မိုးတွင်းမရောက်ခင် အိမ်ကိုပြင်ဆင်ထိန်းသိမ်းကြရအောင်

Posted in အိမ်မှုရေးရာ, ကိုယ်တိုင်လုပ်အနုပညာ


မြန်မာပြည်ရဲ့ မိုးရာသီတွေက မေလလယ်ကနေ အောက်တိုဘာနှောင်းပိုင်းထိအောင် ရှည်ကြာတတ်လို့  သင့်ရဲ့အိမ်က ဒီမိုးဥတုရဲ့ဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ အထူးအရေးကြီးပါတယ်။ ဒီထဲမှာဆိုရင်တော့ သင့်ရဲ့အိမ်ကို မိုးရာသီမတိုင်ခင် ကိုယ်တိုင်အလွယ်တကူ ပြုပြင်ထိန်းသိမ်းနိုင်မယ့် လွယ်ကူတဲ့ နည်းလမ်း (၅) ချက်ကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ ဝင်ရောက်ဖတ်ရှုပြီး သင့်ရဲ့အိမ်ကို မိုးတွင်းအတွက် အဆင့်သင့်ဖြစ်နေအောင် ပြင်ဆင်လိုက်တော့နော်။

ရေပိုက်လိုင်းတွေကို သန့်ရှင်းရေးလုပ်ပါ

သန့်ရှင်းပြီး ရေဆင်းအားကောင်းတဲ့ ရေပိုက်လိုင်း  ကို ထိန်းသိမ်းထားဖို့ကလည်း ဒီလိုရာသီမှာ အရေးပါလှပါတယ်။ အချိန်ကြာလာတာနဲ့အမျှ နုန်းနဲ့ အစအနတွေ သင့်ရဲ့ ရေပိုက်လိုင်းထဲမှာ ဝပ်နေတာမျိုးတွေ ဖြစ်တတ်ပြီး ဒီလိုအရာတွေက ရေစီးနှုန်းနဲ့ ရေရဲ့ အရည်အသွေးကို ထိခိုက်စေနိုင်ပါတယ်။ ရေပေးဝေမှုကို အသင့်တော်ဆုံးဖြစ်စေဖို့အတွက်ဆိုရင် အဓိကရေပိုက်ဘားကို ပိတ်ထားပြီး ဘုံဘိုင်ခေါင်း တွေအားလုံးကို ဖွင့်လိုက်ရင်း သင့်ရဲ့ ရေပိုက်လိုင်းတွေကို ရေတွေကုန်သွားတဲ့အထိ ထားထားလိုက်ပါ။ ဒီရိုးရှင်းတဲ့လုပ်ဆောင်ချက်လေးက သင့်ရေပိုက်တွေမှာ ပိတ်ဆို့နေမယ့် အရာတွေကို ဖယ်ရှားပေးပြီး သင့်ရဲ့အိမ်ကို သန့်ရှင်းတဲ့ရေရစေမှာ အသေအချာပါပဲ။

ခြင်ပေါက်ဖွားမှုကို ရှောင်ကြဥ်နိုင်ဖို့ အစုလိုက်အပြုံလိုက်ဖြစ်နေတဲ့ ပစ္စည်းတွေကို ဖယ်ရှားပါ

မိုးရာသီမှာ  စိတ်ရှုပ်ရပြီး ဒုက္ခအပေးဆုံးကတော့ ခြင်တွေပါပဲ ။ ခြင်ပေါက်ဖွားရာနေရာတွေကို ကြည့်မယ်ဆိုရင် တာယာအဟောင်းတွေ၊ ပုံးတွေ၊ မသုံးတော့တဲ့ ထည့်စရာတွေစတဲ့ ပစ္စည်းတွေစုပုံနေတဲ့နေရာမျိုးတွေမှာ ဖြစ်တာများပါတယ်။ ဒီလို အသုံးမလိုတော့တဲ့ ပစ္စည်းတွေကို ရှင်းလင်းပြီး ခြင်ပေါက်ဖွားလာနိုင်မယ့် နေရာတွေကိုဖယ်ရှားလိုက်မယ်ဆိုရင် သင့်မိသားစုအတွက်  ကျန်းမာရေးနဲ့ ပိုမိုညီညွတ်တဲ့ ပတ်ဝန်းကျင် တစ်ခုဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။

သင့်ရဲ့အိမ်နဲ့ လျှပ်စစ်မီးကြိုးသွယ်တန်းမှုကို စစ်ဆေးပါ

မိုးတွင်းမတိုင်ခင် ကိုယ့်ရဲ့အိမ်ကို နှံ့နှံ့စပ်စပ် စစ်ဆေးခြင်းက ရေယိုစိမ့်ခြင်းနဲ့ လျှပ်စစ်ဆိုင်ရာ ပြဿနာတွေကို ကာကွယ်ထားနိုင်ဖို့အတွက် အထူးပဲ အရေးပါလှပါတယ်။ သင့်ရဲ့ အိမ်အမိုးကို အပေါက်အပြဲ၊ အနာအဆာမရှိစစ်ဆေးပြီး ရှိခဲ့ရင်လည်း မဆိုင်းမတွ ချက်ချင်းပြင်ဆင်ပါ။ ပြတင်းပေါက်နဲ့ တံခါးဘောင်တွေကို ရေလုံမလုံ သေချာစစ်ဆေးကြည့်ပါ။ ပြီးတော့ လျှပ်စစ်ဝိုင်ယာကြိုးတွေ ပေါက်ပြဲမှုရှိမရှိ၊ စစ်ဆေးပါ။ အပျက်အစီးတစ်စုံတစ်ရာတွေ့ခဲ့ရင်လည်း ကျွမ်းကျင်ပညာရှင်ကို ခေါ်ယူပြီးပြင်ဆင်ဖို့ အကြံပေးလိုက်ပါတယ်။

