လတ်ဆတ်နေတဲ့ ဟင်းသီးဟင်းရွက်တွေရဲ့ လျို့ဝှက်ချက်

Posted in အိမ်မှုရေးရာ


အသုံးစရိတ်တွေကို မကုန်သင့်တဲ့နေရာမှာ မကုန်ရလေအောင် ခြွေတာစစ်စီတတ်ခြင်းဟာလည်း အတတ်ပညာ တစ်ခုပါပဲ။ အိမ်ရှင်မတိုင်း၊ချက်ပြုတ်ရေးတာဝန်ကို ယူကြသူတိုင်း ကိုယ့်ရဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို အလေ အလွင့်မရှိ သုံးစွဲနိုင်ဖို့ ကြိုးပမ်းအားထုတ်နေကြမှာပါ။ အိမ်ရှင်မတို့ မီးဖိုချောင်ကို စမတ်ကျကျ ထိန်းသိမ်းနိုင်ဖို့ အိမ်တိုင်းမှာ အသုံးများကြတဲ့ အခြေခံဟင်းသီးဟင်းရွက်တွေ အသီးသီးအတွက် တာရှည်လတ်ဆတ် နေအောင် သိမ်းဆည်းထားသိုနည်းတွေကို ဒီဆောင်းပါးမှာဖော်ပြထားပါတယ်။   (၁) အေးမြခြောက်သွေ့တဲ့ နေရာမှာ သိမ်းသင့်တဲ့အခြေခံ ဟင်းချက်ပစ္စည်းများ ...

အာလူးနဲ့ ကြက်သွန်နီတွေဆိုတာ ဟင်းအမယ်အမျိုးမျိုးဖန်တီးလို့ရတာကြောင့် အိမ်ရှင်မတိုင်း များများဝယ်သိမ်း ထားတတ်ကြတဲ့ စားသောက်ကုန်ကြမ်းတွေလို့ ပြောလို့ရပါတယ်။ အာလူးတွေ အညှောင့်ပေါက်နေရင်၊ ကြက်သွန်နီတွေ တစ်ခြမ်းပုပ်နေရင် အလေအလွင့်ဖြစ်ရုံသာမက မီးဖိုချောင်ရဲ့ သန့်ရှင်းမှုနဲ့ အသုံးစရိတ်ကိုပါ ထိခိုက်စေတယ်လေ။

(က) အာလူးပင်ပေါက်မဖြစ်စေဖို့ ဘယ်လိုသိမ်းမလဲ? - အာလူးတွေကို ဝယ်လာတဲ့အထုတ်လိုက်အတိုင်း ပစ်ထားရင်တော့ ကြာရှည်ခံမှာမဟုတ်ပါဘူးနော်။ အေးမြ ခြောက်သွေ့ ပြီး အလင်းရောင်တိုက်ရိုက် မထိနိုင်တဲ့ နေရာတွေက အာလူးတွေထားဖို့ အသင့်တော်ဆုံးပါပဲ။ နေရာအကျယ်ကြီးမလိုဘဲ သိမ်းဆည်းချင်ရင်တော့ အာလူးကို ပိုက်ကွန်အိတ်ထဲထည့်ပြီး အေးမြပြီး အလင်းရောင်မရှိတဲ့နေရာမှာ သိမ်းဆည်းနိုင် ပါတယ်။

အာလူးနဲ့ ကြက်သွန်လို့ အတွဲလိုက်ပြောတတ်ကြပေမယ့် ဒီနှစ်ခုကို အတွဲလိုက်တော့ မသိမ်းဆည်းသင့်ပါဘူးနော် ။ ကြက်သွန်နီမှာ Ethylene လို့ခေါ်တဲ့ ဟိုက်ဒရိုကာဗွန်ဓာတ် ပါဝင်မှု ပမာဏများတာကြောင့် အာလူးတွေကို လျှင်မြန်စွာ ပုပ်သိုးဆွေးမြည့်စေလို့ပဲ ဖြစ်ပါတယ်။ 

