ထမင်းကို တစ်နေ့တစ်မျိုး မရိုးအောင် ကြော်စားကြမယ်

Posted in အစားအစာ


လက်ဖက်ရည်ဆိုင်မထိုင်ဘဲ အိမ်မှာမနက်စာစားတဲ့ မနက်ခင်းတွေမှာဆို များသောအားဖြင့် ထမင်းကြော် စား လေ့ရှိကြပါတယ်။ မနက်ခင်းမှာသာမကဘဲ လွယ်ကူတဲ့ နေ့လယ်စာ၊ အချိန်ကုန်သက်သာတဲ့ ညစာတွေကို ဖန်တီးချင်တယ် ဆိုရင်လည်း ထမင်းကြော်က စားမြိန်ကောင်းမွန်တဲ့ ရွေချယ်စရာတစ်ခုပါပဲ။ ကိုယ်ကပဲဖြစ်ဖြစ်၊ ချစ်ရသူတွေကပဲဖြစ်ဖြစ် ထမင်းကြော်ကြိုက်တတ်သူတွေ ဆိုရင်တော့ ထမင်းကြော်ကို တစ်နေ့တစ်မျိုး မရိုးရ အောင် ကြော်စားနိုင်ဖို့ ထမင်းကြော်နည်း (၅) နည်းကို ဖော်ပြလိုက်ပါတယ်။

ဒီနေရာမှာ တစ်ခုပြောချင်တာက ဘယ်လိုထမင်းကြော်မျိုးပဲဖြစ်ဖြစ် ထမင်းသားက မာမနေပဲ အိအိပျော့ပျော့ လေး ဖြစ်နေမှ စားလို့ကောင်းတာပါ။ ထမင်းကြော်အိအိလေး ရဖို့အတွက်ဆိုရင် ပေါင်းအိုးနဲ့ချက်တဲ့ထမင်းထက် ရေငှဲ့ချက်တဲ့ ထမင်းကိုသုံးတာက ပိုကောင်းပါတယ်။ အသုံးပြုမယ့် ထမင်းကို လုံလောက်အောင် အအေးခံထားဖို့ လည်း လိုပါတယ်။ ပူပူလောလော ထမင်းကို သုံးမိရင် အိုးကပ်သွားတတ်လို့ သတိပြုရမယ့် အချက်တစ်ချက်ပါ ပဲ။ ရေငှဲ့ထမင်းကို ဆား၊ အရသာမှုန့်တွေနဲ့ ဖွဖွလေးနယ်ပြီး ကြော်တဲ့အခါ အိုးမကပ်အောင် အပူချိန်ကို သတိ ထားပြီးကြော်တာက ကောင်းမွန်ပြည့်စုံတဲ့ ထမင်းကြော်တစ်ပွဲ ဖြစ်ဖို့ အခြေခံလိုအပ်ချက်ပါပဲ။

(၁) မြန်မာ လက်ဖက်ရည်ဆိုင် ထမင်းကြော် 

လက်ဖက်ရည်ဆိုင်လည်း ထွက်မထိုင်ချင်ပေမယ့် ဆိုင်ကလို ထမင်းကြော်ကိုမှ စားချင်နေမိတဲ့ မနက်ခင်းတွေမှာ ကိုယ်တိုင်လုပ်စားနိုင်ဖို့ မြန်မာ လက်ဖက်ရည်ဆိုင် ထမင်းကြော် ကြော်နည်းကို ကြည့်လိုက်ကြရအောင်။

လိုအပ်သောပစ္စည်းများ 

  • ထမင်းဖြူ၊ ကြက်ရင်ပုံသား၊ ကြက်ဥ
  • ပန်းဂေါ်ဖီ၊ မုန်လာဥနီ
  • ပဲငံပြာရည်အကြည်၊ အနောက်
  • ငရုတ်ကောင်းမှုန့်၊ ပြောင်းဖူးမှုန့်၊ မဆလာ
  • ဆား၊ ဆီ၊ အရသာမှုန့်

