ခန္တာကိုယ်အပူချိန်ကို ထိန်းညှိလျော့ချဖို့ရာ

Posted in ကျန်းမာရေး, အထွေထွေကျန်းမာရေး


ရာသီဥတုပူခြင်းဟာ နေရထိုင်ရ မကောင်းရုံ၊ သက်တောင့်သက်သာ မရှိရုံတင်မက ကျန်းမာရေးအတွက်ပါ ဆိုး ကျိုး သက်ရောက်မှုတွေ ရှိပါတယ်။ ပြင်ပအပူချိန် မြင့်တက်လာတာနဲ့အမျှ (ဖျားတာမဟုတ်ဘဲ) ခန္တာကိုယ် အပူ ချိန် မြင့်တက်လာနိုင်ပါတယ်။ လူ့ခန္တာကိုယ်မှာ အပူချိန် အလွန်မြင့်တက်လာတဲ့အခါ ချွေးထွက်လွန်တာ၊ ပင်ပန်း နွမ်းနယ်တာ၊ မအီမသာဖြစ်တာ၊ ပျို့အန်ချင်တာ၊ ခေါင်းမကြည်/ခေါင်းကိုက်တာ၊ ကြွက်သားတွေ တောင်တင်း တာ စတာတွေကို ခံစားရတတ်ပါတယ်။ ဒီလိုအချိန်တွေမှာ သွေးဖိအားလည်း ကျသွားမယ်ဆို နှလုံးဖောက်သွား တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျန်းမာရေးအတွက် ဒီလိုအရေးကြီးတဲ့ ခန္တာကိုယ်အပူချိန်ကို ထိန်းညှိလျော့ချဖို့ ဘာတွေ လုပ်ဆောင်ရမလဲ ကြည့်လိုက်ကြရအောင်။

နေထိုင်မှုမှာ သတိပြုစရာ

နွေရာသီဆိုတာ အိမ်ထဲမှာ ထိုင်နေရင်းနဲ့တောင် ပူနေတဲ့ ရာသီပါ။ လျှပ်စစ်ပစ္စည်းတွေရဲ့ အကူအညီဆိုတာလည်း အခါခပ်သိမ်း အားကိုးလို့မရတဲ့ အခါ အိမ်ဂေဟာကို သဘာဝအတိုင်းအေးမြစေဖို့ နည်းလမ်းလေးတွေကိုလည်း သိထားသင့်တာပေါ့။ တစ်နေ့တာရဲ့  အပူဆုံးအချိန်အပိုင်းအခြားတွေလို့ ပြောလို့ရတဲ့ နေ့လယ် ၁၁ နာရီကနေ ၃/၄ နာရီအတွင်း တတ်နိုင်ရင် အပြင်မထွက်တာ အကောင်းဆုံးပါ။ မဖြစ်မနေ အပြင်ထွက်တဲ့အခါလည်း ဗြက် ကျယ်တဲ့ ဦးထုပ်၊ ထီး (သို့) အင်္ကျီလက်ရှည်၊ ရေဘူး စတာ တွေ ကိုလည်း မပါမဖြစ် ယူဆောင်သွားဖို့ အကြံပြု ချင်ပါတယ်။ ဒီရာသီက အရမ်းပူတာကြောင့် အပြင်ထွက်တဲ့အခါ  ကလေးငယ်တွေနဲ့ တိလေးတွေကို ကားထဲမှာ သော့ပိတ်မထားခဲ့သင့်ပါဘူးနော်။ ဒါ့အပြင် အပူချိန်အမြင့်ဆုံးအချိန်တွေမှာ ကိုယ်လက်လှုပ်ရှား အားကစားလုပ် တာ မျိုးကိုလည်း ရှောင်ကြဥ်ဖို့ လိုပါတယ်။

စားသောက်မှုမှာ သတိပြုစရာ

ရေဓာတ်ဟာ လူ့ခန္တာကိုယ်မှာ အလွန်အ‌ရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်တာကြောင့် ချွေးထွက်များပြီး ရေဓာတ် မဆုံးရှုံးအောင် အရည်ရွှမ်းတဲ့ အသီးအနှံတွေ၊ ဝမ်းအေးစေမယ့် အစားအစာတွေ စားသုံးပေးဖို့ လိုအပ်ပါတယ်။

