ခံရဆိုးတဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ

Posted in ကျန်းမာရေး


ခေါင်းတစ်ခြမ်းကိုက်တတ်တာဟာ ပုံမှန်ခေါင်းကိုက်တာမျိုးထက် ပိုခံရခက်ပြီး နာရီပိုင်းကနေ တချို့တွေမှာ နေ့ရက်တော်တော်များများအထိ ဆက်ဖြစ်နေတတ်တာပါ။ ဒီလိုဖြစ်ပြီဆို နောက်ဆက်တွဲအာရုံကြောရောဂါတွေနဲ့ ဆက်စပ်နေနိုင်လို့ မပေါ့ဆသင့်ပါဘူး။ ဦးနှောက်အာရုံကြောတွေထဲက ဆီရိုတိုနင် Serotonin လို့ခေါ်တဲ့ ဓာတုပစ္စည်းတွေ မညီမျှတာတွေကြောင့် ခေါင်းတစ်ခြမ်းကိုက်တာမျိုးဖြစ်စေပြီး မလန်းဆန်းဘဲ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ ရာသီဥတုအပြောင်းအလဲတွေ၊ နေထိုင်မှု မှားယွင်းတာတွေ အမျိုးမျိုးကြောင့်လည်း ခေါင်းတစ်ခြမ်းကိုက်တာကို ရှောင်လွှဲလို့မရပြန်တာပါ။ ဒါကြောင့် ဒီလိုခံရခက်တဲ့ ခေါင်းကိုက်ဝေဒနာကို တတ်နိုင်သလောက် ‌ရှောင်ကြဥ်နိုင်ဖို့နဲ့ ကာကွယ်နည်းအသွယ်သွယ်ကို ဖတ်ကြည့်လိုက်ရ‌အောင်။ 

ဘာတွေက ခေါင်းကိုက်စေတာလဲ

ပုံမှန်ခေါင်းကိုက်တာထက် ခေါင်းတစ်ခြမ်းကိုက်ကိုက်နေတတ်တာဟာ အကြောင်းရင်းများစွာ ရှိတတ်ပါတယ်။ အစားအသောက်အရ ဆားနဲ့ အချိုမှုန့်များတဲ့ အစားအစာတွေ၊ ရက်လွန်နေတဲ့ အစားအ‌သောက်တွေနဲ့ အရက်ဘီယာ၊ ဝိုင်နဲ့ ကော်ဖီတွေ အလွန်အကျွံသောက်တဲ့အခါ ဒီလိုခေါင်းကိုက်ခြင်းကို ဖြစ်စေတတ်တာပါ။ နေထိုင်မှုအရလည်း အိပ်ရေးမဝတဲ့အခါ၊ စိတ်ဖိစီးမှုများတဲ့အခါနဲ့ အမျိုးသမီးတွေမှာဆို Estrogen ဟော်မုန်း မညီမျှတဲ့အခါတွေမှာလည်း ခေါင်းကိုက်စေပါတယ်။ ရာသီဥတုအပြောင်းအလဲတွေ၊ လေဖိအားပြောင်းလဲတဲ့အခါတွေမှာလည်း ဖြစ်စေတာမို့ သတိချပ်ပြီး ဒီလိုမဖြစ်ရ‌‌အောင် ကာကွယ်သင့်တာပါ။ ကိုယ့်အနေနဲ့ ခေါင်းတစ်ခြမ်းကိုက်တာမျိုးတွေ ခဏခဏဖြစ်လာပြီဆို ဘယ်လိုအခြေအနေတွေမှာ ဖြစ်တတ်လဲ မှတ်သားထားပြီး မှန်ကန်တဲ့အစားအသောက်၊ အနေအထိုင်တို့နဲ့အတူ ကြိုတငိသတိထားသင့်ပါတယ်။ ခေါင်းကိုက်တာတစ်ခုတည်းတင် မဟုတ်ဘဲ ဝမ်းချုပ်တာတွေ၊ ဆီးခဏခဏသွားချင်တာ၊ ပင်ပန်းနွမ်းနယ်တာတွေကလည်း ခေါင်းတစ်ခြမ်းကိုက်တာနဲ့ ဆက်စပ်နေတာမို့ မပေါ့သင့်ပါဘူးနော်။ 