အရင်ဆုံး ထမင်းဖြူကို ပဲငံပြာရည်အကြည်၊ အနောက်၊ မဆလာ၊ ဆား၊ အရသာမှုန့် ထည့်ပြီး အရသာနှံ့အောင် ခပ်ဖွဖွ နယ်ထားပါ။ ကြက်ရင်ပုံသားကို ပါးပါးလှီးပြီး ငံပြာရည်၊ ငရုတ်ကောင်း၊ ပြောင်းဖူးမှုန့်တို့နဲ့ နယ်ထားပါ။ မုန်လာနီနဲ့ ပန်းဂေါ်ဖီတို့ကိုလည်း အတုံးသေးသေးလေးတွေ တုံးထားပါ။ ပါဝင်ပစ္စည်းအားလုံးကို အဆင်သင့် ပြင်ပြီးပြီဆိုရင် ဆီအိုးတည်ပြီး ကြက်သွန်ဖြူကို ဆီသတ်ပါ။ နှပ်ထားတဲ့ ကြက်သားကို ထည့်ကြော်ပါ။ ကြက်သား အရောင်ပြောင်းလာပြီဆိုရင် မုန်လာဥနီ၊ ပန်းဂေါ်ဖီတွေကို ထည့်ကြော်ပါ။ အသီးအရွက်တွေ နွမ်းလာရင် နယ်ထားတဲ့ ထမင်းဖြူကို ထည့်ကြော်ပါ။ ထမင်းကို ဘေးကပ်ပြီး ဆီအနည်းငယ်ထပ်ထည့်၊ ဆီပူလာရင် ကြက်ဥဖောက်ထည့်လိုက်ပါ။ ပြီးရင်တော့ ထမင်း၊ အသားနဲ့ အသီးအရွက်၊ ကြက်ဥ အားလုံကို သမအောင် ရောမွှေပြီး ကြော်ပါ။ ပြီးရင်တော့ လက်ဖက်ရည်ဆိုင်တွေမှာ မှာစားသလို ထမင်းကြော်တစ်ပွဲကို အိမ်မှာပဲ ပူပူနွေးနွေး စားလို့ရပါပြီ။

(၂) ပသျှူးထမင်းကြော် 

ဆိုင်တစ်ဆိုင်ရောက်ပြီဆို menu ကို အပြန်ပြန်အလှန်လှန်ဖတ်ပြီး နောက်ဆုံး ပသျှူးထမင်းကြော်ပဲမှာစားတဲ့ သူတွေအတွက် အိမ်မှာကိုယ်တိုင်ကြော်စားနိုင်ဖို့ ကြော်နည်းလေးကို ဖော်ပြလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ 

ထမင်းဖြူ

အသားတစ်မျိုးမျိုး (ကြက်သား၊ ဝက်သား၊ ငါး)