  • ဖရဲသီးတစ်လုံးမှာ ရေဓာတ် ၉၂ % ပါဝင်တာကြောင့် ဖရဲသီးစိတ် ချိုချိုလေးတွေပဲ စားစား၊ ဖရဲသီး ဖျော် ရည်ပဲ လုပ်သောက်သောက် ရေဓာတ်ပြည့်ဝစေမှာ အသေချာပါပဲ။
  • ရာသီစာလည်းဖြစ်၊ အရသာလည်း ကောင်းလို့ လူကြိုက်များကြတဲ့ ကြံရည်ဟာလည်း ရေဓာတ်ဖြည့် ပေးနိုင်တဲ့ အပြင် အပူငြိမ်း၊ ဝမ်းအေးစေလို့ နွေရာသီမှာ ကြံရည်ချိုချိုလေး သောက်သင့်ပါတယ်။
  • အရည်ရွှမ်းတဲ့ အသီးတွေထဲမှာ သလဲသီးလည်း ပါဝင်လို့ သလဲသီးစားတာ (သို့) သလဲသီးဖျော်ရည် သောက်တာကလည်း ရေဓာတ်ပြည့်ဝပြီး အပူငြိမ်းစေပါတယ်။
  • မနက်အိပ်ရာထချိန် သံပုရာရည်တစ်ခွက် သောက်ပေးခြင်းဖြင့် ရေဓာတ်ပြည့်ဝပြီး ဝမ်းအေးစေတဲ့ အပြင် သံပုရာသီးမှာ ပါဝင်တဲ့ ဗီတာမင်စီကြောင့် ကိုယ်ခံအားကောင်းမွန်ပြီး လန်းဆန်းစေပါတယ်။
  • အုန်းသီးထဲကရေတွေ ဘယ်သူလာထည့်သွားလဲဆိုတာ ကလေးဘဝရဲ့ စိတ်ဝင်စားဖွယ် မေးခွန်းတစ်ခု ဖြစ်သလို အုန်းရည်ကတော့ အချိန်တိုင်းအတွက် ရေဓာတ်ဖြည့်ဖို့အကောင်းဆုံး သဘာဝသောက်စရာ တစ်ခုပါ။
  • မုန်လာဥဖြူက ရေဓာတ်ကြွယ်ဝတဲ့ အစားအစာလည်းဖြစ်၊ ဝမ်းလည်းအေးစေလို့ နွေပူပူမှာ ဟင်းရည် ပူပူတွေသောက်မယ့်အစာ မုန်လာဥဟင်းရည် အေးအေးလေး သောက်ဖို့ အကြံပေးချင်ပါတယ်။

သခွားသီး၊ ဘူးသီး၊ ခရမ်းချဥ်သီး၊ ငရုတ်ပွသီး၊ ပဲသီးအမျိုးမျိုး၊ ဟင်းနုနွယ်၊ ဘူးရွက် အစရှိတဲ့ အသီးအရွက် အမျိုးမျိုးကလည်း ရေဓာတ်ပြည့်ဝစေလို့ နွေရာသီမှာ စားသုံးသင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

ဝတ်ဆင်မှုမှာ သတိပြုစရာ 

ပူပြင်းတဲ့ ရာသီမှာတော့ အသား‌အေးပြီး ပွယောင်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်သင့်တယ်ဆိုတာ ပြော စရာ မလိုအောင်ပါပဲ။ ချည်သားပွပွ၊ စတိုင်လည်းကျ သက်တောင့်သက်သာလည်းရှိတဲ့ လီနင်သား အဝတ် အထည်တွေ၊ ဂါဝန်ရှည်တွေက နွေရာသီအတွက် မရှိမဖြစ်ပဲပေါ့။ ကြပ်တောက်ပြီး သက်တောင့်သက်သာ မရှိတဲ့ အဝတ်အစားတွေကို တော့ ရှောင်ဖို့ လိုပါမယ်။ သြော် ပြီးတော့လေ နေပူထဲ ထွက်ရတဲ့အခါ နေကာ မျက်မှန်ဝတ်ဆင်ဖို့လည်း အကြံပေးချင်ပါတယ်။ နုနယ်တဲ့ မျက်လုံးကို နေရောင် ပြင်းပြင်း ဒဏ်က ကာကွယ် ဖို့ လိုအပ်တာပေါ့။ အရောင်တွေရွေးချယ်တဲ့အခါမှာလည်း အပူစုပ်စေမယ့် အနက်၊ အနီတို့လို အရောင်တော က်တောက်တွေထက် အသားရောင်၊ အဖြူ၊ အညိုဖျော့ စတဲ့ မျက်စိအေးစေမယ့် သဘာဝဆန်ဆန် အရောင် လေးတွေကို ရွေးဝတ်သင့်ပါတယ်။

တစ်နှစ်ထက်တစ်နှစ် ပိုပူပြင်းလာတဲ့ ကမ္ဘာကြီးမှာ အပူလွန်ကဲမှုကြောင့် ကျန်းမာရေး မထိခိုက်ရလေအောင် အစစအရာရာ သတိပြုနေထိုင်ဖို့ လိုအပ်ပါတယ်။ နည်းလမ်းမျိုးစုံသုံးပြီး မိမိတကိုယ်စာ အဆင် ပြေအောင် နေထိုင်လို့ရပေမယ့် ကမ္ဘာကြီးကတော့ ဆက်လက်ပူနွေးနေဦးမှာပါပဲ။ အမှန်တကယ်ကောင်းမွန်တဲ့ ရာသီဥတု မျှခြေဖြစ်ဖို့အတွက်ဆို နေ့စဥ်ဘဝမှာ ကမ္ဘာမြေကို မထိခိုက်စေမယ့်၊ ထိခိုက်မှုနည်းစေမယ့် စားသောက်နေထိုင်မှု ပုံစံတွေကို လုပ်ဆောင်သွားကြဖို့ လိုအပ်ပါတယ်။


Share

Comments

Related Posts