သဘာဝရာသီစာတွေနဲ့ ဒီလိုဟင်းလျာတွေ ဖန်တီးကြမယ်

Posted in အစားအစာ


ကျန်းမာခြင်းက လူ့ဘဝမှာရရှိနိုင်တဲ့ အကြီးမားဆုံးကံကောင်းခြင်းတွေထဲက တစ်ခုပါ။ လတ်ဆတ်တဲ့ စားဖွယ်တွေ ကို အာဟာရမျှတစွာစားသုံးခြင်းက ကျန်းမာရေးအတွက် ကြီးမားတဲ့ အထောက်အပံ့တစ်ခုဖြစ်သလို ကျန်းမာ မှလည်း ကိုယ်ကြိုက်တဲ့အစားအစာတွေကို စားသုံးနိုင်မှာဖြစ်ပါတယ်။ အာဟာရနဲ့ ကျန်းမာရေးဆိုတာ အပြန် အလှန်မှီခိုနေကြတဲ့ ဖြစ်တည်မှုနှစ်ခုပါ။ ချစ်ရသူတွေနဲ့ အတူ အိမ်မှာပူပူနွေးနွေး ချက်စားနိုင်ဖို့  သင့် လက်တစ်ကမ်းမှာရှိနေတဲ့ ဟင်းသီးဟင်းရွက်တွေထဲက ထင်ထား တာထက် ပိုအရသာရှိတဲ့ အသီးအရွက်တချို့ကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

ဂျူးဖူး

ရှမ်းပြည်ဖက်မှာ အစိုက်များတဲ့ ဂျူးဖူးက ကြက်သွန်နွယ်ဝင် အပင်တစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့ အမြစ်ဖြစ်တဲ့ ဂျူး မြစ်ကိုလည်း လူကြိုက်များပါတယ်။ ကြက်သွန်နွယ်ဝင်ဖြစ်တာကြောင့် ဂျူးဖူးရဲ့အနံ့က ကြက်သွန်လိုပဲ အနည်း ငယ်တော့ မွှန်ပါတယ်။ ဂျူဖူးက ကြက်သွန်မျိုးနွယ်ဝင်ပဲဖြစ်လို့ ကြက်သွန်မှာ ပါဝင်တဲ့ အော်ဂဲနစ် ဒြပ် ပေါင်းတွေ နဲ့ အတူတူပါပဲ။ အမျှင် ဓာတ်ကြွယ်ဝတဲ့ ဂျုးဖူးဟာ အစာခြေစနစ်ကိုကျန်းမာစေဖို့ အထောက်အကူပေးတဲ့အပြင် ကိုလက်စထရော ကျဆင်းစေလို့ နှလုံးကျန်းမာစေပါတယ်။ ဂျူးဖူးမှာ ဗီတာမင် စီလည်း ပါဝင်လို့ ကိုယ်ခံအား လည်း ကောင်း စေပါသေးတယ်။ ဗီတာမင်၊ သံဓာတ်၊ ပရိုတင်း၊ အမျှင်ဓာတ်တို့အပြင် ခန္ဓာကိုယ်အတွက် အကျိုး ပြုတဲ့ အာဟာရ ဓာတ်များစွာပါဝင်တဲ့ ဂျူးဖူးကို ဟင်းပွဲမျိုးစုံဖန်တီးချက်ပြုတ်နိုင်ပါတယ်။

ဂျူးဖူးကိုအများအားဖြင့် အသဲအမြစ်နဲ့ဖြစ်စေ၊ အသားနဲ့ဖြစ်စေ ကြော်စားလေ့ ရှိကြပြီး သူ့ချည်းပဲကြော် ရင် တောင် အရသာက အလွန်ချိုပါတယ်။ ရှမ်းဒေသမှာတော့ ဂျူးဖူးလှိုင်လှိုင်ပေါတာ‌ ကြောင့် ရှမ်းရိုးရာ ဟင်းထုတ် ကို ဂျူးဖူးနဲ့ပေါင်းလေ့ရှိကြပါတယ်။ ဒေသအလိုက် ချက်နည်းပြုတ်နည်းမျိုးစုံရှိတာ ကြောင့် ဂျူးဖူးကို ပုံစံမျိုးစုံ ကြော်ကြ၊ ချက်ကြပြီး အသုပ်အဖြစ်လည်း သုပ်စားလို့ ရပါသေးတယ်။ ဂျူးဖူးကို ချဥ်ရည်ချက် စားတတ်ကြပြီး စွတ်ပြုတ်လို၊ ဖက်ထုပ်လို တရုတ်ရိုးရာဟင်းပွဲတွေမှာလည်း အသုံးများပါတယ်။

