ကလေးများနှင့် ခဲဆိပ်တက်ခြင်း

Posted in မိဘအုပ်ထိန်းခြင်း


စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအတွက်ပါ ဆိုးကျိုးတွေရှိနေတဲ့ ခဲဆိပ်တက်တယ်ဆိုတာဟာ လူကြီး၊လူငယ်မရွေး ဖြစ်တတ်ပြီး အသက်အန္တရာယ်ပါ ထိခိုက်နိုင်တာပါ။ ငယ်ရွယ်သေးတဲ့ ကလေးတွေကလည်း တွေ့ရာ ပစ္စည်းတွေ လိုက်ဆွဲပြီး ကိုင်တွယ်တာ၊ ပါးစပ်ထဲ ထည့်တာမျိုး လုပ်တတ်ကြတာမို့ ပိုအန္တရာယ်ကြီးနိုင်တဲ့အတွက် မိဘတွေအနေနဲ့ သတိထားဂရုပြုပေးဖို့ လိုပါတယ်။ သူတို့လေးတွေ ရှူရှိုက်တဲ့လေ၊ အသုံးပြုတဲ့ပစ္စည်းတွေထဲမှာ ခဲဓာတ်တွေ ပါနေတာမျိုးဆို ကလေးရဲ့ ကျောက်ကပ်နဲ့ အာရုံကြောဆိုင်ရာကျန်းမာရေးအတွက်လည်း စိုးရိမ်ရတဲ့အပြင် လေ့လာသင်ယူမှုနဲ့ တိုးတက်ဖွံ့ဖြိုးမှုအတွက်လည်း အနှောင့်အယှက်ဖြစ်စေတာပါ။ လူကြီးတွေတောင် မသိလိုက်၊ မသိဘာသာနဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ပစ္စည်းတွေကနေ ခဲဓာတ်တွေ ခန္ဓာကိုယ်ထဲ စိမ့်ဝင်ပြီး ခဲဆိပ်သင့်နိုင်တာမို့ နုနယ်တဲ့ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မေမေတွေပါ မကျန် အန္တရာယ်ပိုကြီးနိုင်တဲ့ ခဲဆိပ်တက်ခြင်း ဂရုပြုနိုင်ဖို့ နည်းအသွယ်သွယ်ကို ကြည့်ကြည့်လိုက်ရအောင်။

ဘယ်အရွယ်တွေမှာ အဖြစ်များလဲ

ခဲဓာတ်ဟာ အသက်အရွယ်မရွေး လူတိုင်းအတွက် အန္တရာယ်ပေးနိုင်ပေမယ့် အသက် ၆နှစ်‌‌အောက် ကလေးတွေမှာ ပိုအဖြစ်များတတ်ပြီး ပိုလည်း အန္တရာယ်ကြီးပါတယ်။ ဘာကြောင့်ဆို ဒီအရွယ်လေးတွေက တခြားအရွယ်ရောက်ပြီး ကလေးတွေ၊ လူကြီးတွေထက် ခဲဓာတ်ကို ပိုစုပ်ယူနိုင်တာပါ။ အသက် ၉လ ကနေ ၂နှစ်အထိ လေးဘက်ထောက်၊ တွားသွားတတ်ကြတဲ့ အရွယ်လေးတွေက ကြမ်းပြင်ပေါ် လူးလိမ့်သွားတတ်ကြတာမို့ ခဲဓာတ်ပါဝင်တာတွေလည်း တွေ့ရာ ကိုင်ဆွဲတတ်၊ ပါးစပ်ထဲ ထည့်တတ်ပါသေးတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေမှာလည်း မိခင်က ခဲဓာတ်ပါဝင်တဲ့ အစားအသောက် တစ်ခုခုစားမိတာ၊ အရင်က ခဲဓာတ်ထိတွေ့မှု ရှိဖူးတာမျိုးဆို မိခင်နဲ့ ကလေးအတွက် ကျွမ်းကျင်ရာ ဆရာဝန်နဲ့ ပြသပြီး ကိုယ်တွင်း ခဲဓာတ်ပမာဏကို စစ်ဆေးသင့်တာပါ။ 

သိထားသင့်တဲ့ ခဲဓာတ်ပါတဲ့ ပစ္စည်းတွေ

ပတ်ဝန်းကျင်မှာ ခဲဓာတ်ပါဝင်မှုများတဲ့ ပစ္စည်းတွေက ထင်မထားမိဘဲ ရှိနေနိုင်တာမို့ လူကြီး၊ လူငယ်မရွေး ကြိုသတိထားမိပြီး ရှောင်ကြဥ်ဖို့ လိုပါသေးတယ်။ အိမ်တွေမှာ တွေ့ရတတ်တဲ့ ခဲနဲ့ အဓိကထားလုပ်ထားတဲ့ အိမ်သုတ်ဆေး၊ ဘတ်ထရီအိုး၊ ကြွေအိုး၊ ကြွေခွက် စတာတွေကို အထိအတွေ့၊ အကိုင်အတွယ်များမယ်ဆို တတ်နိုင်သလောက် ခန္ဓာကိုယ်ထဲ ခဲဓာတ်တွေ မစိမ့်ဝင်အောင် ဂရုပြုရမှာပါ။ လက်သည်းနီ၊ နှုတ်ခမ်းနီ စတဲ့ အလှအပဆိုင်ရာ ပစ္စည်းတွေနဲ့ ကလေးကစားစရာအချို့ တွေမှာပါ ခဲဓာတ်တွေပါဝင်တတ်တာမို့ မပေါ့ဆသင့်ပါဘူး။ နေ့စဥ်သောက်သုံးနေတဲ့ရေမှာလည်း ခဲနဲ့ဆက်ထားတဲ့ ကြေးနီပိုက်တွေ အသုံးပြုထားတယ်ဆို သောက်ရေမှာ ခဲဓာတ်ပါဝင်နိုင်ခြေများတာမို့ သန့်စင်စစ်ဆေးပြီး သောက်ဖို့ အရေးကြီးပါတယ်နော်။ 