ရှမ်းမုန်ညင်းချဥ်

ကြက်သွန်နီ၊ ဖြူ၊ ငရုတ်သီးအနီ

ခရမ်းချဥ်သီး၊ ပြောင်းဖူးအသေး၊ ပဲသီး၊ ပူစီနံ

ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ပုစွန်ငံပြာရည်

ငရုတ်အရောင်မှုန့်၊ မဆလာ

သကြား၊ ကြက်သားမှုန့်၊ ရှောက်/ သံပုရာရည်

အရင်ဆုံး ထမင်းကြော်ထဲ ထည့်သုံးမယ့်အသားကို ကိုယ်လိုသလောက်ပမာဏ လေးထောင့်အတုံးလေးတွေ လှီးထားပါ။ တခြားပုံစံလည်း လှီးနိုင်ပေမယ့် လေးထောင့်လေးတွေလှီးတာက ပိုပြီး အမြင်လှစေပါတယ်။ အခြား ပါဝင်ပစ္စည်းတွေကိုလည်း သင့်တော်သလို လှီးချွတ်ထားလိုက်ပါ။ ပသျှူး ထမင်းကြော် စကြော်မယ်ဆိုရင် အဆာ ပလာတွေ ဘာမှမထည့်ခင် ကြက်ဥတစ်လုံးကို အရင်ဖောက်ကြော်ပါ။ ပြီးမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်း ချဥ်သီး၊ ငရုတ်သီး၊ အရောင်တင်မှုန့်၊ အသားနဲ့ အသီးအရွက်တွေကို ‌ရှောက်ရည်နဲ့ ပုစွန်ငံပြာရည်လေးထည့်ပြီး အရင်ကျက်အောင်ကြော်ပါ။ အတော်လေးကျက်သွားပြီဆို ထမင်းဖြူကို ဖွဖွလေးချေပြီး ထည့်ပါ။ ထမင်းထဲကို ခရုဆီ၊ ပဲငံပြာရည်အကြည်၊ သကြားနဲ့ ကြက်သားမှုန့်တို့ကို ထည့်ပြီး သမအောင် မွှေကြော်ပါ။ ဒါဆိုရင်တော့ ချဥ်ချဥ်စပ်စပ်နဲ့ မွှေးပျံ့တဲ့ ပသျှူး ထမင်းကြော်တစ်ပွဲရပါပြီ။

(၃) မုန်ညင်းချဥ်ထမင်းကြော် 

ပဲပုပ်နံ့မွှေးမွှေးနဲ့ မုန်ညင်းချဥ်ထမင်းကြော်လေး ကြော်စားတော့မယ်ဆိုရင် ဘာတွေလိုလဲကြည့်လိုက်ကြရ အောင်။

ပါဝင်ပစ္စည်းများ 

ထမင်းဖြူ

ရှမ်းမုန်ညင်းချဥ်၊ ပဲပုပ်

ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ

ပဲငံပြာရည်အကြည်၊ အရသာမှုန့်

အစဦးဆုံး ပဲပုပ်နဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းကို ညက်သွားအောင် ရောထောင်းလိုက်ပါ။ ဆီအိုးတည်ပြီး ဆီပူ လာရင် ထောင်းထားတဲ့ ပဲပုပ်တွေကို ဆီသတ်၊ ပါးပါးလှီးထားတဲ့ မုန်ညင်းချဥ်ကို ထည့်ပါ။ အသားထည့်ချင်ရင် ဒီအဆင့်မှာ ထည့်နိုင်ပါတယ်။ ပြီးရင်တွေ ချေထားတဲ့ ထမင်းဖြူ၊ ဆား၊ အရသာမှုန့်နဲ့ ပဲငံပြာရည်အကြည် တွေကို ထည့်ပြီး သမအောင် မွှေကြော်လိုက်မယ်ဆိုရင် ပဲပုပ်နံ့မွှေးမွှေးလေးနဲ့ မုန်ညင်းချဥ်ထမင်းကြော်ပူပူလေး ရပါပြီ။ မွှေးပျံ့တဲ့ ရေနွေးကြမ်းတစ်ခွက်နဲ့ တွဲဖက်သုံးဆောင်လိုက်မယ်ဆိုရင် ဒီထမင်းတစ်နပ်အတွက် ဘာမှထပ်လိုတော့ မယ် မထင်ပါဘူး။

(၄) ထိုင်းစတိုင် ငပိထမင်းကြော်

ထိုင်းစတိုင်ဆိုပေမယ့် ငပိဆိုတာ မြန်မာ့ပါးစပ်နဲ့မစိမ်းတာမို့ မြန်မာ့အကြိုက် ထမင်းကြော်တစ်မျိုးဆိုလည်း မမှားပါဘူး။ ပါဝင်ပစ္စည်းတွေနဲ့ လုပ်နည်း အဆင့်ဆင့်ကို ကြည့်လိုက်ကြရအောင်။

