ကိုယ့်သားသမီး အနိုင်ကျင့်ခံလာရတဲ့အခါ ဒီလိုကူညီဖြေရှင်းပါ

Posted in မိဘအုပ်ထိန်းခြင်း


မိဘတိုင်းက သားသမီးတွေကို ချစ်ခင်ကြင်နာမှုနဲ့ တန်ဖိုးထားလေးစားမှုတွေ အပြည့်ရှိတဲ့ လောကကြီးမှာ ရှင်သန်ကြီးထွားစေလိုတာ သဘာဝပါပဲ။ မိဘတွေက ဒီလိုဖြစ်စေချင်ကြပေမယ့်လည်း သိပ္ပံနည်းကျလေ့လာတွေ့ရှိချက်တွေက ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာတဲ့တစ်လျှောက်မှာ အနိုင်ကျင့်ဗိုလ်ကျခံရတာတွေ ရှိနိုင်တယ်ဆိုပြီး တင်ပြထားပါတယ်။ အနိုင်ကျင့်ခံရတယ် (Bullying) ဆိုတာမျိုးက ငယ်ရွယ်နုနယ်တဲ့ ကလေးတွေအပေါ်မှာ ရေရှည်အကျိုးသက်ရောက်နိုင်တဲ့ အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ အနိုင်ကျင့်တယ်ဆိုတဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်အောင် လုပ်တာ၊ တစ်ဖက်သား မခံချင်အောင် ပြောဆိုတာ၊ Cyberbullying လိုမျိုး အွန်လိုင်းပေါ်မှာ ခြိမ်းခြောက်နှောင့်ယှက်တာတွေအပါအဝင် တခြားပုံစံအမျိုးမျိုးနဲ့ တွေ့ရတတ်ပါတယ်။

UNICEF ရဲ့ အချက်အလက်တွေကို ကိုးကားထားတဲ့ “အရှေ့တောင်အာရှနိုင်ငံများရှိ ကျောင်းတွင်း အနိုင်ကျင့်ခံရမှု” ဆိုတဲ့ အစီရင်ခံစာတစ်ခုမှာဆိုရင် မြန်မာနိုင်ငံရဲ့ ကျောင်းတွေမှာ အနိုင်ကျင့်ခံရတဲ့ ဖြစ်စဉ်တွေက ၂၀၀၇ ခုနှစ်နှင့် နှိုင်းယှဉ်လိုက်မယ်ဆိုရင် ၂၀၁၆ ခုနှစ်မှာ (၃၀) ရာခိုင်နှုန်းကျော်လောက်ထိ မြင့်တက်လာတာကို ဖော်ပြထားပါတယ်။

ဒါကြောင့် မိဘတစ်ယောက်အနေနဲ့ သားသမီးတွေမှာ အနိုင်ကျင့်ဗိုလ်ကျခံရတာမျိုးရှိမရှိ သိထားဖို့က အရေးပါလာပါတယ်။ ဒီလိုမျိုးသိဖို့ဆိုရင် အရင်ဆုံး အနိုင်ကျင့်ခံရတာနဲ့ပတ်သက်တဲ့ အကြောင်းတွေကို မကြာခဏ ပြောဆိုဆွေးနွေးကြပါ။ ဒီလိုဆွေးနွေးတာကနေ အနိုင်ကျင့်ခံရတယ်ဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ ဆိုတဲ့အကြောင်းတွေကို ကလေးတွေအနေနဲ့ သိရှိနားလည်စေပါတယ်။ ဒီပို့စ်မှာတော့ ကလေးတွေ အနိုင်ကျင့်ဗိုလ်ကျခံရတဲ့အခါ မိဘတစ်ယောက်အနေနဲ့ ဖြေရှင်းလုပ်ဆောင်ရမယ့် သိသင့်သိထိုက်တဲ့ နည်းလမ်းတွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

