သက်ကြီးပိုင်းတွေရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများ

Posted in ကျန်းမာရေး, စိတ်ကျန်းမာရေး


စိတ်ကျန်းမာရေးဆိုတာ လူတိုင်းအတွက်အရေးပါတဲ့အခန်းကဏ္ဍတစ်ခုပါ။ ဒါပေမဲ့ လူကြီးတွေအများစုမှာ ကြုံရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေကို လူတော်တော်များများက အသက်ကြီးလာလို့ဖြစ်တာပဲဆိုပြီး လျစ်လျူရှုတတ်ကြပါတယ်။ ဒါကြောင့် ကိုယ်ချစ်ရတဲ့ ဆွေမျိုးသားချင်းထဲကပဲဖြစ်စေ၊ အသိမိတ်ဆွေထဲကပဲဖြစ်စေ သက်ကြီးပိုင်းတွေရှိမယ်ဆိုရင် သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို  အထူးဂရုစိုက်ပြီး စောင့်ရှောက်ပေးဖို့လိုပါတယ်။ အဲဒီလိုစောင့်ရှောက်ပေးဖို့အတွက် လူကြီးတွေမှာအဖြစ်များတဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို အားလုံးသတိထားရအောင် မျှဝေပေးလိုက်ပါတယ်။

စိတ်ဓာတ်ကျခြင်း

စိတ်ဓာတ်ကျတာက အသက်အရွယ်တိုင်းမှာ ဖြစ်တတ်တယ်ဆိုပေမယ့် သက်ကြီးပိုင်းတွေရဲ့ စိတ်ကျဝေဒနာကို အများစုက သတိမထားမိတာမျိုး ဖြစ်တတ်ပါတယ်။ လူကြီးတွေ အမြဲမှိုင်တွေနေတာမျိုး၊ ဘာကိုမှ စိတ်ဝင်တစား မရှိတော့တာမျိုး၊ အစားစားချင်စိတ် မရှိတာမျိုး၊ ညဘက်အိပ်မပျော်တာမျိုး (ဒါမှမဟုတ်) မျှော်လင့်ချက်ပျောက်ကွယ်သလိုမျိုးဖြစ်နေတာကို သတိထားမိရင် ဂရုစိုက်ပေးသင့်ပါတယ်။ ဒီလို စိတ်ကျဝေဒနာလက္ခဏာတွေ စပြီးဖြစ်လာတာနဲ့ လူကြီးတွေကို စိတ်ပိုင်းဆိုင်ရာခွန်အားဖြစ်စေမယ့် အားပေးစကားမျိုးပြောပေးပြီး သူတို့ ဘယ်လိုအကူအညီလိုအပ်လဲဆိုတာကို ပွင့်ပွင့်လင်းလင်းမေးသင့်ပါတယ်။

စိတ်လှုပ်ရှားခြင်း

လူကြီးတွေက လူငယ်တွေထက်ပိုပြီး စိတ်ပိုင်းဆိုင်ရာအနေနဲ့ စိတ်ပူတာတွေ၊ စိတ်ရှုပ်တာတွေနဲ့ အာရုံစူးစိုက်ရခက်တာမျိုးတွေဖြစ်တတ်သလို ရုပ်ပိုင်းဆိုင်ရာအနေနဲ့လည်း ကတုန်ကရင်ဖြစ်တာမျိုးတွေ ကြုံရတတ်ပါတယ်။ လူကြီးတွေအတွက် စိတ်လှုပ်ရှားခြင်းဟာ ထုတ်ဖော်ပြောပြဖို့ခက်ခဲတဲ့အရာဖြစ်လို့ သူတို့ခံစားနေရတာတွေကို ပွင့်လင်းစွာ ရင်ဖွင့်ပြီး အဖြေရှာလို့ရမယ့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့လိုအပ်ပါတယ်။

မှတ်ဉာဏ်အားနည်းခြင်း

အလွယ်တကူမေ့တတ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ လုပ်ဆောင်နေကျကိစ္စများကို မလုပ်နိုင်တော့ခြင်းနဲ့ စိတ်အသွင်ပြောင်းလဲခြင်း စတဲ့ လက္ခဏာတွေဟာ အသိဉာဏ်ကျဆင်းခြင်းရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ နောက်ပြီး လူကြီးတွေမှာ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမန်မေ့လွယ်တာမျိုးနဲ့ အသိဉာဏ်ပိုင်းဆိုင်ရာ အားနည်းမှုမျိုးကို ခွဲခြားသိထားဖို့လိုအပ်ပါတယ်။ ဒါကြောင့် ပုံမှန် ဦးနှောက်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ၊ အသိဉာဏ်အားကောင်းစေမယ့်လေ့ကျင့်ခန်းတွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ ပြသမှုတွေကို အချိန်မီလုပ်ဆောင်ပြီး အသိဉာဏ်ကျဆင်းခြင်းကို တတ်နိုင်သမျှကာကွယ်ပေးသင့်ပါတယ်။