(ခ) ဒါဆို ကြက်သွန်နီကို ဘယ်နားမှာသိမ်းရမလဲ- ကြက်သွန်တစ်ခြမ်းပုပ်တွေဖြစ်မနေစေဖို့ လျှို့ဝှက်ချက် ကတော့ ကြက်သွန်နီဝယ်တဲ့ အခါမှာ အခွံကျွတ်တွေသေချာ သန့်စင်ထားတဲ့ ပြောင်ချောချော အလုံးလှလှလေး တွေကို ရွေးဝယ်ဖို့ပါပဲ။ ကြက်သွန်နီကိုလဲ အေးမြခြောက်သွေ့ပြီး နေရောင်တိုက်ရိုက် မကျတဲ့နေရာမှာ ဖြန့်ခင်း သိမ်းဆည်းထားနိုင်ပါတယ်။ ဒါမှမဟုတ် အာလူးလိုပဲ ပိုက်ကွန်အိတ်လေးထဲထည့်ပြီး သိမ်းဆည်းနိုင်ပါသေး တယ်။

အခွံခွာပြီးသားကြက်သွန်နီတွေကို ရေခဲသေတ္တာထဲမှာ သိမ်းဆည်းမယ်ဆိုရင်တော့ ရေခဲသေတ္တာကို အနံ့မစွဲအောင် ဘူးလေးနဲ့သေချာထည့်ပြီး ဖုံးအုပ်သိမ်းဆည်းသင့်ပါတယ်။ အလားတူပဲ ပြုတ်ပြီးသားအာလူးတွေဆိုရင် ရေခဲ သေတ္တာထဲ ထည့်သိမ်းမှ ကြာရှည်ခံမှာပါ။ 

(ဂ) ပဲနဲ့ အစေ့အဆန်တွေ ပိုးမထိုးအောင် ဘယ်လိုသိမ်းဆည်းမလဲ?- “အိမ်မှာပဲ ပဲနီ၊ ပဲဝါတွေ ဝယ် ထားတာကြာလို့ လွင့်ပစ်လိုက်ရတာ ခဏခဏပဲ” ဆိုတာမျိုး အိမ်ရှင်မတို့ကြုံဖူးကြမှာပါ။ ဒီလိုမဖြစ်ရလေအောင် အခြေခံသတိပြုစရာအချက်က ပဲတွေကို ဝယ်လာပြီးရင် သေချာခြောက်သွေ့အောင်နေလှမ်းဖို့ပါပဲ။ ခြောက်သွေ့ နေတဲ့ ပဲတွေကို လေလုံတဲ့ ဘူးတွေနဲ့ထည့်ထားမယ်ဆိုရင် ပိုးထိုးတဲ့ပြဿနာက ကင်းဝေးပြီး တာရှည်လည်း ခံတာမို့ အလေအလွင့်မရှိ အသုံးပြုနိုင်ပြီပေါ့။ ဒီနည်းလမ်းကို ပဲတွေသာမက သီဟိုဠ်စေ့၊ နေကြာစေ့တို့လို အစေ့အဆန်တွေ အတွက်လည်း အသုံးပြုနိုင်ပါတယ်။ 

(၂) ရေခဲသေတ္တာထဲ ထည့်ဖို့မလိုတဲ့ အသီးများ

(က) ချဥ်ပြုံးပြုံးအသီးတွေ အရည်မခမ်းအောင်-” ရှောက်သီး ၊ သံပုရာသီးတွေ ရေခဲသေတ္တာထဲ ထည့်သိမ်းထားတာ ခြောက်ပြီး အရည်တွေခမ်းကုန်တယ် “ဒီပြဿနာမျိုးကို လူတိုင်းကြုံဖူးကြမှာပါ။ သံပုရာသီးကို ကြာရှည်အရည် ရွှမ်းနေအောင် သိမ်းထားနိုင်တဲ့ လျှို့ဝှက်ချက်က သန့်ရှင်းခြောက်သွေ့တဲ့ လေလုံဘူးထဲ ထည့်သိမ်းဖို့ပါပဲ။