ယုံကြည်မှုပေးပါ 

မိဘတစ်ယောက်အနေနဲ့ သားသမီးတွေဘက်က အနိုင်ကျင့်ခံရနေရကြောင်း ဖွင့်ဟပြောဆိုလာတဲ့အခါ သူတို့ကို ယုံကြည်ပေးဖို့က အဓိကပါပဲ။ ကိုယ့်ကလေး စိုးရိမ်နေတဲ့ ကိစ္စတွေကို ပေါ့ပေါ့တန်တန် သဘောထားလိုက်တာ ဒါမှမဟုတ် “ပုံကြီးချဲ့ပြီး လျှောက်တွေးမနေနဲ့” ဆိုပြီး ကလေးကို ပြောလိုက်တာတွေကို ဘယ်တော့မှ မလုပ်လိုက်ပါနဲ့။

Authoritative Parenting Style - လုပ်ပိုင်ခွင့်ပေးထားတဲ့ မိဘအုပ်ထိန်းမှုပုံစံကို ကျင့်သုံးပါ 

ဒီအုပ်ထိန်းမှုပုံစံက စည်းကမ်းသတ်မှတ်ချက် အကန့်အသတ်တွေထားသလို တစ်ဖက်ကလည်း အမှီအခိုကင်းကင်းရပ်တည်နိုင်ဖို့ကို အားပေးတဲ့ ညီညွတ်မျှတတဲ့ အုပ်ထိန်းမှုပုံစံအမျိုးအစားပဲဖြစ်ပါတယ်။ ဒီပုံစံက ကလေးတွေကို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမြင့်မားစေပြီး စည်းကမ်းရှိစေနိုင်သလို ပြဿနာဖြေရှင်းနိုင်စွမ်းတွေကို မြှင့်တင်ပေးနိုင်တယ်။

ဂရုစိုက်နားထောင်ပေးပါ 

အနိုင်ကျင့်ခံရတဲ့ ဖြစ်စဉ်အစအဆုံးကို မေးမြန်းပါ။ ကိုယ့်ကလေး ပြောစကားတွေကို မဝေဖန်ဘဲ ဂရုစိုက်နားထောင်ပေးပါ။ အနိုင်ကျင့်ခံရတာက ခံရသူ အမှား မဟုတ်ကြောင်း သေချာရှင်းပြပါ။ အခုလို အနိုင်ကျင့်ခံရတာနဲ့ ပတ်သက်ပြီး ကိုယ့်ကလေးအနေနဲ့ သူ့ကိုယ်သူ အပြစ်တင်တာမျိုး မရှိအောင် ဖျောင်းဖျပေးပါ။

ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို အတူတူ စဉ်းစားပါ 

အနိုင်ကျင့်ခံရတာကို ကလေးတွေအနေနဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ အနိုင်ကျင့်ခံရတဲ့အခါ ဘယ်လို ကာကွယ်ကြမလဲ၊ ဘယ်လို ရှောင်ရှားကြမလဲနဲ့ ရလာနိုင်တဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လို ရင်ဆိုင်ကြမလဲ ဆိုတဲ့ အကြောင်းတွေကို ပြောပြပေးပါ။

ကျောင်းကို အသိပေးပါ 

တကယ်လို့ ကျောင်းမှာ အနိုင်ကျင့်ခံခဲ့ရတယ်ဆိုရင် မိဘအနေနဲ့ ကျောင်းက တာဝန်ရှိသူတွေကို အသိပေးအကြောင်းကြားထားသင့်ပါတယ်။ ကျောင်းရဲ့ တာဝန်ရှိသူတွေအနေနဲ့ ကျောင်းသူကျောင်းသားတိုင်းအတွက် လုံခြုံစိတ်ချဘေးကင်းတဲ့ နေရာတစ်ခုအဖြစ် ဖော်ဆောင်ပေးဖို့က အရေးကြီးလို့ပါပဲ။