ရေပြောင်းဖူး

ရေမျှစ်လို့လည်း ခေါ်ကြသေးတဲ့ ရေပြောင်းဖူးဟာ တကယ်တော့ ပြောင်းဖူးမဟုတ်ဘဲ စပါးရိုင်းပင်ရဲ့ ဖော့လိုပွပွ လေးဖြစ်နေတဲ့ ပင်စည်နုသာဖြစ်ပါတယ်။ စပါးရိုင်းပင်ကို တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၀၀၀) ကျော် ကတည်းက စိုက်ပျိုးစားသုံးခဲ့ကြပြီး မန်ချူးစပါးလို့ လူသိများပါတယ်။ မြန်မာနိုင်ငံမှာတော့ ရေပြောင်းဖူးကို ရှမ်းပြည်ဒေသမှာ အများဆုံးစိုက်ပျိုးတတ်ကြပြီး အခြားဒေသတော်တော်များများမှာလည်း စိုက်ပျိုးဖြစ်ထွန်း နိုင်ပါတယ်။ ရေပြောင်းပင်( စပါးရိုင်းပင်) ရဲ့ အစေ့ အဆန်မှာ အာဟာရတန်ဖိုး မြင့်မားစွာပါဝင်လို့ နိုင်ငံခြားမှာ ဈေးကြီးပေးဝယ်စားရတဲ့ ကျန်းမာရေးဓာတ်စာတစ်မျိုးပါ။ ရေပြောင်းဖူးကလည်း အရိုးပျက်စီးမှုကို ကာကွယ် နိုင်တယ်လို့ ဆိုကြပါတယ်။ ရိုးရာဆေးနည်းတွေ အရ ရေပြောင်းဖူးက ကိုက်ခဲနာကျင်တာ၊ ဓာတ်မတည့်တာတွေကို သက်သာစေနိုင်တယ်လို့ ဆိုထားပါတယ်။

စားသောက်ဆိုင်တွေ၊ ဟော်တယ်တွေမှာ ဈေးကြီးကြီးနဲ့ ရောင်းချတတ်တဲ့ ရေပြောင်းဖူးကို အိမ်မှာပဲ ပုံစံမျိုးစုံ ဖန်တီးစားသုံးနိုင်ပါတယ်။ သူ့ရဲ့ နူးနူးညံ့ညံ့နဲ့ စိမ့်သက်သက်အရသာက သူ့ချည်းပဲသုပ်စားစား၊ ကြာဇံနဲ့ အခြားပါ ဝင်ပစ္စည်းတွေထည့်ပြီးပဲ ချဥ်ငံစပ်သုပ်စားစား ကောင်းမွန်လှပါတယ်။ ရေပြောင်းဖူးကို ကြိုက်နှစ်သက်ရာ အသားတစ်မျိုးမျိုးနဲ့လည်း ကြော်စားနိုင်ပါသေးတယ်။ လူသိနည်းပေမယ့် စားရတာ နူးညံ့ကောင်းမွန်တဲ့ ရေ ပြောင်းဖူးကို City Mart တို့လို ကုန်တိုက်တွေမှာ ရောင်းချနေလို့ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။

