အနာဂတ် ဖေဖေ မေဖေတို့အတွက်

Posted in မိဘအုပ်ထိန်းခြင်း


သားသမီးဘဝကနေ အမြဲနေခဲ့ရာကနေ ကိုယ်ကိုယ်တိုင်က မိဘဖြစ်လာရတော့မယ့် ခံစားချက်မျိုးက အရမ်းကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ ဘဝတစ်ဆစ်ချိုးအတွေ့အကြုံတစ်ခုပါ။ ကိုယ့်လက်ထဲ ကိုယ့်ရင်သွေးလေးကို စပြီးချီလိုက်ရတဲ့အချိန်ကစလို့ ကြည်နူးပျော်ရွှင်စရာတွေ စိန်ခေါ်မှုအသစ်တွေနဲ့ ပြည့်နေမယ့် ခရီးတစ်ခုအတွက် ပြင်ဆင်ရတော့မှာပါ။ ဒီဆောင်းပါးလေးမှာတော့ ရင်သွေးရခါစ မိဘတွေအတွက် အခက်အခဲဆုံးဖြစ်တဲ့ ပထမနှစ်ကို ချောချောမွေ့မွေ့နဲ့ ဘယ်လိုဖြတ်သန်းရမလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်။

ကြိုတင်ပြင်ဆင်တတ်ဖို့ ကြိုးစားပါ

ကလေးမွေးပြီးခါစမှာ အရာရာကိုကြိုပြီးပြင်ဆင်နိုင်မှ အဆင်ပြေမှာပါ။ ကလေးအသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ diaper တွေ baby wipes တွေနဲ့ ကလေးအဝတ်အစားတွေကို များများစားစား ကြိုဝယ်ထားဖို့လည်းလိုပါတယ်။ ကလေးအိပ်ဖို့ ပုခက်နဲ့ ပုခက်အနီးတစ်ဝိုက်မှာထားဖို့လည်း ဆော့ကစားစရာ အရုပ်လေးတွေကို ပြင်ဆင်ထားသင့်ပါတယ်။ နောက်ပြီး အရေးကြီးဆုံးအနေနဲ့ ကိုယ့်အိမ်ထဲကနေရာတော်တော်များများမှာ child-proofing လို့ခေါ်တဲ့ ကလေးတွေအတွက် ဘေးကင်းစေမယ့်အကာအကွယ်တွေ တပ်ဆင်ထားရမှာပါ။ ဥပမာ - ပုခက်ပေါ်ကနေ အောက်ကိုပြုတ်မကျအောင် အကာအကွယ်ပြုလုပ်ထားတာမျိုး၊ အိမ်ထဲရှိ နံရံ၊ စားပွဲ နဲ့ ထိုင်ခုံအောက်ခြေတွေမှာ ဖော့နဲ့ကာထားတာမျိုး ပြုလုပ်ထားသင့်ပါတယ်။

တခြားကလေးမိဘများနဲ့ မိတ်ဖွဲ့ပါ

ကလေးရခါစ မိဘတွေအနေနဲ့ အရာရာကို ကိုယ်တစ်ယောက်တည်း အစအဆုံးလုပ်ဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ့်မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ကိုယ့်လိုပဲတခြားမိဘတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး အချင်းချင်းဖေးမကူညီပေးဖို့လိုအပ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကိုယ့်အိမ်နီးနားချင်းက တခြားမိဘတွေနဲ့ မိတ်ဆွေဖွဲ့ထားတာမျိုး၊ အွန်လိုင်းပေါ်က မိဘအချင်းအချင်း အတွေ့အကြုံဖလှယ်တဲ့အဖွဲ့တွေထဲ ဝင်ထားတာမျိုးလုပ်သင့်ပါတယ်။ အဲဒါဆိုရင် ဘာဖြစ်ဖြစ် ကိုယ်တစ်ယောက်တည်း အားငယ်စရာမလိုတော့ဘူးပေါ့။

အရာရာကို စနစ်တကျ စီမံသိမ်းဆည်းပါ

မိဘတစ်ယောက်ဖြစ်လာတာနဲ့ စနစ်ကျကျနေတတ်ဖို့က အရမ်းကိုအရေးပါပါတယ်။ ကလေးကို နို့တိုက်ချိန်ကအစ ကလေးအိပ်ချိန်၊ diaper လဲချိန်တွေကို စနစ်တကျ အချိန်နဲ့ ပြင်ဆင်နိုင်မှ အသက်ရှူချောင်မှာပါ။ အဲဒီလို ကလေးနဲ့ ပတ်သက်သမျှ မှတ်စရာအချက်အလက်တွေကို မှတ်စုစာအုပ်နဲ့ ဖြစ်စေ၊ ကလေးထိန်း application တစ်ခုခုနဲ့ဖြစ်စေ မှတ်သားထားသင့်ပါတယ်။ နောက်ပြီး ကလေးအသုံအဆောင်နဲ့ စားစရာတွေကို ဘူးနဲ့ သီးသန့်ခွဲပြီး စနစ်တကျသိမ်းဆည်းထားမှ ကိုယ်လိုတဲ့အခါမှ အလွယ်တကူရှာဖွေလို့ရမှာပါ။

