မီးဖွားပြီးကာစမှာ ခံစားရလေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲ

Posted in မိဘအုပ်ထိန်းခြင်း


မေမေတို့ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိသားစုထဲမှာပဲ ဖြစ်ဖြစ် ရင်သွေးလေးမွေးဖွားထားပြီး မီးဖွားပြီးခံစားရတတ်တဲ့ စိတ်အတက်အကျခံစားရခြင်း (Baby Blue)ကို ကုစားဖို့လိုအပ်နေရင် အောက်မှာ‌ဖော်ပြထားတဲ့ အကြံပြုချက်‌တွေကို လေ့လာကြည့်နိုင်ပါတယ်။ Baby Blueဆိုတာ ကလေးမီးဖွားအပြီးမှာ စိတ်အတက်အကျခံစားရတဲ့ အခြေအနေကို ပြောတာဖြစ်ပါတယ်။ ဒီကာလက ကလေးမွေးဖွားပြီး ဟိုမုန်းအပြောင်းအလဲကြောင့်နဲ့ ပင်ပန်းလှတဲ့မီးဖွားမှုအတွေ့အကြုံတွေရဲ့ လွှမ်းမိုးမှုခံရတဲ့ အချိန်လည်းဖြစ်ပါတယ်။ Baby Blue ရဲ့ လက္ခဏာတွေကတော့ စိတ်အတက်အကျဖြစ်တာ၊ ငိုချင်နေတာ၊ စိတ်လှုပ်ရှားလွယ်တာ၊ စိတ်ဖိစီးတာ၊ စိတ်ပျက်လက်ပျက်ဖြစ်တာမျိုးတွေကို ခံစားရတာဖြစ်ပါတယ်။ ကလေးနဲ့ ပတ်သက်ပြီး ဘာပြဿနာမှာ မရှိရင်တောင် အိပ်ပျော်ဖို့ခက်ခဲတဲ့ အခြေအနေမျိုးတွေလည်း ကြုံတွေ့နိုင်ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ ဒီ Baby Blue ခံစားမှုတွေက များသောအားဖြင့် ရက်အနည်းငယ်အတွင်းမြန်မြန်ဆန်ဆန် ပြေလည်သွားတတ်ပါတယ်။ ချွင်းချက်အနေနဲ့ Baby Blue ကို ရက်ကြာရှည်စွာခံစားရသူတွေလည်း ရှိပါတယ်။ 

ဒီကာလအတွင်းမှာ သင့်ရဲ့ စိတ်နဲ့ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်ဖို့ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် Baby Blue ခံစားရတဲ့ကာလတွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ဖို့ မေမေတွေနဲ့ ကျန်တဲ့ မိသားစုဝင်တွေအတွက် အကြံပြုချက်လေးတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

မေမေတို့အတွက် အကြံပြုချက်

မေမေတွေအနေနဲ့ မိမိရဲ့ခံစားချက်ကို နားလည်သဘောပေါက်ဖို့ လိုပါတယ်။ မိမိရဲ့ခံစားချက်ကို သဘောပေါက်လက်ခံနိုင်ခြင်းက Baby Blue ကို အဖြေရှာဖို့လမ်းစပဲဖြစ်ပါတယ်။ ကျန်းမာရေးအခြေခံအချက်တွေဖြစ်တဲ့ အိပ်ရေးဝအောင်အိပ်ဖို့၊ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်ဖို့တွေကလည်း အရေးကြီးပါတယ်။ အရာရာတိုင်းကို စိတ်ပျက်လက်ပျက်ခံစားနေရရင် သင့်စိတ်ခံစားချက်တွေကို သင့်ခင်ပွန်းနဲ့ မိသားစုဝင်တွေကို ပြောပြဖို့ မတွေဝေပါနဲ့။ သင့်ခံစားနရတာတွေကို သူတို့သိမှသာ သင့်အခြေအနေကို ပိုနားလည်ပြီးဖေးမပေးနိုင်မှာဖြစ်ပါတယ်။ ဘဝမှာ သင်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ အမှတ်ရနေပေးပါ။

ကိုယ့်စိတ်နဲ့ ခန္ဓာကိုယ်အတွက်ကောင်းမွန်ပြီး ကိုယ့်စိတ်ပျော်ရွှင်တဲ့အရာတွေအတွက်လည်း အချိန်ပေးပါ။ ဥပမာအားဖြင့် ကလေးကြည့်ပေးမယ့်သူရှိတဲ့အခါ အပြင်သွားပြီး ကိုယ်စိတ်ပျော်ရွှင်တဲ့ ကိစ္စလေးတွေလုပ်တာမျိုး၊ အိမ်မှာပဲ သီချင်းနားထောင်တာ၊ သီချင်းဆိုတာမျိုးလို ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးတာမျိုးပေါ့။ 