လိုအပ်တဲ့ ပစ္စည်းများ 

ဝက်သား၊ ငပိ

ကြက်သွန်နီ၊ ငံပြာရည်

ထန်းလျက်မှုန့် ၊ အရသာမှုန့်

အရင်ဆုံး ဝက်သားကို အတုံးသေးသေးလေးတွေလှီးထားပါ။ အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်နီကို ဆီသတ်ပါ။ ကြက်သွန်အနည်းငယ်နွမ်းလာပြီဆိုရင် ထန်းလျက်မှုန့်ထည့်ပါ။ ကြက်သွန်ကြော်ကျက်သွားရင် ဝက်သားထည့်ကြော်ပြီး ဝက်သားထဲကို ဆားအနည်းငယ်ထည့်ပေးပါ။ ဝက်သားကြော်ပြီးရင် အိုးထဲက ဆယ်ပြီး ကျန်တဲ့ဆီနဲ့ ငပိအနည်းငယ်ကြော်ပါ။ ငပိ အနံ့မွှေးလာပြီဆိုရင် ရေအနည်းငယ်ထည့်ပြီး ထမင်းထည့်ပါ။ အရသာ မြည်းပြီး ငံပြာရည်နဲ့ အရသာမှုန့်ကို လိုအပ်သလိုထည့်ပြီး ဆက်ကြော်ပေးပါ။ ပြီးရင်တော့ ငပိထမင်းကြော်ကို ဝက်သားအပြင် ပုစွန်ခြောက်၊ ကြက်ဥကြော် စတဲ့ ကြိုက်နှစ်သက်ရာ ဟင်းလျာတွေနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။

(၅) ပန်းဂေါ်ဖီထမင်းကြော် 

ပြုလုပ်ရတာ လွယ်ကူတဲ့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နောက်ထပ်ထမင်းကြော်တစ်မျိုးကတော့ ပန်းဂေါ်ဖီ ထမင်းကြော်ပါ။ ပန်းဂေါ်ဖီစိမ်းကို အဓိက အသုံးပြုပြီး အခြား မုန်လာဥနီ၊ ပဲသီး၊ ပြောင်းဖူး အစရှိတဲ့ အခြား အသီးအရွက်တွေလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ 

ထမင်းဖြူ

ပန်းဂေါ်ဖီစိမ်းနှင့် အခြား အသီးအရွက်များ

ကြက်ဥ၊ ကြက်သွန်မြိတ်

ပဲငံပြာရည်အကြည်၊ အရသာမှုန့်

ပထမဦးဆုံး ထမင်းကို ဆား၊ အရသာမှုန့်တို့နဲ့ ခပ်ဖွဖွလေး နှံ့အောင်နယ်ပါ။ အိုးထဲကို ဆီထည့်ပြီး ဆီပူလာရင် ကြက်ဥဖောက်ထည့်၊ ပန်း‌ဂေါ်ဖီနဲ့ ကြိုက်နှစ်သက်ရာ အသီးအရွက်တွေနဲ့ အရသာအတွက် ဆား၊ ပဲငံပြာရည် အကြည် ထည့်ပြီး သမအောင်မွှေကြော်ပါ။ အသီးအရွက်တွေ အနည်းငယ်နွမ်းသွားရင် နယ်ထားတဲ့ ထမင်းဖြူကို ထည့်ကြော်လိုက်ပါ။ ဝက်အူချောင်း၊ ကြက်အူချောင်း ကြိုက်နှစ်သက်ရင် ထည့်ကြော်နိုင်ပါတယ်။

ဒီနိုင်ငံဟာလည်း ထမင်းကို အခြေခံအစားအစာအဖြစ် စားသုံးကြတဲ့ အာရှနိုင်ငံတွေထဲက တစ်ခုဖြစ်တာကြောင့် ထမင်းကြော်ဆိုတာ အရသာရှိပြီး စားရတာ တော်ရုံနဲ့ ရိုးမသွားတဲ့ အစားအစာတစ်ခုပါ။ ထမင်းကြော် အမျိုးအစားတွေ အများကြီးရှိတဲ့ထဲက အခုဖော်ပြခဲ့တဲ့ ထမင်းကြော် (၅) မျိုးက ပြုလုပ်ရလွယ် တာ၊ အချိန်ကုန်သက်သာတာ၊ ပါဝင်ပစ္စည်းတွေက လက်တစ်ကမ်းမှာ ရနိုင်တာ စတဲ့ အားသာချက်တွေကြောင့် စာဖတ်သူတို့ ကိုယ်တိုင်အိမ်မှာ လုပ်စားနိုင်ဖို့ ရွေးချယ်ဖော်ပြလိုက်ပါတယ်။


Share

Comments

Related Posts