ကျွမ်းကျင်သူတွေဆီက အကူအညီ ရယူပါ 

အရေးအကြီးဆုံးကတော့ ဒီလိုအနိုင်ကျင့်ခံရတာက ကိုယ်တစ်ယောက်တည်း ရင်ဆိုင်နေရတာ မဟုတ်ကြောင်း သိနေဖို့ပါပဲ။ တကယ်လို့ အနိုင်ကျင့်ခံရတာက အခြေအနေတွေ ပိုဆိုးလာတယ် ဒါမှမဟုတ် ကိုယ့်ကလေးက ရင်ဆိုင်ဖြေရှင်းနေရတာ ခက်ခဲလာတယ်ဆိုရင် ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီတွေ ရယူသင့်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် စိတ်ကုထုံးပညာရှင်ဆီက အနိုင်ကျင့်ခံရတာကနေ ရရှိလာတဲ့ စိတ်ဒဏ်ရာတွေကို ရင်ဆိုင်ဖို့နဲ့ အနိုင်ကျင့်ခံရတာကို ကိုင်တွယ်ဖြေရှင်းဖို့ အကူအညီတွေ ရယူနိုင်ပါတယ်။

အခုပြောပြပေးသွားတဲ့ နည်းလမ်းတွေကို လိုက်နာလုပ်ဆောင်တဲ့အခါမှာ မိဘအနေနဲ့ ကိုယ့်ကလေးကို သေချာသင်ပြပေးပြီး ဂရုစိုက်ရမယ်ဆိုတာကိုလည်း မမေ့ထားနဲ့နော်။ ကိုယ့်ကလေးကို မကောင်းတဲ့ အရာတွေ လျှောက်မတွေးစေဘဲ ဘယ်လိုကြင်နာရမယ်၊ ဘယ်လိုသန်မာရမယ်ဆိုတဲ့အကြောင်းကို သင်ကြားပေးပါ။ ဒီလိုမျိုးလမ်းညွှန်မှုတွေက ကလေးအနေနဲ့ ခက်ခဲတဲ့အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး တခြားသူတွေနဲ့ လိုက်လျောညီထွေ နေထိုင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။


Share

Comments

Linn Akhayar

မိဘနေရာရောက်လာတဲ့အခါ ကိုယ့်သားသမီးကို အကောင်းဆုံးတွေပဲ ဖြစ်စေချင်တဲ့ မိမိရဲ့ အတ္တတွေကို ရှေ့တန်းမတင်မိဖို့ ကြိုးစားရသလို သူလေးရှင်သန်ရာ ပတ်၀န်းကျင်မှာ အနိုင်ကျင့် ဗိုလ်ကျမခံရဘဲ ကျန်းမာ ပျော်ရွှင်လန်းဆန်းတက်ကြွစွာ ကြီးပြင်းလာဖို့ကလည်း မိဘတွေရဲ့ အိမ်မက်တခုပါပဲ

Thaw Thaw

အကြံပေးထားတဲ့အချက်အလက်တွေထဲက ကလေးတွေကိုနေ့စဥ်တွေ့ကြုံရတာလေးတွေကို ဂရုတစိုက်မေးတာ နားထောင်ပေးတာတွေလုပ်ဖြစ်တယ် ချစ်စိတ်စိုးရိမ်စိတ်နဲ့ သူတို့လုပ်နိုင်ပါ့မလားဆိုပြီး အကုန်လိုက်လုပ်ပေးနေတာလေးကိုတော့ယုံကြည်မှုပေးရမယ်ဆိုတဲ့ ခေါင်းစဥ်မှာကိုယ်ဆင်ခြင်ရမှာလေး သိသွားခဲ့ရတယ်

May Zin

ဆောင်းပါးလေးကသမီးလေးတွေမွေးထားတဲ့ကို့အတွက်တော့အဖိုးမဖြတ်နိုင်တဲ့ဗဟုသုတတွေအတွေးတွေပေးနိုင်ပါတယ်သမီးလေးတွေကိုအမြဲယုံကြည်မှုပေးရုံသာမကဘဲသမီးလေးတွေနဲ့နေ့တိုင်းကြုံတွေ့ရတဲ့အခက်အခဲလေးတွေကိုပါမေမေကနေ့တိုင်းဂရုတစိုက်နားထောင်ဖို့အချိန်လေးတစ်ခုကိုထားရမယ်ဆိုတာလည်းသိနားလည်ရပါတယ်

Related Posts