ဟင်းပွဲတွေကို ပိုအရသာရှိသွားစေမယ့် လွယ်လွယ်ကူကူ ဆော့စ်လုပ်နည်းများ

Posted in အစားအစာ


ဟင်းချက်ပြီးတိုင်း ဟင်းပွဲနဲ့လိုက်ဖက်မယ့် ဆော့စ်တွေ ခက်ခက်ခဲခဲစဉ်းစားစရာမလိုတော့ဘူးနော်။ ပါဝင်ပစ္စည်း နည်းနည်းနဲ့ အလွယ်တကူလိုက်လုပ်လို့ရတဲ့ ဆော့စ်လုပ်နည်းလေးတွေကို အိမ်ရှင်မတို့အတွက် မျှဝေပေးလိုက်ပါတယ်။ ဟင်းပွဲအလိုက် လိုက်ဖက်တဲ့ ဆော့စ်တွေကို ရွေးချယ်လို့ရပြီး ကိုယ့်အိမ်မှာပဲ လုပ်တာဆိုတော့ သန့်သန့်ရှင်းရှင်းနဲ့ အန္တရာယ်ကင်းကင်း စားလို့ရပြီလေ။

သံပုရာငရုတ်သီးစိမ်းချဉ်

ပင်လယ်စာတွေနဲ့ အင်မတန်လိုက်ဖက်တဲ့ ဆော့စ်လေး …

လုပ်နည်းက ငရုတ်သီးစိမ်းနဲ့ ဆားအနည်းငယ်ကို ငရုတ်ဆုံထဲ ထည့်၊ ကြေအောင်ထောင်းပြီး ကြံသကာရည်နဲ့ ‌ရောမွှေပေးပါ။ နောက်ဆုံးမှ သံပုရာသီးညှစ်ပေးလိုက်ရုံပါပဲ။

ဘိတ်ချဉ်

ပဲငံပြာရည်အကြည်၊ ရှာလကာရည်၊ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူတို့ကို ရေမရောပဲ အလွယ်တကူပြုလုပ်လို့ရတဲ့ ဆော့စ်ပါ။ ထမင်းပေါင်း၊ ထမင်းကြော်တို့နဲ့ တွဲစားရင် အရသာရှိနေရော။ ဆော့စ်ကို များများလုပ်ထားပြီး ပုလင်းလေးနဲ့စိမ်ထားမယ်ဆိုရင် ကြာကြာလည်း အသိမ်းခံပါတယ်။ 


မန်ကျည်းချဉ်

အရင်ဆုံး မန်ကျည်းသီးကို (၅)မိနစ်လောက် ရေနွေးနဲ့စိမ်ထားပါ။ ပြီးရင် အဖတ်တွေစစ်ထုတ်ပြီး ငံပြာရည်၊ ငရုတ်သီးစိမ်း ပါးပါးလှီးပြီး မွှေပါမယ်။ နောက်ဆုံးမှာ နံနံပင်လေးထည့်ပြီးရင် အအီပြေ၊ စားမြိန်စေတဲ့ မန်ကျည်းချဉ်ရပါပြီ။

မြေပဲချဉ်

အသားကင်၊ ငါးကင်တို့နဲ့ ချဉ်ချဉ်ဆိမ့်ဆိမ့်၊ မြေပဲနံ့မွှေးတဲ့ ဆော့စ်လေး စားချင်တယ်ဆို ဒီလုပ်နည်းကလည်း အလွယ်‌လေးပါပဲ။

မန်ကျည်းရည်ပျစ်ပျစ် ဖျော်ထားတဲ့ထဲကို ကြက်သွန်ဖြူ၊ ဂျင်း၊  ငရုတ်သီးစိမ်း၊ သကြား (သို့) ထန်းလျက်၊ ဆား၊ မြေပဲထောင်း၊ နှမ်းလှော်နဲ့ နံနံပင် ပါးပါးလှီးထားတာတွေကို သမအောင် ရောမွှေပေးရမှာပါ။

ငရုတ်ကြက်သွန်ချဉ်

ကြက်သွန်ဖြူကို အခွံခွာပြီး ငရုတ်သီးစိမ်း (သို့) အနီ၊ ခရမ်းချဉ်သီးတို့ကို လှီးဖြတ်ပြီး ရောမွှေလိုက်ပါ။ ကြိတ်စက်သုံးရင် ပိုကောင်းပါတယ်။ ပြီးရင် အားလုံးကို ဆီသတ်ပြီး ငရုတ်ကောင်း၊  ရှာလကာရည်နဲ့ ဆားအနည်းငယ်ထည့်လိုက်ပါ။ စားခါနီး နံနံပင်၊ ပူစီနံတို့ကို ဆော့စ်ထဲဖြူးစားရင် ဝက်သားတုတ်ထိုး၊ အသုပ်တွေနဲ့ဆို သိပ်လိုက်ပါတယ်။

မန်ကျည်းနှစ်ချဉ်

ဘူးသီးကြော်နဲ့ တွဲစားရင် အလွန်လိုက်ဖက်တဲ့ ဆော့စ်လုပ်နည်းလေးပါ။ မန်ကျည်းအနှစ်ကို စားပွဲတင်ဇွန်း (၁၀)ဇွန်း ထည့်ပြီး ရှာလကာရည်ကို ရောထည့်ပါ။ အချိုအတွက် ထန်းညက် သို့ ပျားရည် သို့ သကြား သုံးလို့ရပါတယ်။ ပြီးရင် ပါဝင်ပစ္စည်းတွေကို ညက်နေအောင် ရောမွှေပေးပြီး ငရုတ်သီးအစိမ်းမှုန့်နဲ့ ဆားကို ကြိုက်ရင် ထပ်ထည့်လို့ရပါတယ်။ စားခါနီး ဆော့စ်ထဲ ငရုတ်သီးစိမ်းညှပ်ထည့်ပြီး ပူစီနံ (သို့) နံနံပင် ဖြူးလိုက်ရင် အအီပြေ မန်ကျည်းချဉ်လေးရပါပြီ။ 

ကဲ…… ဟင်းပွဲတွေရဲ့ အရသာကို ပိုကောင်းအောင် ပံ့ပိုးပေးမယ့် လိုက်ဖက်တဲ့ နှစ်သက်ရာဆော့စ်တွေ‌‌ရွေးပြီး အိမ်မှာပဲ လွယ်လွယ်ကူကူ၊ အရသာရှိရှိ လုပ်စားလို့ရပြီပေါ့။ 


Share

Comments

Related Posts