သတိပြုသင့်တဲ့ လက္ခဏာတွေက

သိသိသာသာပဲ ခေါင်းတစ်ခြမ်းက သွေးခုန်နှုန်းမြန်မြန်နဲ့ တစ်ဒုတ်ဒုတ်ခံစားချက်ဖြစ်နေပြီဆို ခေါင်းကိုက်ဝေဒနာ အစပြုနေပါပြီ။ ဆူဆူညံညံအသံတွေနဲ့ အလင်းစူးစူးတွေကို ခံနိုင်ရည်မရှိဘဲ အမြင်အာရုံဝေဝါးတာမျိုးတွေလည်း ဖြစ်စေပါတယ်။ ဒီကနေ ပြင်းထန်လာမယ်ဆို မူးဝေအော့အန်တာတွေ ဖြစ်နိုင်တာမို့ မပေါ့သင့်ဘဲ သင့်တော်တဲ့ဆေးဝါးမှီဝဲပြီး ခေါင်းကိုက်စေတဲ့ လက္ခဏာတွေကို ဂရုပြုရမှာပါ။ အကယ်၍ အရင်ကထက် ပိုခေါင်းကိုက်တာ ပြင်းထန်လာမယ်၊ အကြိမ်ရေလည်း စိတ်လာမယ်၊ အမြင်အာရုံတွေလည်း ပိုဝေဝါးပြီး နှစ်ထပ်မြင်လာတာ၊ စကားပြောရင် ဗလုံးဗထွေးဖြစ်လာတာ၊ အဖျားကြီးတာ၊ တက်တာ၊ သတိလစ်တာတို့အထိ ဖြစ်လာတတ်လို့ ကျွမ်းကျင်ရာ ဦးနှောက်နဲ့ အာရုံကြောကု ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး မိမိနဲ့ကိုက်ညီအဆင်ပြေတဲ့ ကုသနည်းနဲ့ ရောဂါသက်သာအောင် လုပ်ဆောင်သင့်တာပါ။ 

ရောဂါသက်သာအောင် ဘယ်လိုကာကွယ်မလဲ

တော်တော်များများကတော့ ခေါင်းကိုက်လာပြီဆို ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ရတဲ့ ခေါင်းကိုက်ပျောက်ဆေးတွေနဲ့ သက်သာပျောက်ကင်းကြပေမယ့် ရေရှည်မှာတော့ ဒီလိုခေါင်းတစ်ခြမ်းကိုက်ဝေဒနာအတွက် ကုသနည်းလမ်းကောင်းတော့ မဟုတ်ပြန်ပါဘူး။ ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းရယ်၊ ရေဓာတ်ပြည့်ပြည့်ဝဝရှိမှုရယ်၊ အိပ်ချိန်လုံလောက်မှုရယ်တွေက အဓိကကျတဲ့ လိုအပ်ချက်တွေဖြစ်ပြီး တစ်နေ့တာမှာ ဒါတွေ သင့်တော်မျှတမှုရှိမယ်ဆို ခေါင်းကိုက်ခြင်း‌ဝေဒနာကို အတတ်နိုင်ဆုံးလျော့ချကာကွယ်နိုင်မှာပါ။ စိတ်ဖိစီးမှုကို ‌ထိန်းချုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေ‌ဖြစ်တဲ့ ယောဂကျင့်တာ၊ တရားထိုင်တာတွေကလည်း ခေါင်းကိုက်စေတဲ့ အကြိမ်ရေကိုလျော့ချနိုင်ပြီး ခေါင်းကိုက်လာခဲ့ရင်တောင် အရင်ကလောက် မပြင်းထန်စေဖို့ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

လူတိုင်းနီးပါး ကြုံနေရတဲ့ ဒီလိုခေါင်းတစ်ခြမ်းကိုက်တာဟာ စိတ်မကြည်လင်မှုကို ဖြစ်စေပြီး ခံရခက်တဲ့အပြင် အကြောင်းအမျိုးမျိုးကြောင့်လည်း ရာသီမရွေးဖြစ်တတ်ပါသေးတယ်။ ဒီလိုခေါင်းကိုက်တာကြောင့် တစ်နေ့တာလုပ်ငန်းဆောင်တာတွေနဲ့ စိတ်ကြည်လင်ကျန်းမာမှုကို အနှောင့်အယှက်မဖြစ်ဖို့ အပေါ်မှာပြောပြထားတဲ့အချက်လေးတွေ လုပ်ဆောင်ရင်း ခေါင်းတစ်ခြမ်းကိုက်ခြင်း ဝေဒနာကို ကျော်လွှားနိုင်ကြဖို့ မျှော်လင့်ပါတယ်နော်။


Share

Comments

Related Posts