မန်ကျည်းသီးစိမ်းအနု

မြန်မာနိုင်ငံမှာ မန်ကျည်းပင်တွေ ပေါများတာနဲ့အမျှ မန်ကျည်းသီး၊ မန်ကျည်းဖူး၊ မန်ကျည်းရွက်နုတွေကို လည်း လူတော်တော်များများ နှစ်ခြိုက်စားသုံးကြပါတယ်။ မြန်မာ့ရိုးရာဆေးနည်းမှာ မန်ကျည်းတစ်ပင်လုံးက ပစ်စရာမ ရှိအောင် အသုံးဝင်တယ်လို့ ဖော်ပြထားပါတယ်။ အိမ်ရှင်မတွေ ဟင်းချက်ရာမှာ ပုံစံမျိုးစုံနဲ့ အသုံးပြုကြတဲ့ မန်ကျည်းသီးက အရသာထိမိရုံသာမက ကျန်းမာရေးကောင်းကျိုးတွေလည်း များစွာရှိပါသေးတယ်။ မန်ကျည်း သီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်လို့ ကိုယ်ခံအားကို ကောင်းမွန်စေပြီး  ရောင်ရမ်းမှုတွေကို လည်း လျော့ချပေးပါသေးတယ်။ မန်ကျည်းသီးကို စားသုံးခြင်းဖြင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင် ခြင်း၊ သွေးဖိအားမျှတစေခြင်းနဲ့ အသည်းအဆီဖုံးတာကို ကာကွယ်ပေးခြင်း စတဲ့ ကျန်းမာရေးကောင်းကျိုးများ စွာ ရရှိနိုင်ပါတယ်။

မန်ကျည်းသီးအမှည့်ကို သူ့ချည်းပဲဖြစ်ဖြစ်၊ ဟင်းအနှစ်ပဲဖြစ်ဖြစ် ချက်တတ်ကြသလို မန်ကျည်းစိမ်းကိုလည်း ဟင်း အမယ်မျိုးစုံ ချက်စားနိုင်ပါတယ်။ မန်းကျည်သီးစိမ်းနုနု‌လေးတွေကို အပေါ်ခွံဓားနဲ့ခြစ်ကာ ရေစင်အောင်ဆေးပြီး ဆား၊ ငပိကင်နဲ့ ငရုတ်သီးထည့်ထောင်းမယ်ဆိုရင် ရှူးရှူးရှဲရှဲနဲ့ ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်ပါပဲ။ ဟင်းချိုပူပူ လေးနဲ့သာ တွဲစားလိုက်မယ်ဆိုရင် တခြားဟင်းမလိုဘဲတောင် စားကောင်းနေမှာပါ။ မန်ကျည်းသီးနုလေးတွေကို ထောင်းပြီး ငပိနဲ့ချက်တာအပြင် ဖောင်းစီးဂဏန်း၊ ပုစွန်ဆိတ်၊ ပုစွန်ဆီ စတာတွေနဲ့လည်း ကြော်စားလေ့ရှိကြပါ တယ်။ ချဥ်ငံစပ် မန်ကျည်းသီးထောင်းတစ်ခွက်က နာလန်ထစလူမမာတွေကိုတောင် ခံတွင်းလိုက်စေတယ်လို့ ရှေးလူကြီးတွေက ဆိုကြပါတယ်။

နေ့စဥ်ဘဝမှာ ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ်၊ မိသားစုအတွက်ပဲဖြစ်ဖြစ် ချက်ပြုတ်‌ရေးတာဝန်ယူထားကြသူတွေ၊ အိမ်ရှင်မတွေအတွက် တန်ဖိုးသင့်ပြီး၊ အာဟာရလည်းရှိ၊ စားလို့လည်း မြိန်မယ့်ဟင်းတွဲလေးတွေကို ရှာဖွေစဥ်း စားရတာ လွယ်ကူတဲ့အလုပ်မဟုတ်မှန်း နားလည်ပါတယ်။ ဈေးကြီးပေးရမှမဟုတ်ဘဲ ကိုယ့်လက်တစ်ကမ်းမှာရှိ တဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ စားမြိန်အောင် တွဲစပ်ချက်ပြုတ်နိုင်ပြီး ချစ်ရသူတွေနဲ့ အတူ ထမင်း လက်ဆုံ စားနိုင်ခြင်းဟာလည်း ပျော်ရွှင်မှုပါပဲ။ ဒီဆောင်းပါးမှာဖော်ပြထားတဲ့ ဟင်းသီးဟင်းရွက်တွေအပြင် အခြား စားလို့ကောင်းတဲ့ ဟင်းပွဲလေးတွေရှိရင်လည်း မျှဝေခဲ့ပါဦး။


Share

Comments

Related Posts