လက္ခဏာများ

ခဲဆိပ်သင့်တဲ့ ကလေးအများစုမှာ လက္ခဏာထင်ထင်ရှားရှား မပြတတ်ပါဘူး။ အင်မတန်နည်းပါးတဲ့ ခဲဓာတ်တွေ ကိုယ်ခန္ဓာထဲ စိမ့်ဝင်ပြီဆိုရင်တောင် ကလေးတွေမှာ သူတို့တိုးတက်ဖွံ့ဖြိုးမှုနဲ့ အာရုံစူးစိုက်နိုင်မှုတွေမှာ ထိခိုက်မှုရှိလာနိုင်တာမို့ မပေါ့ဆသင့်တာပါ။ ခဲဆိပ်သင့်ပြီဆို အစာစားချင်စိတ်မရှိတာ၊ မူးဝေပျို့အန်တာ၊ ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာ၊ ဝမ်းချုပ်တာ၊ ကြွက်သားတွေ အားနည်းနာကျင်တာ၊ ဂနာမငြိမ်ဖြစ်တာတွေကို ခံစားရတတ်ပါတယ်။ ဒီ့ထက် ပိုပြီးကိုယ်တွင်းမှာ ခဲဓာတ်ပမာဏများများနဲ့ ခဲဆိပ်သင့်ပြီဆို စိတ်ရှုပ်ထွေးတာ၊ ရုတ်တရက်သတိလစ်တာ၊ ကိုမာနဲ့ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တာမို့ အန္တရာယ်များလှပါတယ်နော်။ ဒါကြောင့်မို့ ကလေးတွေမှာ ၁နှစ်ကနေ ၂နှစ်အတွင်း ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ရင်း အပေါ် ကလက္ခဏာတွေကို ဆန်းစစ်ကြည့်ကာ လိုအပ်သလို သွေးစစ် စစ်ဆေးကြည့်ဖို့ အကြံပြုချင်ပါတယ်။

ကာကွယ်နည်းများ

ကလေးငယ်လေးတို့ ခဲဆိပ်တတ်တာကနေ အတတ်နိုင်ဆုံးကာကွယ်ဖို့အတွက် အစားမစားခင်နဲ့ အချိန်တိုင်း တစ်ခုခုကိုင်တွယ်ပြီးတိုင်း လက်ဆေးဖို့လိုအပ်ပြီး ပါးစပ်ထဲ တွေ့ရာလျှောက်ထည့်ပြီး မဆော့နေဖို့ ဂရုစိုက်ပေးရမှာပါ။ အိမ်သားတိုင်း သောက်သုံးနေတဲ့ ရေမှာလည်း ခဲဓာတ်ပါဝင်မှု မရှိအောင် သန့်စင် စစ်ဆေးထားဖို့လိုပြီး အိမ်မှာ ခဲနဲ့ တွဲဆက်ထားတဲ့ ရေပိုက်တွေသုံးထားတယ်ဆို ပိုက်ဖွင့်ဖွင့်ချင်း ထွက်လာတဲ့ရေကို မသုံးဘဲ ၁မိနစ်လောက် အရင် ဖွင့်ချထားပြီးမှ သုံးတာ အကောင်းဆုံးပါ။ အိမ်တွင်း အိမ်ပြင်နဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ကလေးပစ္စည်းနဲ့ အရုပ်လေးတွေကိုလည်း ပုံမှန်သန့်ရှင်းနေဖို့ လိုအပ်ပြီး အစားအသောက်အနေနဲ့လည်း ခဲဓာတ်လျော့ချနိုင်တဲ့ သံဓာတ်နဲ့ ကယ်ဆီယမ်ဓာတ် ပေါများတဲ့အစားအသောက်တွေ စားပေးနိုင်ဖို့ လိုပါတယ်။

ခဲဆိုတာ ပတ်ဝန်းကျင်မှာ လူအများအသုံးပြုနေကြတဲ့ ပစ္စည်းတစ်ချို့မှာ ပါဝင်တတ်တဲ့ သတ္တုတစ်မျိုးဖြစ်ပြီး သတိမထားမိဘဲ လူ့ခနွာကိုယ် ရောက်သွားရင် အန္တရာယ်ပြုနိုင်တဲ့အရာ ဖြစ်ပါတယ်။ ကလေးတွေရော၊ လူကြီးတွေအတွက်ပါ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေများပြားလှတဲ့ ဒီလို ခဲဆိပ်သင့်ခြင်းမဖြစ်ရအောင် အပေါ် မှာပြောပြထားတဲ့ အချက်လေးတွေ ဆန်းစစ်ကြည့်ပြီး အတတ်နိုင်ဆုံးကာကွယ်နိုင်ကြဖို့ ဒီဆောင်းပါးလေးက တစ်ဆင့် ‌ဖော်ပြလိုက်ပါတယ်နော်။


Share

Comments

Related Posts