြီး စားသုံးပေးသင့်ပါတယ်။

ကိုင်းဥ

မိုးရာသီရဲ့ ရာသီစာတွေထဲက ထင်ရှားတဲ့ နောက်တစ်ခုကတော့ ဒီရာသီမှာပဲရတတ်တဲ့ ကိုင်းဥပဲဖြစ်ပါတယ်။  ကြံမျိုးနွယ်ဝင် အပင်တစ်မျိုးဖြစ်တဲ့ ကိုင်းပင်ကရရှိတဲ့ ကိုင်းဥကို သူ့ရဲ့ ချိုပြီး မွှေးတဲ့ အရသာကြောင့် လူသိများလှပြီး တချို့တွေက သူ့ရဲ့အရသာကို ချိစ်အရသာနဲ့တူတယ်လို့တောင် ပြောတတ်ကြပါတယ်။ ကိုင်းဥကို တော်တော်များများက ဆားနဲ့ ငရုတ်ကောင်းဖြူးပြီး ကင်စားတတ်ကြပြီး တချို့တွေက ကန်စွန်းရွက်နဲ့ရောပြီးတော့လည်း ကြော်စားတတ်ကြပါတယ်။

တောင်ပို့မှို

အခုဖော်ပြပေးသွားမယ့် ရာသီစာနောက်တစ်မျိုးကတော့ သက်သတ်လွတ်သမားတွေ၊ မှိုမှမှိုဆိုတဲ့လူတွေရဲ့ အသည်းစွဲ တောင်ပို့မှိုပဲဖြစ်ပါတယ်။ သူ့ကိုဆိုရင် အများအားဖြင့် ကန်စွန်းရွက်၊ ငရုတ်သီးစိမ်းတို့နဲ့ကြော်စားလေ့ရှိကြပြီး ငရုတ်သီးမှုန့်၊ခရမ်းချဥ်သီး၊ရှမ်းနံနံ၊ ပင်စိမ်းစတာတွေနဲ့ ဟင်းအဖြစ်လည်း ချက်စားလေ့ရှိကြတာပဲဖြစ်ပါတယ်။

မိုးရာသီကို အိမ်တွင်းပုန်းပြီး  အစားတစ်လိုင်းလုပ်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် အပေါ်မှာ ပြောပြထားတဲ့ ပါဝင်ပစ္စည်းအချို့ကို နီးစပ်ရာ City Mart ဆိုင်တွေမှာ ဝယ်ယူပြီး အခုလို  ရာသီ‌ပေါ် နှုတ်မြိန်စာလေးတွေကို စမ်းပြီး ချက်ပြုတ်ကြည့်လိုက်နော်။


Share

Comments

Khin Yadanar Saw

မိုးရာသီမှာ ပူပူ​လေးနဲ့ အရသာရှိတဲ့ ဟင်းပွဲ​လေး​တွေက ကျန်းမာ​ရေးနဲ့လဲညီညွတ်ပြီး လွယ်ကူမြန်ဆန်စွာနဲ့ချက်ပြုတ်လို့ရတဲ့ ဟင်းပွဲ​လေး​တွေ ချက်ပြုတ်လို့ရတဲ့နည်းလမ်း​လေး​တွေသိရှိရလို့ အရမ်း​ကောင်းမွန်အကျိုးရှိပြီး ဗဟုသုတ များစွာရရှိပါတယ်ရှင် 😍😍

Related Posts