မိသားစုဝင်တွေအတွက် အကြံပြုချက်

မိသားစုဝင်တွေကလည်း မိခင်ကို လူမှုပတ်ဝန်းကျင်နဲ့ ကင်းကွာပြီး အထီးကျန်ခံစားရတာမျိုး မရှိအောင် သေချာစောင့်ရှောက်ပေးဖို့ အရေးကြီးပါတယ်။ ကလေးအမေကို စိတ်ရောကိုယ်ပါ သက်သောင့်သက်သာဖြစ်အောင်  ပံ့ပိုးပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။ မိခင်တစ်ယောက်ကို ပြစ်တင်ဝေဖန်မယ့်အစား သူ့ရဲ့ လိုအပ်ချက်နဲ့ ပူပန်မှုတွေကို စိတ်ပါလက်ပါ နားထောင်ပေးပြီး သင်တို့ဟာသူ့ကို ကူညီဖို့အသင့်ရှိတယ်ဆိုတာ အသိပေးပါ။ နေ့စဥ်ကလေးပြုစုစောင့်ရှောက်မှုမှာ ကူညီပေးပြီး မိခင်ဖြစ်သူ စိတ်ရောကိုယ်ပါ အနားရနိုင်အောင် ကူညီပေးပါ။

ဘယ်ချိန်မှာ သင့်ရဲ့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်မလဲ

 Baby Blueခံစားရတာ နှစ်ပတ်ထက်ပိုပြီး ကြာလာခဲ့ရင် ကိုယ့်မှာဖြစ်နေတဲ့အခြေအနေတွေကို ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ သေချာ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ နှစ်ပတ်အတောအတွင်း သင့်စိတ်ခံစားချက်အခြေအနေတွေ ပြင်းထန်နေတယ်လို့ ယူဆရင်လည်း ကျွမ်းကျင်သူနဲ့ ဆွေးနွေးပြီး အကြံဉာဏ် ရယူခြင်းက ပြဿနာဖြေရှင်းဖို့ အထောက်အကူဖြစ်စေမှာပါ။

ကလေးမီးဖွားရခြင်းနဲ့ မွေးကင်းစ ကလေးကိုပြုစုစောင့်ရှောက်ရခြင်းက စိန်ခေါ်မှုတစ်ခုပါပဲ။ ဒီကာလမှာ အပြုသဘောမဆောင်တဲ့ ဝေဖန်မှုတွေကို လျစ်လျှူရှုပြီး  Baby Blue ဟာ မိခင်ဘဝမှာ ဖြတ်ကျော်ရမယ့် သဘာဝဖြစ်စဥ်သာဖြစ်တယ်ဆိုတာ သဘောပေါက်လက်ခံရင်ဆိုင်ဖို့ အကြံပြုလိုက်ပါတယ်။


Share

Comments

Zan's May May

ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရတဲ့ Baby Blue ကာလလေးကို မေမေတွေဖြတ်သန်းနိုင်ဖို့ စိတ်ကိုအရင်ဆုံးကြိုတင်ပြင်ဆင်သင့်ပါတယ် မလွဲမသွေကြုံတွေ့လာခဲ့ရင် ကိုယ်ချစ်တဲ့ရင်သွေးလေးကိုတောင် မုန်းနေမိတဲ့စိတ်လေးဟာ ခဏတာပါပဲဆိုတာထိန်းချုပ်ရင်း အချိန်အခိုက်အတန့်လေးကို ဖြတ်ကျော်လိုက်ပါ

Pinn Pinn

သမီးလေးမွေးပီး ကိုယ်တိုင် ခံစားခဲ့ရတာမို့ အထီးကျန်ဆန်ပီး စိတ်ဓာတ်ကျခဲ့တဲ့ကာလကို အချိန်အတော်ကြာခံစားခဲ့ရဖူးတာကြောင့် ဒီဆောင်းပါးလေးကို ကလေးမွေးပြီးကာစမိခင်များဖတ်သင့်ပါတယ်

Kyal Sin Thoon

ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရလို့ BabyBlueရဲ့ဆိုးဝါးလှတဲ့ခံစားချက်ကြီးကိုအရမ်းကြောက်မိတယ်။အဲ့ဒီအချိန်ကသာဒီဆောင်းပါးကိုဖတ်ခဲ့ရရင်ကိုယ့်ကိုယ်ကိုယ်ထိခိုက်စေမယ့်စိတ်တွေ ဖြစ်ခဲ့မိမှာမဟုတ်ဘူး။မီးဖွားပြီးစခံစားရတတ်တဲ့Baby Blueကိုမိခင်တိုင်းမခံစားရဖို့ဒီဆောင်းပါးလေးကိုလဲတတ်နိုင်သလောက်မျှဝေပေးချင်ပါတယ်။

Related Posts