(ခ) ခရမ်းချဥ်သီး ကြာရှည်ခံအောင်- အလားတူပဲ ခရမ်းချဉ်သီးတွေကိုလဲ တာရှည်ခံချင်ရင် အညှာစိမ်းစိမ်းပါတဲ့ ခရမ်းချဥ်သီးကိုရွေးဝယ်ပြီး လေလုံဘူးထဲ ထည့်သိမ်းလိုက်ပါ။ ရေခဲသေတ္တာမလိုဘဲ တာရှည်ခံနေမှာပါ။

(၃) ရေခဲသေတ္တာထဲ စနစ်တကျသိမ်းသင့်တဲ့ ဟင်းရွက်တွေ... 

ဟင်းရွက်တွေကို ‌ဝယ်လာတဲ့အထုတ်အတိုင်း ‌ရေခဲသေတ္တာထဲ ပစ်ထည့်ထားရင်တော့ တာရှည်ခံဖို့ ဝေလာဝေးပေါ့။ အိမ်တွေမှာ အစားများကြတဲ့ အရွက်တွေ ကို လတ်ဆတ်နေအောင် ဘယ်လိုသိမ်းရမလဲဆိုတာ အောက်မှာ ဖော်ပြထားပါတယ်။

(က) နူးညံ့တဲ့ အရွက်များကညွတ်၊ မုန်ညှင်း၊ ဆလတ်ရွက်တို့လို အရွက်တွေကို စက္ကူ(သို့) ရေစိုဝတ်လေးပတ် ပြီး ရေခဲသေတ္တာထည့်သိမ်းထားရင် လတ်ဆတ်စိမ်းစိုနေမှာပါ။ တစ်ချက်သတိပြုရမှာက အခဲကန့်ထဲတော့ ထည့် မသိမ်းသင့်ပါဘူးနော်။ ရှေးခေတ်က မြန်မာ့နည်းမြန်မာ့ဟန်အတိုင်း အရွက်တွေကို ညှိုးမသွားအောင် ရေစိုဝတ်ကလေး ပတ်ပြီး မြေအိုးထဲ ထည့်ထားတတ်ကြပါတယ်။ ‌ရေခဲသေတ္တာမလိုတဲ့ ဒီနည်းလမ်းလေးက အသုံးဝင်မှာသေချာပါတယ်။

(ခ) နေရာယူတဲ့ အရွက်ဖားဖားများ- ပြောင်းဖူး၊ မုန်လာဥနီ၊ ပဲသီး၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်တို့လို ရေခဲသေတ္တာ ထဲမှာ နေရာယူတဲ့ အသီးအရွက် တွေကိုတော့ လှီးချွတ်ပြီး တစ်ခါချက်စာပမာဏခွဲကာ လေလုံတဲ့ ပလတ်စတစ်အိတ်အထူထဲ ထည့်သိမ်းထားမယ်ဆိုရင် ကြာရှည်လည်းခံ၊ နေရာယူလည်းသက်သာလို့ လက်တွေ့အသုံးချသင့် တဲ့ နည်းလမ်းလေးပါပဲ။ 

(၄) မှည့်ဝင်းလာချိန်မှ ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ သစ်သီးများ 

လတ်ဆတ်နေတဲ့ ဟင်းသီးဟင်းရွက်တွေရဲ့ လျို့ဝှက်ချက်တချို့ အသီးတွေကတော့ မှည့်လာချိန်ကျမှ ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်ပါတယ်။ ထောပတ်သီး၊ ကီဝီသီး၊သရက်သီး၊ သခွားမွှေးသီး၊ သစ်တော်သီး၊ သင်္ဘောသီးတွေကိုတော့ မှည့်လာပြီးမှ ရေခဲသေတ္တာထဲ ထည့်သိမ်းပေးပါ။ မမှည့်လာသေးခင် ထည့်သိမ်းမိရင်တော့ ရင့်မှည့်လာဖို့ အချိန်ကြာနေတတ်ပါတယ်။

