မြို့ပြတွေမှာ ရေကြီးရေလျှံတဲ့အခါ

Posted in လူမှုဘဝ


ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းတာ ရက်အနည်းငယ်ကြာလာတဲ့အခါ ရေကြီးရေလျှံဖြစ်လာနိုင်ပါတယ်။ တချို့ အနိမ့်ပိုင်းနေရာ၊ မြစ်ချောင်းတဲ့နီးတဲ့နေရာ တွေမှာဆို ရေတွေ စတင်ဝင်ရောက်နေပြီဖြစ်ပါတယ်။ ရေကြီးနိုင်ချေရှိတဲ့အခါ ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲ၊ ဘာတွေ သတိထားရမလဲ နဲ့ ကျန်းမာရေး အကြံပြုချက်များ စတာတွေကို ဖော်ပြလိုက်ပါတယ်။

ဘာကြောင့် ရေကြီးတာလဲ 

မိုးကြီးတာ၊ ကမ်းရိုးတန်းဒေသတွေမှာ မုန်တိုင်း ဒါမှမဟုတ် ဆူနာမီတွေရှိတာ၊ တောင်ကျရေတွေထိုးဆင်းလာပြီး မြစ်တွေ၊ ချောင်းတွေ၊ တူးမြောင်းနဲ့ ဆည်တွေ ပြည့်လျှံကုန်တာတွေကြောင့် ရေကြီးလေ့ရှိပါတယ်။ ရာသီဥတု ‌‌‌ပြောင်းလဲမှုနဲ့ ကမ္ဘာကြီးပူနွေးလာမှုတွေကြောင့် ရေကြီးတဲ့အရေအတွက် ပိုတိုးလာနိုင်သလို၊ ရေကြီးတာလည်း ပိုဆိုးလာနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ ရာသီဥတုပိုပူလာတဲ့အခါ ရေငွေ့ပျံနှုန်း ပိုမြင့်မား လာပြီး ၁ ဒီဂရီစင်တီဂရိတ်ပိုပူလာတိုင်း လေထဲမှာ ရေငွေ့ ၇% ပိုတိုးလာပြီး အဲ့ကတဆင့် မိုးပိုများလာပါတယ်။ ကွန်ကရက်လမ်းတွေနဲ့ မြေကြီးအပြည့် ကွန်ကရက် ခင်းထားတဲ့ မြို့ပြတွေမှာ ရေတွေက မြေကြီးထဲကို မဆင်း သွားနိုင်တာကြောင့်လည်း ရေကြီးပြီးတဲ့နောက်မှာလည်း အချိန်တစ်ခုကြာအောင် ရေမကျနိုင်ဘဲ ဖြစ်နေတတ်ပါတယ်။

လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုများ 

မိုးကြီးပြီး ရေလျှံနိုင်ခြေရှိလာပြီဆိုရင်၊ ကိုယ်နေတဲ့နေရာက နှစ်စဥ်ရေကြီးရေလျှံလေ့ရှိတယ်ဆိုရင် ဒီအခြေအနေ အတွက် ရေမကြီးခင်ကတည်းက ကြိုတင်ပြင်ဆင်ထားရပါမယ်။ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေကနေ မိုးလေ့ဝသသတင်းတွေ မျက်ခြေမပြတ်စောင့်ကြည့်ပါ။ ဆေးဝါး၊ ရိက္ခာနဲ့ အခြောက်အခြမ်းတွေကိုလည်း စု ဆောင်း ထားပါ။ မိုးတွင်းမတိုင်ခင်ကတည်းက (ဘယ်တော့မှ) မြောင်းနဲ့ ရေထွက်ပေါက်တွေထဲ အမှိုက်ပစ်မချ ပါနဲ့။ အိမ်နဲ့အနီးတဝိုက်၊ ကိုယ့်ရပ်ရွာအတွင်း ရေစီးရေလာကောင်းစေဖို့ ကြိုတင်လုပ်ဆောင်ထားပါ။ သစ်ပင်တွေ က ရေစုပ်ယူမှုအားကောင်းတဲ့ မြေဆီလွှာဖြစ်အောင် ပြုပြင်ပေးလို့ မြေလွတ်နေရာတွေမှာ အပင်တွေစိုက်ထား သင့်ပါတယ်။

အရေးပေါ်အိတ်ပြင်ဆင်ရာဝယ်

အရေးပေါ်အိတ်ပြင်ဆင်တဲ့အခါ အရေးကြီးတဲ့ပစ္စည်းတွေ မကျန်ခဲ့စေဖို့ စုစည်းဖော်ပြထားပါတယ်။

  • မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ် စတဲ့ ID ကတ်များ
  • မွေးစားရင်း၊ အိမ်ထောင်စုစားရင်း၊ စာချုပ်များ၊ ပိုင်ဆိုင်မှုပြစာချုပ်စာတမ်းများ
  • ရွှေ၊ ငွေ အဖိုးတန်ပစ္စည်းများ
  • ရှေးဦးသူနာပြုဆေးသတ္တာ နှင့် မရှိမဖြစ် အခြေခံဆေးဝါးများ
  • အရေးကြီးဆက်သွယ်ရန် ဖုန်းနံပါတ်၊ ဖုန်းအားသွင်းကြိုး၊ ပါဝါဘဏ်များ
  • ဓား၊ မီးခြစ်၊ လက်နှိပ်ဓာတ်မီး၊ ခိုင်ခံ့သောကြိုးခွေ
  • ရေသန့်နှင့် ကလိုရင်းဆေးပြားများ
  • လက်သန့်ဆေးရည်၊ ဆပ်ပြာများ
  • ‌ခြောက်သွေ့သောအဝတ်အစားများ၊ တဘက်များ
  • ခြောက်သွေ့ပြီး သယ်ရလွယ်သော၊ပေါ့ပါးသော အစားအစာများ

ရေလွတ်ရာကို ‌ရွှေ့ပြောင်းတဲ့အခါ 

အိမ်ကိုထားပြီး ‌ရွှေ့ပြောင်းဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရွှေ့ပြောင်း ဖို့ နှိုးဆော် အကြံပြုလာတဲ့အခါ နှောင့်နှေးမနေဘဲ ရေလွတ်ရာနေရာကို အမြန်ရွှေ့ပြောင်းဖို့ လိုအပ်ပါတယ်။ ရေကြီးတဲ့အခါ ရေတက်နှုန်းက သင်ထင်ထားတာထက်ပိုမြန်လို့ အချိန်နှောင့်နေးနေရင် ထွက်လို့မရဘဲ အိမ်ထဲမှာ ပိတ်မိနေပြီး မလိုလားအပ်တဲ့ အန္တရာယ်တွေ ကြုံတွေ့ရနိုင်လို့ပါ။ ဒီလိုရွှေ့ပြောင်းတဲ့အခါမှာ

  • လျှပ်စစ်မီးတွေ အကုန် မိန်းခလုပ်ပိတ်ထားခဲ့ပါ။
  • ရေဝင်ပျက်စီးနိုင်တဲ့အရာတွေကို ရေလွတ်တဲ့၊ မြင့်တဲ့ နေရာတွေမှာ သိမ်းဆည်းထားခဲ့ပါ။
  • ဓာတ်ငွေ့ယိုစိမ့်မှုမရှိအောင် သေချာပိတ်ထားခဲ့ပါ။
  • ဒေသခံ ကယ်ဆယ်ရေးအဖွဲ့များနဲ့ ဆက်သွယ်ပါ။
  • အရေးပေါ်အိတ်ကို ကိုယ်နဲ့တပါတည်း ယူသွားပါ။
  • ‌ရေမြုပ်နေတဲ့နေရာများကို ကားဖြင့် ဖြတ်သန်းခြင်းရှောင်ရှားပါ။
  • အဖုံးပွင့်နေတဲ့မြောင်းပေါက်၊ ရေထွက်ပေါက်တွေကို သတိထားပါ။
  • ရေကြီးရေလျှံထားတဲ့ရေနဲ့ ထိတွေ့ထားတဲ့ အစားအစာများကို ရှောင်ကြဉ်ပါ။
  • ရေကို ကြိုချက်ပြီးမှ (သို့) ကလိုရင်းခတ်ပြီးမှ သောက်ပါ။

မပေါ့ဆသင့်တဲ့ ပိုးကောင်အန္တရာယ်

ရေကြီးရေလျှံတဲ့အခါ သတိထားရမယ့် နောက်တစ်ခုကတော့ ပိုးကောင်အန္တရာယ်ပဲ ဖြစ်ပါတယ်။ ရေ တက်တဲ့ အခါ တီကောင်၊ ကင်ခြေများက စလို့ မြွေအထိ အဆိပ်ရှိသော၊ မရှိသော အကောင်တွေ ရေလွတ်ရာကို ရှာဖွေ ရင်းနဲ့ လူနေအိမ်တွေပေါ် ‌ရောက်လာတတ်ကြပါတယ်။ အဆိပ်ရှိတဲ့ အကောင်တွေ အထူးသဖြင့် မြွေအန္တရာယ်ကို ကာကွယ်ဖို့ လိုက်နာသင့်တဲ့ အောက်ပါ အချက်တွေကို Snake of Myanmar မှ ကူးယူဖော်ပြထားပါတယ်။