လူ့အဖွဲ့အစည်းနဲ့ ဝေးကွာလာခြင်း

အသက်ကြီးတွေသူတွေမှာ ချစ်ရတဲ့သူတွေကို ဆုံးရှုံးရခြင်း၊ ပင်စင်ယူရခြင်း အစရှိတဲ့ ဘဝတစ်ဆစ်ချိုး အပြောင်းအလဲတွေအပါအဝင် ငယ်စဉ်ကလို မလှုပ်ရှားနိုင်တော့တဲ့ ခန္ဓာကိုယ်ရဲ့အားနည်းမှုတွေကြောင့် လူ့အဖွဲ့အစည်းနဲ့ တဖြည်းဖြည်းဝေးကွာလာတတ်ပါတယ်။ အဲဒီလို လူအများနဲ့ ဝေးကွာလာတဲ့အခါ အိမ်ထဲက အိမ်ပြင်မထွက်တော့တာမျိုး၊ အရင်ကလုပ်နေကျ ဝါသနာပါရာကိစ္စတွေပါမလုပ်ချင်တော့တာမျိုးက အစရှိလို့ လူတွေနဲ့ပါ အဆက်အသွယ်မလုပ်ဖြစ်တော့တာမျိုးပါဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ်ချစ်ရတဲ့ အဘိုး၊အဘွားနဲ့ လူကြီးတွေကို စကားပုံမှန်ပြောပေးခြင်း၊ အသိမိတ်ဆွေများနဲ့ မိတ်ဆုံစားပွဲများ စီစဉ်ပေးခြင်း၊ အနီးကပ် ဂရုတစိုက်ဖေးမအားပေးခြင်းတို့ကို ပြုလုပ်ပေးပြီး သူတို့ရဲ့ အထီးကျန်မှုနဲ့စိတ်ပိုင်းဆိုင်ရာဝေဒနာများကို လျော့ကျအောင်ပြုစုပေးသင့်ပါတယ်။

ကိုယ်ချစ်ရတဲ့ အဘိုး၊အဘွားနဲ့ လူကြီးတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ပိုင်းဆိုင်ရာရောဂါ လက္ခ္ခဏာတွေကို အချိန်မီသိရှိမှ သူတို့ရဲ့ စိတ်ကျန်းမာရေးကောင်းမွန်လာအောင် ပြုစုပေးနိုင်မှာဖြစ်ပါတယ်။ အပေါ်မှာပြောပြပေးခဲ့တဲ့  စိတ်ပိုင်းဆိုင်ရာရောဂါ လက္ခ္ခဏာတွေကို လူကြီးတွေဆီမှာ သတိထားမိလာတာနဲ့ စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန်တွေ အချိန်မီပြသပေးသင့်ပါတယ်။ ဒါမှသာ လူကြီးတွေအတွက်လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေကို ဆရာဝန်က ညွှန်ကြားပေးပြီး သင်ချစ်ရတဲ့ ဘိုးဘိုး၊ဘွားဘွားတို့ရဲ့ စိတ်ကျန်းမာရေး ပြန်လည်ကောင်းမွန်လာမှာဖြစ်ပါတယ်။


Share

Comments

Khai Thazin

သက်ကြီးပိုင်းတွေအတွက်စိတ်ကျန်းမာရေးဆိုတဲ့ ဆောင်းပါးကိုအကြိုက်ဆံုးပါ။ လူတိုင်းကတစ်နေ့ အသက်ကြီးလာမဲ့သူတွေပါ။ကိုယ့်မိသားစုဆွေမျိုးထဲပတ်ဝန်းကျင်မှာ အသက်ကြီးတဲ့သူတွေရှိတဲ့အတွက် စိတ်ကျန်းမာရေးနဲ့ပက်သက်ပြီးသိထားရင် ကိုယ်တိုင်အတွက်သာမက ပတ်ဝန်းကျင်အတွက်လည်း အကျိုးရှိပါတယ်။

Khai Thazin

သက်ကြီးပိုင်းတွေအတွက်စိတ်ကျန်းမာရေးဆိုတဲ့ ဆောင်းပါးကိုအကြိုက်ဆံုးပါ။ လူတိုင်းကတစ်နေ့ အသက်ကြီးလာမဲ့သူတွေပါ။ကိုယ့်မိသားစုဆွေမျိုးထဲပတ်ဝန်းကျင်မှာ အသက်ကြီးတဲ့သူတွေရှိတဲ့အတွက် စိတ်ကျန်းမာရေးနဲ့ပက်သက်ပြီးသိထားရင် ကိုယ်တိုင်အတွက်သာမက ပတ်ဝန်းကျင်အတွက်လည်း အကျိုးရှိပါတယ်။

Khin Yadanar Saw

သက်ကြီးပိုင်းစိတ် ကျန်းမာ​ရေး​ဆောင်းပါး​လေးက မိသားစုတိုင်းသိရှိထားသင့်ပါတယ်.ဖိုးဖိုးဖွားဖွား​တွေအတွက် ​နွေး​ထွေးမှု ပြုစု​စောင့်​​ရှောက်ဖို့ ဒီ​ဆောင်းပါး​လေးက လူတိုင်းအရမ်းကို ဖတ်ရှုသင့်ပါတယ်.

Related Posts