ကိုယ်ဝယ်ထားတဲ့ အသီးအနှံတွေကို မြန်မြန်ရင့်မှည့်စေချင်တယ်ဆိုရင်တော့ Ethylene လို့ခေါ်တဲ့ ဟိုက်ဒရိုကာဗွန်ဓာတ် ထွက်တဲ့ အသီးအနှံတွေနဲ့ပူးပြီးထားပေးနိုင်ပါတယ်။

ထောပတ်သီးတွေကို စက္ကူအိတ်ထဲမှာ မှည့်ပြီးသား ငှက်ပျောသီး၊ ပန်းသီးတို့နဲ့အတူထားပေးရင် အမြန်ရင့် မှည့်လာစေပါတယ်။ နာနတ်သီးကိုအမြန်မှည့်လာ‌စေချင်ရင်လည်း မှည့်ပြီးသား ပန်းသီး၊ ငှက်ပျောသီး၊ ခရမ်းချဉ်သီးတို့နဲ့ အတူ ထားပေးနိုင်ပါတယ်။

ရေခဲသေတ္တာဆိုတာ အသီးအရွက်တွေ၊ သစ်သီး၊ အသားငါး၊ မုန့်၊ ပြန်နွှေးဦးမယ့်ဟင်းတွေ အစရှိသဖြင့် အစုံအစုံထည့်လေ့ရှိတဲ့ မီးဖိုချောင်ရဲ့ မရှိမဖြစ် ပစ္စည်းတစ်ခုပါပဲ။ ဒီတော့ ချက်ပြုတ်စားသောက်တဲ့ ဟင်းလျာတိုင်း ကျန်းမာရေးနဲ့ ညီညွတ်နေဖို့ဆိုရင် ရေခဲသေတ္တာကို သန့်ရှင်းနေအောင်ထားဖို့ အလွန် အရေးကြီး ပါတယ်။ ဒါကြောင့် ရေခဲသေတ္တာ သန့်ရှင်းရေးဟာလည်း မပေါ့ဆသင့်တဲ့ အကြောင်းအရာတစ်ခုပါ။ အထက်မှာဖော်ပြခဲ့တဲ့ အတိုင်း ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို စနစ်တကျ ထားသိုသိမ်းဆည်းမယ်ဆိုရင် လတ်ဆတ်ကော့ညွတ်နေတဲ့ စိမ်းစိမ်းစိုစို အသီးအရွက်တွေစားသုံးနိုင်လို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြင် အလေအလွင့်နည်းပါးသွားမှာကြောင့် ငွေကြေးအကုန်အကျလည်း သက်သာသွားဦးမှာပါ။

“မီးဖိုချောင်ကို စမတ်ကျကျ စီမံခန့်ခွဲခြင်းဟာ ကျန်းမာပျော်ရွှင်တဲ့ လူမှုဘဝ တည်ဆောက်ရာမှာ အခြေခံလိုအပ်ချက်လို့ ပြောချင်ပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဟင်းပွဲတွေကိုစားသုံးမယ်ဆိုရင် မိသားတစ်စုလုံး ဖြတ်လတ်တက်ကြွပြီး ကျန်းမာသုခ နဲ့ ပြည့်စုံနေမှာပဲဖြစ်ပါတယ်။ ဒါကြောင့် သန့်ရှင်းတဲ့ မီးဖိုချောင်၊လတ်ဆတ်တဲ့ ဟင်းလျာတွေကနေ ကျန်းမာတဲ့ လူမှုဘဝကို အခုပဲ အစပြုလိုက်ပါ။


Share

Related Posts