  • ရေမြုပ်တဲ့နေရာကို ခြေဗလာနဲ့မသွားပါနဲ့၊ ဖြစ်နိုင်ရင် ရာဘာဖိနပ်ရှည် စီးပါ။
  • ညဘက် ခြံထဲဆင်းလျှင် အလင်းရောင်ကောင်းကောင်းထွက်တဲ့ ဓာတ်မီးကို အသုံးပြုပါ။
  • ရေထဲမျောပါလာတဲ့ သစ်တုံးတွေ၊ အခြားအရာတွေမှာ မြွေတွေပါလာတတ်လို့ တက်နင်းတာ၊ ကိုင်တွယ် တာတွေ မလုပ်ပါနဲ့။
  • အိမ်ထဲမှာ မြွေခိုအောင်းနိုင်တဲ့နေရာတွေကို စစ်ဆေးပါ။
  • ရေနဲ့မျောပါလာတဲ့ အမှိုက်တွေမှာ မြွေတွေပါလာနိုင်လို့ လက်နဲ့ ကောက်ယူရှင်းလင်းတာမျိုး မလုပ်ပါနဲ့။
  • ညဘက်အိပ်ရင် ခြင်ထောင်ပတ်လည်ကို မြွေဝင်မလာနိုင်အောင် သေချာဖိထားပါ။
  • မြွေကိုက်ခံရပါက နီးစပ်ရာဆေးရုံ ဆေးခန်းသို့ အမြန်ဆုံးသွားပါ။

ရေကျသွားတဲ့အခါ ကျန်းမာရေးသတိပေးချက်များ 

‌ရေကြီး‌ရေလျှံပြီးတဲ့နောက်မှာ ‌ရေကြောင့်ဖြစ်တဲ့ အဖျားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောနဲ့ အူရောင်ငန်းဖျား‌ရောဂါ တွေ အဖြစ်များကြပါတယ်။ ခြင်တွေလည်း ပိုပေါများလာလို့ ခြင်ကဖြစ်တဲ့ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေး ရောဂါ တွေလည်း ကြုံတွေ့ရတာ များပါတယ်။ ဒီရောဂါတွေကို ကာကွယ်ဖို့

  • သန့်ရှင်းတဲ့ ရေအရင်းအမြစ်ကို အသုံးပြုပါ
  • စိတ်မချရပါက ရေကို ကြိုချက်ပြီးမှ သောက်ပါ
  • အစာမစားမီနှင့် အိမ်သာတက်ပြီးနောက် လက်ကို စင်ကြယ်စွာ ဆေးကြောပါ
  • အစားအစာတွေကို သေချာကျက်အောင် ချက်ပြုတ်ပြီးမှ စားသောက်ပါ
  • ရေကြီးတဲ့ရေနဲ့ ထိတွေ့ထားတဲ့ အစားအစာတွေကို မစားပါနဲ့၊ စွန့်ပစ်ပါ
  • အစားအ‌သောက်အမှိုက်တွေကိုလည်း စနစ်တကျစွန့်ပစ်ပါ
  • အိမ်မှာ ခြင်ခိုအောင်းပေါက်ဖွားနိုင်တဲ့နေရာတွေကို ရှင်းလင်းပါ
  • ခြင်ကိုက်မခံရစေရင် အင်္ကျီဘောင်းဘီရှည်များဝတ်ခြင်း၊ ခြင်ထောင်အသုံးပြုခြင်းတို့နှင့် ကာကွယ်ပါ။

ရေကြီးခြင်းဟာ ပျက်စီးဆုံးရှုံးမှုများတဲ့ သဘာဝဘေးအန္တရာယ်တစ်ခုပါ။ ရေကြီးနေစဥ်အတွင်း ဘယ်လို အန္တရာယ် ကင်းအောင်နေကြမလဲ၊ ကျန်းမာရေးအရ သတိပြုရမှာ ဘာတွေလဲ စသဖြင့် လေ့လာပြင်ဆင်ထား တာ ကောင်းပါတယ်။ အကောင်းဆုံးကတော့ ရေမကြီးအောင်၊ မိုးကြီးလာရင်လည်း ရေမလျှံအောင် ဘယ်လို ကာကွယ်ကြမလဲ၊ အခြေခံအဆောက်အဦတွေကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတာပါပဲ။ ဒါဟာလည်း တစ်ဦး တစ်ယောက်တည်းအားနဲ့ လုပ်ဆောင်လို့ရတဲ့ကိစ္စမဟုတ်လို့ မိမိတို့ဒေသအလိုက် မိုးမကြီးခင်၊ မိုးရာသီ မရောက်ခင် ကတည်းက စုပေါင်းတိုင်ပင် ပြင်ဆင်ထားတာက အ‌ကောင်းဆုံးဖြေရှင်းချက်ပါ။


Share

Comments

Related Posts