အဝတ်ဗီဒိုရှင်းလင်းရေးလုပ်ပါ 

မိုးရာသီအတွက် ကြိုတင်ပြင်ဆင်တဲ့အခါမှာ သင့်ရဲ့ အဝတ်ဗီဒိုတွေကိုလည်း မေ့မထားပါနဲ့နော်။ အခွင့်အရေးရတုန်း ရှင်းလင်းပြီး ၊ သင်မလိုအပ်တော့တဲ့ပစ္စည်းတွေ၊ အသုံးမလိုတော့တာတွေကို ဖယ်ပြီး လှူတာမျိုးပဲဖြစ်ဖြစ်၊ ရောင်းတာမျိုးပဲဖြစ်ဖြစ် ပြန်လုပ်နိုင်ပါတယ်။ သင့်ရဲ့အဝတ်ဗီဒိုကို သေချာလေးရှင်းလင်းပြီး စီစီရီရီထားလိုက်ခြင်းက သင့်ကို ပစ္စည်းတွေရှာရာမှာ လွယ်ကူစေမှာဖြစ်တဲ့အပြင် ဗီဒိုထဲမှာ စိုထိုင်းထိုင်းဖြစ်နေတာမျိုးတွေ၊ မှိုစော်နံပြီး အောက်သိုးသိုးအနံ့ထွက်နေတာမျိုးတွေကနေလည်း ကင်းဝေးစေမှာပဲဖြစ်ပါတယ်။ ပစ္စည်းတွေအရမ်းများလို့မဆံ့တော့ဘူးဆိုရင်လည်း အဖုံးပါတဲ့ပုံးလေးတွေ၊ စင်လေးတွေနဲ့ နေရာချဲ့လို့ရပြီး သင့်ရဲ့ပစ္စည်းတွေကို သေချာလေးထိန်းသိမ်းနိုင်မှာပဲဖြစ်ပါတယ်။

မှိုစွဲမစွဲ စစ်ဆေးပါ

ဝါးလုံးတွေက ပူနွေးစိုစွတ်တဲ့ ရာသီဥတုတွေ၊ ရာသီအကူးအပြောင်းကာလတွေမှာ မှိုစွဲလေ့ရှိကြပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ရဲ့ အဝတ်အစားတွေတင်လှန်းမယ့် ဝါးလုံးတန်းတွေ၊ အဝတ်ဗီဒိုတွေမှာ မှိုရှိမရှိကို စစ်ဆေးဖို့ကလည်း အရေးပါလှပါတယ်။ ဝါးလုံးပေါ်မှာ အမဲအစက်အပြောက်လေးတွေမြင်ရတာမျိုး ဒါမှမဟုတ် မသက်မသာအနံ့တစ်ခုခုရတာမျိုးစတာတွေက မှိုစွဲတဲ့ လက္ခဏာရပ်တွေပါ။ မှိုတွေကို ဖယ်ရှားချင်ရင် အသုံးအပြုသင့်ဆုံးကတော့ အိမ်မှာပဲအလွယ်တကူရနိုင်တဲ့ ရှာလကာရည်ပဲဖြစ်ပြီး ရေနဲ့ဆတူရောကာဖြန်းပေးပြီး အဝတ်နဲ့သုတ်၊ အခြောက်ခံပေးခြင်းအားဖြင့် မှိုတွေကိုဖယ်ရှားနိုင်မှာပဲဖြစ်ပါတယ်။

ကိုယ်တိုင်အလွယ်တကူလိုက်လုပ်နိုင်မယ့် ဒီနည်းလမ်းတွေကို လိုက်လုပ်ကြည့်ခြင်းအားဖြင့် သင့်ရဲ့အိမ်ကို မိုးဥတုက သယ်ဆောင်လာမယ့် အခက်အခဲတွေကနေ ကြံ့ကြံ့ခံနိုင်နေစေမှာပဲဖြစ်ပါတယ်။ ဒါ့အပြင်ကိုမှ သင်နဲ့သင့်မိသားစုအတွက် သက်သောင့်သက်သာရှိပြီး နွေးထွေးလုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားနိုင်မှာလည်းဖြစ်ပါတယ်။ အခုအချိန်မှာ နည်းနည်းလောက်အားစိုက်လိုက်တာမျိုးက ကြိုတင်မပြင်ဆင်ထားခဲ့ရင် နောင်တစ်ချိန်မှာ ဖြစ်လာမယ့် အဆင်မပြေမှုတွေ၊ အကုန်အကျများမယ့် ပြင်ဆင်စရိတ်တွေရဲ့ ရန်ကနေ သင့်ကိုကာကွယ်ပေးထားမှာပဲဖြစ်ပါတယ်။


Share

Comments

Zwel Thant Paing

ရှောင်လွှဲမရတဲ့ မိုးရာသီနဲ့ မိုးရာသီတိုင်း စိတ်ညစ်မှု‌တွေ မကြုံရအောင် သေချာလိုက်လုပ်သင့်တဲ့ နည်းတွေကို တခုချင်းစီရေးသားဖော်ပြထားတဲ့အပြင် ပေါ့ဆမေ့လျော့တတ်တာတွေကိုလဲ ထောက်ပြဖော်ပြထားလို့သဘောကျနှစ်သက်ပါတယ်။ ဒီကဏ္ဍအပြင်တခြားကဏ္ဍလေးတွေလဲ စုံစုံလင်လင်တွေ့ရလို့ စိတ်၀င်တစားဖတ်ချင်လာတဲ့ ဆောင်းပါးတခုပါ

Related Posts