ကလေးနဲ့ ရင်းနှီးမှုကိုဖန်တီးပါ

မိဘတစ်ယောက်အနေနဲ့ ကိုယ့်ရင်သွေးလေးနဲ့ တရင်းတနှီးနေရတဲ့အချိန်ဟာ အရမ်းကိုစိတ်ချမ်းသာစရာကောင်းပါတယ်။ ဒါကြောင့် ကိုယ့်သားသားမီးမီးလေးတွေကို တတ်နိုင်သမျှ အသားချင်းထိပေးတာမျိုး၊ ချီပွေ့ပေးတာမျိုး၊ တီတီတာတာ စကားလေးတွေပြောပေးတာမျိုးကိုပြုလုပ်ပြီး စိတ်ခံစားမှုချင်းဆက်နွယ်မှုရှိနေအောင် ဖန်တီးပေးသင့်ပါတယ်။ ကလေးတွေ ဆော့ကစားပြီး နားနေတဲ့အချိန်မျိုးမှာ ပုံပြင်ဖတ်ပြတာမျိုး၊ သားချော့တေးဆိုပြတာမျိုး ပြုလုပ်ပေးခြင်းအားဖြင့် ကိုယ်နဲ့ကိုယ့်သားသမီးကြားမှာ တစ်ဘဝလုံးစာ မေ့ဖျောက်လို့မရနိုင်မယ့် အမှတ်တရလေးတွေကို ပြုလုပ်ပေးဖို့လည်း မမေ့ပါနဲ့။

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့လည်း မမေ့ပါနဲ့

ကိုယ့်အနေနဲ့ မိဘတစ်ယောက်ဖြစ်လာပြီဆိုရင် ကိုယ့်ကလေးကိုပဲ အမြဲဦးစားပေးပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်လည်း အိပ်ရေး၀၀အိပ်၊ အားရှိပြီး ကျန်းမာတဲ့ အစာတွေများများစားပြီး စိတ်ပြေလက်ပျောက် ကျန်းမာရေးလှုပ်ရှားမှုတွေ ပုံမှန်ပြုလုပ်နေဖို့လည်း လိုပါတယ်။ ကိုယ့်ရင်သွေးလေးကို အမြဲပုံမှန် စောင့်ရှောက်ကာကွယ်ပေးနိုင်ဖို့အတွက် ကိုယ်ကိုယ်တိုင်လည်း ကျန်းမာရေး စိုက်ဖို့မမေ့ပါနဲ့နော်။

လိုအပ်ရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပါ

ကလေးနဲ့ပတ်သက်ပြီး မသေချာတာရှိရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဖို့လည်း ဝန်မလေးပါနဲ့။ ဖြစ်နိုင်ရင် ကလေးအထူးကုဆရာဝန်တစ်ယောက်နဲ့ ပုံမှန်ပြသပြီး ကလေးရဲ့ ကျန်းမားရေးကို ဂရုစိုက်ပေးဖို့လိုပါတယ်။ ဒါ့အပြင် ကလေးထိန်းကျောင်းခြင်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေ ပို့ချပေးတဲ့သင်တန်းတွေ တတ်ပြီး ကိုယ့်ကလေးကို နို့တိုက်နည်း၊ ချော့သိပ်နည်း၊ ပွေ့ချီနည်း အစရှိတဲ့ နည်းလမ်းတွေကို လေ့လာသင့်ပါတယ်။

အခုပြောပြပေးခဲ့တဲ့ နည်းလမ်းတွေကိုသေချာအသုံးချနိုင်မယ်ဆိုရင်တော့ ဖေဖေမေမေတို့အနေနဲ့ အခက်အခဲမရှိ ယုံကြည်ချက်အပြည့်နဲ့ ကျော်ဖြတ်နိုင်မှာပါ။   နောက်ပြီး ကလေးမိဘတွေဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ကလေးထိန်းကျောင်းပုံမတူတာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ကိုယ့်ရင်သွေးကို ပြုစုပေးရင်း မိဘတစ်ယောက်ရဲ့ ခရီးစဉ်ကိုအစပြုလိုက်ဖို့က အရေးအကြီးဆုံးပါပဲ။


Share

Comments

Shar Min Sett

သမီးနှစ်လပြည့်တဲ့တိုင်အောင်အရာရာကနေသားတကျမဖြစ်သေးပါဘူး။သမီးရဲ့"ဗြဲခနဲ"အော်သံကလည်း သံစဉ်တစ်ပုဒ်လို၊သမီးလေး"အီးအီးပါ"ရင်လည်း"ရွှေမိုးငွေမိုးရွာသွန်းဖြို"သလိုအရိပ်တကြည့်ကြည့်အခုလိုကာလမှာဆောင်းပါးထဲကအကြုံပြုချက်‌ (၆)ချက်အတိုင်းလိုက်နာကျင့်ကြံရင်းပိုမိုအဆင်ပြေတဲ့ဘဝလေးကိုရမယ်လို့မျှော်လင့်မိကြောင်းပါ။

Zan Htet Thaw

ဒီဆောင်းပါးလေးကြောင့် သားသား လေး မမွေးခင် အချိန်ကို သတိရမိတယ်။ကျွန်တော်တို့နိုင်ငံမှာ ကလေးထိန်းကျောင်းခြင်းနဲ့ ပက်သက်ပြီး ကျွမ်းကျင်သူတွေ က ပို့ချတဲ့သင်တန်းတွေ များများ မရှိတဲ့အတွက် ကျွမ်းကျင်ပို့ချ တဲ့သူတွေ ရဲ့သင်တန်း တွေ များများ ပေါ်ပေါက် လာစေဖို့ မျှော်လင့်ဆုတောင်းလျက်။

Related Posts